ဟိန်းကိုစိုး
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဒေသခံများအား ကယ်တင်ရေး ဆန္ဒထုတ်ဖော်မှုကို ဦးဆောင် လှုပ်ရှားရာတွင် ပါဝင်ခဲ့သည့် တက်ကြွလှုပ်ရှားသူ ကချင်လူငယ်နှစ်ဦးကို မြစ်ကြီးနားရဲစခန်းက အမှုဖွင့်လှစ်တော့မည်ဟု သိရသည်။
ကိုလွမ်းဇောင်းနှင့် မဆွတ်ဆိုင်းထွယ်တို့နှစ်ဦးအား ရဲစခန်းသို့ လာရောက်ရန် ယနေ့နံနက် ၈ နာရီတွင် ခေါ်ယူခဲ့ပြီး ၎င်းတို့အား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှု ဖွင့်သွားမည်ဟု ပြောကြားခဲ့ကြောင်း ကိုလွမ်းဇောင်းက Frontier ကို ပြောကြားသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလက စတင်ကာ တပ်မတော်နှင့် ကေအိုင်အေတို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဒေသခံ ၂,၀၀၀ ခန့်အား ကယ်တင်ပေးရန် အစိုးရကို တိုက်တွန်းသည့်အနေဖြင့် ဆန္ဒဖော်ထုတ်သည့်အစီအစဉ်ကို ကချင်လူငယ်များက မြစ်ကြီးနားမြို့တွင် ဧပြီ ၃၀ ရက်နေ့ ညနေပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်။
ကချင်လူငယ်ထု သပိတ်စခန်း ဦးဆောင်ကော်မတီက လူအင်အား ၁၀၀ ကျော်ဖြင့် သပိတ်စခန်း ဖွင့်လှစ်ခဲ့ပြီး ခရစ်ယာန်ဘာသာအရ ဆုတောင်းမှုများ ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခြင်းများလည်း ရှိခဲ့သည်။
သပိတ်စခန်းမဖွင့်လှစ်မီ ဧပြီ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း ဘာသာရေးခေါင်းဆောင်များ၊ ကချင်ပါတီခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံ စုစုပေါင်း ၅,၀၀၀ ခန့်စုဝေးကာ မြို့တွင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တိုက်ပွဲများကြားတွင် ပိတ်မိနေသည့် ဒေသခံများမှာ စားနပ်ရိက္ခာနှင့် အခြားအကူအညီများ မရရှိပဲ တောတွင်း၌ ရက်သတ္တပတ်ပေါင်းများစွာ နေထိုင်နေကြရသည်။ မြစ်ကြီးနားသတင်းဂျာနယ်၏ အဆိုအရ မေ ၈ ရက်နေ့တွင် လူ ၂၀၀ ခန့် လွတ်မြောက်လာခဲ့သည်ဟု သိရသည်။ ပိတ်မိနေသူများအား ကယ်တင်ရေးမှာ တပ်မတော်က တားဆီးပိတ်ပင်မှုများကြောင့် အစောပိုင်းတွင် နှောင့်နှေးခဲ့ရသေးသည်။
ကချင်ပြည်နယ်တွင် ပိတ်မိနေသည့် နေရပ်စွန့်ခွာထွက်ပြေးသူများအား ကယ်တင်ပေးရေးအတွက် ရန်ကုန်နှင့် မန္တလေးတွင် တောင်းဆို ဆန္ဒပြခဲ့ကြသူများကိုလည်း သက်ဆိုင်ရာတရားရုံးများက ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားမှုများလည်း ရှိနေသည်။