ကိုဗစ် – ၁၉ ကို ကာကွယ်တိုက်ဖျက်နေစဉ်အတွင်း တရုတ်ပြည်မှ ၁၈,၀၀၀ ခန့်ရှိ ရွှေ့ပြောင်းလုပ်သားများ ကချင်ပြည်နယ်မှတဆင့် နေရပ်ပြန်လာကြစဉ် လူအစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုကို စီမံထိန်းသိမ်းရန် စေတနာ့ဝန်ထမ်းများက ရှေ့တန်းမှပါဝင်ဆောင်ရွက်ပေးနေကြသည်။
Jaw Tu Hkawng ၊ Naw Awng ၊ Emily Fishbein ရေးသားသည်။
ဂျာလွန်း တစ်ယောက် သူ့သားနှင့်ချွေးမ တရုတ်ပြည် ယူနယ်ပြည်နယ်မှ ပြန်လာမည်ဆိုတာသိရတော့ ဝမ်းသာသလို စိုးရိမ်စိတ်တွေလည်း ရှိနေခဲ့သည်။
“သူတို့ပြန်လာရင် သူတို့မှာပိုးများ (ကိုဗစ် -၁၉) ရှိနေမလား မသိနိုင်ဘူး” ဟု ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင်နေထိုင်သော ဂျာလွန်းကပြောသည်။
“နိုင်ငံခြားကပြန်လာကြသူတွေမှာ ပိုးတွေ့နေကြတယ်လို့ ကြားနေရတယ်လေ”
ယူနန် စစ်ဆောင်ပန်နာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနယ် Xishuangbanna Dai က ကြံစိုက်ခင်း တစ်ခုတွင် အလုပ်လုပ်နေကြသော ဂျာလွန်း၏သားနှင့်ချွေးမသည် လာမည့် ရက်သတ္တပတ်အတွင်း ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မှနယ်စပ်ဖြတ်ပြီး ပြန်လာရန် စောင့်မျှော်နေကြသော ရွှေ့ပြောင်းလုပ်သား ၁၈,၀၀၀ ခန့်ထဲမှဖြစ်သည်။
အလုပ်သမားများသည် တစ်ရက်လျှင် လူ ၂၀၀ နှုန်းဖြင့် လွယ်ဂျယ်မှတဆင့် ပြန်လာကြလိမ့်မည်ဟု ဧပြီ ၁၅ ရက်တွင် ဖေ့စ်ဘွတ်ခ်၌ သတင်းများ စတင်ပျံ့နှံ့လာခဲ့သည်။ နောက်ရက်ပိုင်းမှစ၍ ပြန်လာမည့်အကြောင်း တရားဝင်ကြေညာချက်ကိုမူ Frontier က မတွေ့ရှိခဲ့ပေ။
တရုတ်အစိုးရက အလုပ်သမားများကို ပြန်ပို့မည်ဟု မြန်မာအစိုးရ တာဝန်ရှိသူများပြောသည်ကို ဧရာဝတီနှင့် မြန်မာတိုင်းမ်တို့က ကိုးကားဖော်ပြထားသည်။
သို့ရာတွင် လွယ်ဂျယ် ကိုဗစ် -၁၉ ကာကွယ်ရေးအဖွဲ့မှ ဦးဆောင်သူ အမည်မဖော်လိုသော ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၃ တွင် ပြည်တော်ပြန်များက ယူနန်ကြံစိုက်ခင်းများမှ ရာသီအလိုက် အလုပ်သမားများဖြစ်ကြောင်း၊ ဒီဇင်ဘာမှ ဧပြီ၊ မေလခန့်ထိ အလုပ်လုပ်ကြပြီး မြန်မာပြည်သို့ ပြန်လာနေကျဖြစ်ကြောင်း Frontier ကိုပြောသည်။
“ဒီအချိန်က ကြံစိုက်အလုပ်သမားတွေ ပြန်လာနေကျအချိန်ပဲ။ သူတို့အလုပ်တွေပြီးလို့ ပြန်လာကြတာပါ”
ခုချိန်ထိ လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ လူ ၂,၀၀၀ ခန့် ဝင်လာပြီးပြီဟု သူကခန့်မှန်းပြီး ပြည်တော်ပြန်အများစုက ကချင်ပြည်နယ် မိုးမောက်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားတို့အပြင် စစ်ကိုင်းတိုင်းမှ အများအပြားနှင့် မန္တလေး၊ မကွေးတို့မှ အနည်းငယ်ပါဝင်သည်ဟုဆိုသည်။
မြစ်ကြီးနား သူနာပြုသင်တန်းကျောင်းတွင် စောင့်ကြည့်ကာလနှင့်နေထိုင်သော ဂျာလွန်း၏ချွေးမဖြစ်သူ ဒါနော်ကို Frontier က ဖုန်းနှင့်မေးမြန်းရာ သူက ဒီဇင်ဘာတုန်းက တရုတ်ကိုသွားခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်ပြန်မလာခင်မှာ အလုပ်များပြီးသွားခြင်းဖြစ်ကာ “ကျွန်မတို့ကို ဘယ်သူကမှ ပြန်ခိုင်းတာမဟုတ်ဘူး။ ကျွန်မတို့ဘာသာ ပြန်ဖို့ဆုံးဖြတ်ခဲ့တာ” ဟုဖြေဆိုသည်။
ထိုနေရာမှာပင် စောင့်ကြည့်ကာလနှင့်နေထိုင်သော ကိုစိုးဝင်းစိုင်း က Frontier ကို သူက ဒီဇင်ဘာထဲက ကြံစိုက်ခင်းများမှာ လုပ်ကိုင်နေခြင်းဖြစ်ပြီး သူနှင့်အတူ ယင်းစိုက်ခင်းမှ အခြားအလုပ်သမားများမှာ ယခုလအစောပိုင်းထဲက အလုပ်များရပ်နားခြင်းဖြစ်ကြောင်းဆိုသည်။
“ဘယ်သူမှပြန်ခိုင်းတာ မဟုတ်ဘူး။ ကပ်ရောဂါ ပိုဆိုးလာမှာလည်း စိုးတယ်လေ။ ဘာဖြစ်မယ်မှန်းလည်း မသိဘူး “
မြစ်ကြီးနားရှိ ပြည်တော်ပြန်များထားသည့် ယာယီစခန်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက အရေအတွက်နည်းသည့်တိုင် ယူနန်အပြင် တရုတ်ပြည်အခြားနေရာတို့မှပြန်လာသော အလုပ်သမားအချို့ကိုလည်း တွေ့ရကြောင်းဆိုသည်။
လွယ်ဂျယ် ကိုဗစ် -၁၉ ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြည်တော်ပြန်များနှင့်ပတ်သက်ပြီး တရုတ်အစိုးရနှင့် အဆက်အသွယ်လည်း မရှိခဲ့ကြောင်း၊ နယ်စပ်ကို အလုပ်သမားများပြန်ပို့ဖို့ တရုတ်အစိုးရက စီစဉ်ထား မထားလည်း မသိခဲ့ကြောင်းဆိုသည်။
စေတနာ့ဝန်ထမ်းများက ကွက်လပ်ဖြည့်ပေးခြင်း
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနလမ်းညွှန်ချက်အရ ပြည်ပမှပြန်လာသူများသည် ယာယီစခန်းများတွင် စောင့်ကြည့်ကာလ ၂၁ ရက် နေရမည်ဖြစ်ပြီး မိမိအိမ်တွင် ၇ ရက်ဆက်လက်၍ သီးခြားနေထိုင်ရမည်ဖြစ်သည်။
ပြန်လာကြသူများပြားခြင်းနှင့် ၎င်းတို့ပြန်လာမည့်ထုတ်ပြန်ချက် မရှိခြင်းကြောင့် အစိုးရနှင့်လူထုသည် ပြင်ဆင်ရန် ကသုတ်ကရက် ဆောင်ရွက်ခဲ့ရသည်။
နယ်စပ်မှဝင်လာပြီးနောက် ပြည်တော်ပြန်များသည် အပူချိန်စစ်ဆေးခံရပြီး ခရီးသွားရာဇဝင် မေးမြန်းခံရသည်။
အခြားပြည်နယ်နှင့် တိုင်းများမှ ပြည်တော်ပြန်များသည် နေရပ်မပြန်ခင် လွယ်ဂျယ်အထက်တန်းကျောင်းတွင် ၂၁ ရက် စောင့်ကြည့်ကာလနှင့်နေရမည်ဖြစ်ပြီး ကချင်ပြည်နယ်မှ လူများစုကိုမူ မြစ်ကြီးနားနှင့် ဗန်းမော်ရှိ ယာယီစခန်း ၂ ခုအနက်မှ တစ်ခုကို ပို့ဆောင်သည်။
ယာယီစခန်းများတွင် ၎င်းတို့၏မြို့ရွာနှင့် အနီးဆုံး စောင့်ကြည့်စင်တာသို့မပို့ခင် အပူချိန် ထပ်စစ်ခံရသည်။ အချို့က နေရပ်ဌာနေ အနီးအဝေးပေါ်မူတည်၍ ယာယီစခန်းတွင် တစ်ညတာ နေထိုင်ရမည်ဖြစ်သည်။
ကချင်ပြည်နယ် ကိုဗစ် – ၁၉ ကန့်သတ်ထိန်းချုပ်မှုနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ကြီးကြပ်ကွပ်ကဲသော ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်နိုင်က စေတနာ့ဝန်ထမ်းအဖွဲ့များနှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် ပြည်တော်ပြန်များကို ထိန်းချုပ်ကိုင်တွယ်ရာ၌ အခက်အခဲမရှိခဲ့ကြောင်းဆိုပါသည်။
လက်ရှိမှာ အခြေအနေကောင်းပါတယ်၊ စိုးရိမ်ပူပန်စရာ မရှိပါဘူး။ အတူတကွလုပ်ဆောင်ကြပြီး စည်းကမ်းတွေ လိုက်နာကြမယ်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေကိုလည်း တိတိကျကျလိုက်နာပြီး အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရင် ကျွန်တော်တို့ ဗိုင်းရပ်စ်ကိုတွန်းလှန်ကာကွယ်ရာမှာ အောင်မြင်မှုရမှာပါ” ဟု ၎င်းကပြောသည်။
သို့သော်ငြားလည်း အစိုးရတွင် ရန်ပုံငွေမလုံလောက်ဘဲ ဘေးကျပ်နံကျပ်ဖြစ်နေရသောကြောင့် ရပ်ရွာလူထုသည် ကိုယ်နိုင်သလောက် ဝန်ကိုထမ်းနေကြရပြီး တခါတရံ အန္တရာယ်ကိုပင် လွယ်ပိုးထားရသည်။
စောင့်ကြည့်ရေးစင်တာများတွင် နေစရာအခမဲ့ဖြစ်သော်လည်း အခြားထောက်ပံ့ပေးနိုင်မှုတော့ နည်းပါသည်။
ကုန်ကျစရိတ်များက နယ်စပ်မှာပင် စတင်၍ရှိနေသည်။ နေရပ်ပြန်များအတွက် အစိုးရက သယ်ယူပို့ဆောင်ရေးကို စီစဉ်ပေးထားသော်လည်း စရိတ်ကျခံရမည်ဟု ဦးတင်နိုင်က ပြောသည်။
ပြည်တော်ပြန် ကိုစိုးဝင်းစိုင်းကပြောသည်မှာ လွယ်ဂျယ်မှ မြစ်ကြီးနားသို့ ဗင်ကားဖြင့် ၃ နာရီခရီးကို ၂၅၀၀၀ ပေးရသည် ဟုဆိုသည်။
ရပ်ရွာလူထုက စောင့်ကြည့်ကာလဝင်ရောက်သူတို့ကို လှူဒါန်းကျွေးမွေးကြသည်။ ဂျာလောင်ကတော့ မြစ်ကြီးနား သူနာပြုသင်တန်းကျောင်းမှ သူ၏ချွေးမကို နေ့တိုင်း စားသောက်ဖို့သွားပို့ပေးရပြီး သူ့သားရှိရာ မြစ်ကြီးနားပညာရေးကောလိပ် စောင့်ကြည့်စင်တာ ကိုတော့ ဒေသခံအလှူရှင်တစ်ဦးမှ စားသောက်ဖွယ် လှူဒါန်းသည်ဟုဆိုသည်။
ကပ်ရောဂါအန္တရာယ်ကို လျှော့ချနိုင်ရန် ကူညီဆောင်ရွက်နေသော ဒေသခံအဖွဲ့တစ်ဖွဲ့ကတော့ ကချင်ပြည်နယ် ကိုဗစ် – ၁၉ ကာကွယ်တားဆီးရေးကွန်ရက်ဖြစ်သည်။
လူငယ်စေတနာ့ဝန်ထမ်း ၄၀ လောက်ရှိသည့်အဖွဲ့သည် ပိုးသတ်ဆေးဖြန်းခြင်း၊ လက်ဆေးစင်များထားရှိခြင်း၊ နှာခေါင်းစည်းနှင့် ရောဂါကာကွယ်သန့်ရှင်းရေးပစ္စည်းများ လှူဒါန်းခြင်းတို့ကို ဧပြီလအစောပိုင်းထဲက ဆောင်ရွက်နေခဲ့သည်။
အဖွဲ့သည် ဤလုပ်ဆောင်ချက်များကို စစ်ရှောင်စခန်းများနှင့် မြစ်ကြီးနားရှိ အခြားနေရာများတွင်လည်း လုပ်ဆောင်နေကြသည်။ သည့်ပြင် ပြည်တော်ပြန်များ၏ မြစ်ကြီးနား ယာယီစခန်းတွင် ပိုးသတ်ဆေးဖြန်းခြင်းနှင့် စာရင်းကောက်ယူရာတွင် လွယ်ကူချောမွေ့အောင် ကူညီဆောင်ရွက်ပေးခြင်းတို့တွင် အဓိကနေရာမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ယင်းအဖွဲ့သည် မူလက လုပ်ဆောင်ချက်များကို တစ်ဦးတစ်ယောက်ချင်းစီမှ ချေးငွေများဖြင့် ဆောင်ရွက်ခဲ့ရသော်လည်း ယခုအခါ ပြည်သူလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ အလှူငွေများ လက်ခံရရှိနေပြီဖြစ်သည်။ နိုင်ငံတကာအလှူရှင်တွေကိုလည်း ရှာဖွေနေပါတယ် ဟု ပြောဆိုခွင့်ရှိသူ လာရှာပေါလူကပြောပါသည်။
ကျန်းမာရေးဝန်ကြီးဋ္ဌာနက စေတနာ့ဝန်ထမ်းများကို ရပ်ရွာလူထုဗိုင်းရပ်စ်ကာကွယ်ရေးအတွက် သင်တန်းတိုများကို ပို့ချပေးပြီး အဖွဲ့ကဌာနနှင့်အတူ အရေးပေါ်တုံ့ပြန်မှုများကို ပူးပေါင်းလုပ်ဆောင်လျက်ရှိသည် ဟု ၎င်းကပြောသည်။
“အစိုးရက လူတိုင်းကျန်းမာဖို့၊ ဘေးကင်းဖို့အတွက် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်” ဟု ကိုပေါလူက Frontier ကိုပြောသည်။
“အစိုးရကလည်း လုပ်နိုင်တာတွေ လုပ်နေတာပဲ။ ဒါပေမဲ့ ပြည့်စုံမှုမရှိနိုင်တာတွေကို ကျွန်တော်တို့ သတိထားမိတယ်။ ဒါကြောင့် လိုအပ်နေတဲ့ကွက်လပ်တွေကို ဖြည့်ပေးတာပါ”
“စောင့်ကြည့်ကာလမှာ ပြည်တော်ပြန်တွေကို အစားအစာနဲ့ အခြေခံလိုအပ်ချက်တွေ ထောက်ပံ့ပေးဖို့ အစိုးရကို အကြံပြုချင်ပါတယ်” ဟုဆိုသည်။
ကိုပေါလူက အလုပ်သမားများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်တော်ပြန်များတို့၏ ကျန်းမာရေးအတွက်သာမက ရပ်ရွာလူထုအတွက်လည်း စိုးရိမ်ပူပန်နေသည်။
ပြည်တော်ပြန်တို့ကို ပို့ဆောင်ပေးရသူများကလည်း လူအင်အားမရှိခြင်းကြောင့် ဆက်တိုက်ပို့ပေးနေရပြီး မြစ်ကြီးနား ယာယီစခန်းအဖြစ် ဆောင်ရွက်ထားသော ကုန်လှောင်ရုံများကလည်း စီတာပူရပ်ကွက်၏ လူနေဧရိယာအတွင်းမှာ ဖြစ်နေကြောင်း၎င်းကပြောပါသည်။
ပြည်တော်ပြန်တို့ကို လွယ်ဂျယ်မှာ စားစရာ မပေး၍ မြစ်ကြီးနားသွားသည့်လမ်းမှာ စားစရာဝယ်ဖို့ ရပ်ရင်ရပ်၊ မဟုတ်ရင် ယာယီစခန်းကို ဗိုက်ဆာဆာနှင့်သာ ရောက်သွားရသည်ဟု ၎င်းကဆက်ပြောသည်။
တရုတ်နိုင်ငံမှပြန်လာကြသည့် ရွှေ့ပြောင်းလုပ်သားများအား နေရင်းဒေသရှိစောင်ကြည့်ရေးစင်တာများသို့မပို့မီ ဧပြီ ၁၆ ရက်ညက မြစ်ကြီးနားယာယီစခန်း၌ တွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လီ
“လူတိုင်းကိုယ်စီ အကောင်းဆုံးလုပ်ဆောင်သည်”
ဧပြီ ၂၃ ရက် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တဝှမ်းလုံးရှိ စောင့်ကြည့်စင်တာပေါင်း ၄၂၈ ခုတွင် စောင့်ကြည့်ခံဦးရေ ၅,၄၈၃ ဦးရှိသည်။
အရေအတွက်သည် ရွှေ့ပြောင်းလုပ်သားများနှင့် ကျန်းမာရေးအရ စောင့်ကြည့်ခံရသူများ ပါဝင်သည်။ ဧပြီ ၂၁ က မြစ်ကြီးနားသတင်းဂျာနယ်မှ ထုတ်ပြန်ချက်တွင် စောင့်ကြည့်ကာလဖြင့်နေထိုင်နေသူ အများစုသည် မိုးမောက်နှင့် မိုးညှင်းမြို့နယ်များမှဖြစ်ကြောင်းဆိုသည်။
စောင့်ကြည့်စင်တာများကို ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ တက္ကသိုလ်များတွင် ထားရှိပြီး ရပ်ကွက်တခုချင်း၊ သို့မဟုတ် ကျေးရွာအုပ်စုလိုက် လုပ်ဆောင်သည်။
လုပ်ထုံးလုပ်နည်းအရ ကိုဗစ် – ၁၉ လက္ခဏာတွေ့ရှိရသည့်လူကို အစိုးရဆေးရုံသို့ ခေါ်ဆောင်သွားပြီး သံသယလူနာအဖြစ်သတ်မှတ်ကာ ဗိုင်းရပ်ရှိမရှိ စစ်ဆေးမည်ဖြစ်သည်။
ဧပြီ ၂၃ ရက် ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်၌ သံသယလူနာ ၁၈ ဦးရှိပြီး အတည်ပြုလူနာ မတွေ့ရှိရသေးဟု ဖော်ပြပါသည်။
လက်ရှိတွင် ကိုဗစ် – ၁၉ စစ်ဆေးရန် နမူနာများကို ရန်ကုန်ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန NHL သို့ ပို့ဆောင်ဓာတ်ခွဲရသည်။
ယာယီစခန်းများနှင့် ရပ်ကွက်၊ ကျေးရွာ စောင့်ကြည်စင်တာများတွင် အစိုးရကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများက လှူဒါန်းသောပစ္စည်းများဖြင့် ပေါင်းစပ်လုပ်ဆောင်လျက်ရှိသည်။
အစိုးရနှင့် ပြည်သူတို့ အထောက်အပံ့ပေးမှုအချိုးမှာ ယင်းစောင့်ကြည့်နေရာများမှ အခြေအနေများလိုပင် တနေရာနှင့်တနေရာ မတူညီပေ။
ကပ်ရောဂါမဖြစ်ခင်ကတည်းက မိုးညှင်းမြို့နယ် နန်းမားရွာတွင်ရှိနေသော အစိုးရဆရာဝန် ဒေါက်တာ ဝေမင်းကျော်သည် ကျေးရွာအထက်တန်းကျောင်းရှိ စောင့်ကြည့်စင်တာတွင် တာဝန်ယူကြီးကြပ်နေသူဖြစ်သည်။
ကျောင်းတွင် ပြည်တော်ပြန် ၆ ဦးရှိပြီး စာသင်ခန်းတစ်ခန်းတွင် နှစ်ယောက်ထားရှိသည်။ ဒေါက်တာဝေမင်းကျော်သည် မန္တလေးမှဖြစ်ပြီး ပြည်တော်ပြန်များကို အစိုးရဆေးရုံကနေ ကုတင်တစ်လုံး၊ အခန်းများ၌ ဆပ်ပြာနှင့်လက်ဆေးစင်တစ်ခု၊ သောက်ရေနှင့် ၂၄ နာရီလျှပ်စစ်မီးပေးထားသည်ဟု ပြောပြသည်။
မိုးညှင်းမြို့နယ် ဟိုပင်ဒေသတွင် ဧပြီ ၂၁ ရက်မှစ၍ ပြည်တော်ပြန် ၆၀ ကို စောင့်ကြည့်နေရာနှစ်ခု၌ နေရာချထားပေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုရဲလ က “စောင့်ကြည့်ရေးလုပ်ငန်းတွေ ချောချောမွေ့မွေ့ဖြစ်နေပါတယ်။ ပြဿနာမရှိပါဘူး” ဟုဆိုသည်။
“ကျွန်တော်တို့မှာ ဘာမှပူပန်စရာမရှိပါဘူး” ဟု သူကပြောသည်။
ဒေသခံတို့က စောင့်ကြည့်စင်တာများ ကြိုတင်ပြင်ဆင်ရာမှာ အဓိက ပံ့ပိုးကူညီပေးကြကြောင်း၊ နှာခေါင်းစည်းများ၊ လက်ဆေးရည်၊ ဆပ်ပြာ၊ အစားအစာများ ကူညီထောက်ပံ့ပေးကြကြောင်း ကိုရဲလက ပြောသည်။
ထိုသို့ အများအပြား ကူညီလှူဒါန်းနေကြသည်မှာ ကိုရဲလအတွက်တော့ မထူးဆန်းပေ။
“တစ်ဦးနဲ့တစ်ဦး ရက်ရက်ရောရော ပေးကမ်းကူညီတတ်တာ မြန်မာလူမျိုးတွေရဲ့ ဓလေ့စရိုက်ပဲလေ။ လူတိုင်းကလည်း ပြည်တော်ပြန်တွေကိုကူညီဖို့ အကောင်းဆုံးလုပ်ဆောင်နေကြတာပဲ။ ကျွန်တော်တို့နိုင်ငံက ဆင်းရဲပါတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ သိပ်ကို ရိုင်းပင်းကူညီတတ်တဲ့ စိတ်ထားရှိကြတယ်” ဟုသူကဆိုပါသည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
ခေါင်းစီးဓာတ်ပုံ – ဧပြီ ၁၆ ရက်ညက မြစ်ကြီးနားယာယီစခန်း၌ တရုတ်နိုင်ငံမှပြန်လာသူများ၏ အထုပ်အပိုးများကိုတွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လီ