မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သော ကချင်ပြည်နယ်နေ့ မနောပွဲတော်ကို အမည်ပေးမည့်ကိစ္စဆိုင်ရာ အငြင်းပွားမှုက မျိုးနွယ်စုမျိုးစုံပါဝင်သော ကချင်လူ့အဖွဲ့အစည်းအတွင်း အက်ကြောင်းများထစေခဲ့သည်။
အမ်မလီ ဖစ်ရှ်ဘိန်း ရေးသားသည်။
ကလေးဘဝတုန်းကတော့ ‘ခမ်း’ တစ်ယောက် ဇန်နဝါရီလ ၁၀ ရက်နေ့ မြစ်ကြီးနားမှာ ကျင်းပမည့် ကချင်ပြည်နယ်နေ့နှင့် မနောပွဲကို စိတ်ကူးဖြင့်တွေး၍ ပျော်နေမြဲဖြစ်သည်။ ဒီနှစ်မှာတော့ ကလေးတုန်းက ယင်းခံစားမှု ပျောက်ကွယ်သွားခဲ့ရပြီဟု ယခုအခါ အသက် ၂၆ နှစ်ရှိပြီဖြစ်သော ‘ခမ်း’က ပြောပါသည်။
“ကချင်ပြည်နယ်နေ့ဟာ ရုပ်ပြသက်သက်ပဲလို့ ခံစားရတယ်။ ဒီပွဲက ကျွန်မတို့နှလုံးသားထဲက လာတာမဟုတ်တော့ဘူး၊ ကျွန်မတို့ကချင်တွေဟာ ညီညွတ်မှု မရှိကြဘူး၊ ကျွန်မတို့ကြားမှာ တစ်ဦးနဲ့တစ်ဦး မတူဘူးဆိုတဲ့အမြင်တွေ ရှိနေကြတယ်” ဟု ရဝမ်မျိုးနွယ်စုဝင်ဖြစ်သော‘ခမ်း’က ပြောပါသည်။
ဒီနှစ် ဇန်နဝါရီလ ၅ – ၁၂ ရက်အထိ ကျင်းပသော ကချင်ပြည်နယ်နေ့သည် ကချင်ပြည်နယ်သားတို့ကိုယ်တိုင် စီစဉ်ကျင်းပသည့် ပထမဆုံးကချင်ပြည်နယ်နေ့ဖြစ်သည်။ ၂၀၁၁ ခုတွင် ကေအိုင်အေနှင့် တပ်မတော်အကြား တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ချိန်မှစ၍ ကချင်ပြည်နယ်နေ့ကို အစိုးရကသာ ကြီးမှူးကျင်းပလာခဲ့သည်။ မြစ်ကြီးနားမြို့ ကချင်တိုင်းရင်းသား မနောကွင်းထဲတွင် စိုက်ထူထားသော မနောတိုင်ကြီး ခြောက်တိုင်ကို လှည့်ပတ်၍ ရိုးရာအကများ ကကြသောပွဲကို “မနောပွဲ” ဟုသာ ခေါ်ကြသည်။
ယခုနှစ်ကချင်ပြည်နယ်နေ့ ကျင်းပရေးတွင် စိတ်ဝမ်းကွဲပြားမှုများကြောင့် ပွဲတော်ကိုပင် ဖျက်သိမ်းရလုဖြစ်ခဲ့ပြီး နောက်ဆုံးအချိန်ကျမှ ကျင်းပရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ရာ ကချင်အများစု၏စိတ်တွင် မရွှင်မလန်း ဖြစ်ခဲ့ကြရသည်။
ကချင်ပြည်နယ်နေ့ကို ကချင်အများသုံး‘ဂျိန်းဖော’ ဘာသာစကားဖြင့် မည်သို့ခေါ်ဆိုကြမည်နှင့်ပတ်သက်၍ မျိုးနွယ်စုများစွာပါဝင်သော ကချင်အသိုက်အဝန်းအတွင်း သဘောထားကွဲပြားကာ အငြင်းအခုံဖြစ်ကြရာမှ ကချင်ကို ဘယ်သူက အဓိပ္ပာယ်ဖွင့်ဆိုမှာလဲဆိုသည်အထိ ငြင်းခုံပွဲကြီးမှာ ကျယ်ပြန့်သွားခဲ့သည်။
ကချင်လူ့အဖွဲ့အစည်းဆိုင်ရာ မနုဿဗေဒပညာရှင် Mr Laur Kiik ကတော့ ကချင်သည် ကွဲပြားခြားနားသော မျိုးနွယ်စုခြောက်စုနှင့် အခြားမျိုးနွယ်စုတို့ပေါင်းစည်းကာ မျိုးနွယ်စုံပါဝင်သော လူ့အဖွဲ့အစည်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ကချင်လူမျိုးတို့၏အမည်၊ နယ်နိမိတ်ကန့်သတ်မှုတို့နှင့်စပ်လျဉ်း၍ လွန်ခဲ့သောဆယ်စုနှစ်များစွာ ကတည်းက အငြင်းအခုံများရှိခဲ့သည်သာဖြစ်သည်။ ယင်းအငြင်းအခုံများသည် ကချင်ပြည်နယ်နေ့ မနောပွဲအခါမျိုးတွင် ယခင်ကလည်း လူသိရှင်ကြား ပေါ်ထွက်လာခဲ့ကြဖူးသည်သာဖြစ်ပါသည်ဟု ပြောဆိုခဲ့ပါသည်။
ကချင်မျိုးနွယ်စု ၁၂ ခုကို မြန်မာအစိုးရက အသိအမှတ်ပြုထားသော်လည်း ‘ကချင်အမျိုးသား အစဉ်အလာနှင့် ယဉ်ကျေးမှုအဖွဲ့၊ သို့မဟုတ် WHG ဟုအတိုကောက်ခေါ်ကြသည့် Wunpawng Myusha Htunghking Hpung Ginjaw က ဘာသာစကားအရ ထူးခြားထင်ရှားသောမျိုးနွယ်စု ခြောက်ခုသာရှိပြီး ယင်းတို့မှာ ဂျိန်းဖော့ Jinghpaw၊ လချိတ် Lachid ၊ လဝေါ် Lhaovo၊ လီဆူ Lisu ၊ ရဝမ် Rawang နှင့် ဇိုင်ဝါး Zaiwa တို့သာဖြစ်သည်။’
မြန်မာနိုင်ငံ လွတ်လပ်ရေးရသော ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှ နောက် ၆ ရက်အကြာ ဇန်နဝါရီ ၁၀ ရက်တွင် ကချင်ပြည်နယ်ကို စတင်တည်ထောင်ခဲ့ကြပြီး ထိုနေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ၁၉၄၇ ခု ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက ကချင်အပါအဝင် တိုင်းရင်းသားအားလုံးကို ပြည်တွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝရစေရမည်ဟု အာမခံခဲ့သည်။
သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကတော့ ဘယ်တော့မှ ရမလာခဲ့ပါ။ ထို့ကြောင့် ၁၉၆၁ ခုနှစ်တွင် စတင်ခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)၏ လက်နက်ကိုင်တော်လှန်ရေးသည် ယနေ့ထက်တိုင် မပြီးဆုံးနိုင်ဘဲ ဆက်လက်ဖြစ်ပေါ်လျက်သည်။ ၁၉၉၄-၂၀၁၁ အကြားကာလတွင်သာ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ခဲ့သည်။ နိုင်ငံရေးအရ အစာမကြေမှုများရှိသော်လည်း ကချင်ပြည်နယ်နေ့တွင် ကချင်တိုင်းရင်းသား မျိုးနွယ်စုအားလုံးကို သွေးစည်းညီညွတ် လက်တွဲကြရန် ဆော်ဩခဲ့ကြသည်။ သို့သော် ပွဲတော်ကျင်းပခါနီးရက်များတွင် အက်ကွဲကြောင်းများက ပို၍ ‘ဟ’လာခဲ့ပုံရသည်။
မနှစ်က ပွဲတော်ကျင်းပခါနီး ယခင်အငြင်းပွားမှုကို အစပြန်ကောက်ကာ ယခုနှစ် ကချင်ပြည်နယ်နေ့အမည်ကို ယခင်ခေါ်လာခဲ့ကြသည့် ‘ဂျိန်းဖော့မုန်းဒေါအင်ထွိုင်း’ Jinghpaw Mungdaw Nhtoi မှနေ၍ ‘ကချင်မုန်းဒေါအင်ထွိုင်း Kachin Mungdaw Nhtoi’ အဖြစ် ကချင်တိုင်းရင်းသားအားလုံး ပါဝင်အောင်ပြောင်းရမည်ဟုဆိုကြသည်။ သို့သော် အချို့က မူလဂျိန်းဖောမန်ဒေါအင်တွိုင်းအမည်သာ ဆက်ထားရမည်၊ ထိုအမည်ကလည်း ကချင်အားလုံးပါဝင်ပြီးဖြစ်သည်၊ ပြောင်းမည်ဆိုပါက ပြည်နယ်တွင်း လူထုဆန္ဒခံယူပွဲလုပ်ပြီးမှ ပြောင်းရမည်ဟုဆိုနေကြပြန်သည်။
အစပိုင်းတွင် ဗီနိုင်းဆိုင်းဘုတ်များဖြင့် ကန့်ကွက်မှုများ ပေါ်ထွက်လာခဲ့ရာမှ ပြဿနာမှာ ကြီးထွားလာကာ ပွဲတော်ကို ဖျက်သိမ်းဖို့အထိဖြစ်လာသည်။ နောက်ဆုံးတွင် ပြည်နယ်အစိုးရအမိန့်ဖြင့် ပြည်နယ်နေ့ မနောပွဲကို ကျင်းပဖြစ်ခဲ့သော်လည်း အချို့မှာ စိတ်ပါလက်ပါမရှိကြတော့ပေ။
အလွန်အဓိပ္ပာယ်ပြည့်ဝသော အမည်
ယခုနှစ် ကချင်ပြည်နယ်နေ့ ပွဲတော်များကို WHG အဖွဲ့က ဦးစီးဦးဆောင်ပြုပြီး ကုန်ကျစရိတ်ကို ပြည်နယ်အစိုးရနှင့် WHG က ပူးတွဲကျခံသည်။ ပွဲတော်ကုန်ကျစရိတ် ကျပ်သန်း ၄၅၀ တွင် ပြည်နယ်အစိုးရက သိန်း ၂၅၀ ကျခံပေးခဲ့သည်။ ကျန်ကုန်ကျငွေကို WHG က ပုဂ္ဂလိကအလှူရှင်များထံမှလည်းကောင်း၊ ဈေးဆိုင်ခန်းများ ရောင်းချရငွေမှလည်းကောင်း ရှာဖွေခဲ့ရသည်ဟု ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ကင်ရော တန်ဂွန်း Kinraw Tang Gun က Frontier ကိုပြောပြပါသည်။
WHG ကို ကချင်ယဉ်ကျေးမှုနှင့် စာပေအဖွဲ့ ခြောက်ဖွဲ့မှ ကိုယ်စားလှယ် ၂၀ ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့အသီးသီးမှ ကိုယ်စားလှယ် လေးဦးစီဖြင့် ဗဟိုကော်မတီဖွဲ့သည်။ ဗဟိုကော်မတီ ဥက္ကဋ္ဌရာထူးကို အဖွဲ့ ခြောက်ဖွဲ့မှ သုံးနှစ်တစ်ကြိမ် အလှည့်ကျ ထမ်းဆောင်စေသည်။ လက်ရှိ ဥက္ကဋ္ဌမှာ ရဝမ်လူမျိုး ဦးထုံပုဒဂွန် Hton Pu Dagun ဖြစ်သည်။
ယခုနှစ် ကချင်ပြည်နယ်နေ့ပွဲတော်တွင် မနောကပွဲများ ၂ ရက် ကျင်းပမည်ဖြစ်ကာ နောက် ၆ ရက်တွင် အားကစားပြိုင်ပွဲများ၊ အဆိုအကပြိုင်ပွဲများပါဝင်ပြီး ရွှေပွဲလာပရိသတ်များကို ဈေးဆိုင်ရာပေါင်းများစွာက အစားအသောက်များ ခင်းကျင်းရောင်းချမည်ဟု စီစဉ်ထားခဲ့သည်။
ပွဲတော်ကို ဖျက်သိမ်းလိုက်ပြီးနောက် ပြန်လည်ကျင်းပသည့်ပွဲတော်တွင် ပွဲတော်ကို တစ်ရက်သာ ကျင်းပတော့သည်။ ဈေးဆိုင်ခန်း ငှားရမ်းထားသူများသည် ပေးထားသော ငှားရမ်းခများကို ပြန်ထုတ်လိုက ထုတ်ယူရန်၊ သို့မဟုတ် နောက်လတွင် ကျင်းပရန်စီစဉ်ထားသော ပြည်ထောင်စုနေ့အတွက် ကြိုတင်ငှားလိုက ဆက်ထားရန်ဖြစ်သည်ဟု ဈေးသည်တစ်ဦးက Frontier ကိုပြောပြသည်။
ကချင်ပြည်နယ်နေ့ ပွဲတော်များကို ၂၀၁၅ နှင့် ၂၀၁၉ ခုနှစ်များတွင် အစိုးရက ဦးဆောင်၍ ကျင်းပခဲ့သည်။ သို့သော် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေချိန်၊ ကချင်တိုင်းရင်းသား တစ်သိန်းခန့်မှာ နေရပ်ပြောင်းရွှေ့ပြီး ဒုက္ခသည်စခန်းများတွင် ဆင်းရဲဒုက္ခခံနေကြရချိန်၌ မနောပွဲကဲ့သို့ ပျော်ပွဲရွှင်ပွဲများ ကျင်းပရန်မသင့်ဟု ကချင်တို့က ယူဆသောကြောင့် ထိုပြည်နယ်နေ့ပွဲများမှာ အငြင်းပွားစရာဖြစ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်နေ့ပွဲတော် တက်ရောက်မည့်သတင်းကို ရက်အနည်းငယ်သာ ကြိုတင်ကြေညာခဲ့ခြင်းကြောင့် အနည်းငယ်သာ အပြောင်းအလဲဖြစ်ခဲ့သေးကြောင်း ဖော်ပြနေသည်ဟု အချို့ကပြောကြသည်။ မလေးရှားတွင် နေထိုင်ကြသော ကချင်လူမျိုးများထဲမှ လူငယ်ခေါင်းဆောင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူ ဂျော် တူးခေါင် Jaw Tu Hkawng က “ကချင်လူငယ်တစ်ယောက်အနေနဲ့ ပြည်တွင်းစစ်တွေ ဆက်လက်ဖြစ်ပွားနေပြီး ကချင်ဒုက္ခသည် တစ်သိန်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရချိန်မှာ ကချင်ပြည်နယ်နေ့ကျင်းပတာ စော်ကားခံရသလို ကျွန်တော်ခံစားရတယ်” ဟု Frontier ကိုပြောသည်။
“မြစ်ကြီးနားကပွဲဟာ ၂၀၂၀ ရွေးကောက်ပွဲအကြိုအနေနဲ့ အစိုးရက နိုင်ငံရေးအမြတ်ထွက်အောင် ကျင်းပတာလို့ ကျွန်တော်ခံစားရပါတယ်။ ကချင်လူမျိုးတွေအတွက် ညီမျှတဲ့အခွင့်အရေးတွေ ရစေရပါမယ်လို့ ချိုမြိန်တဲ့ ကတိတွေပေးဦးမှာပါ။ နောက်တော့ ဒီကတိတွေဟာ ဘာမှအကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး” ဟု Frontier ကို၎င်းကပြောသည်။
တချိန်တည်းမှာပင် မနှစ်ကအဖြစ်အပျက်ကလည်း ယခုနှစ်ပွဲတော်ကို အရိပ်ထိုးနေခဲ့သည်။ မနှစ်က ယခုလိုအချိန် ပြည်နယ်နေ့ပွဲ မကျင်းပမီအကြိုကာလတွင် ဂျိန်းဖော့ဘာသာဖြင့် Kachin Mangdaw Nhtoi ဟု ရေးထားသော ဗီနိုင်းဆိုင်းဘုတ်များ မီးရှို့ခံရပြီးနောက် ပွဲအမည်ကို Jinghpaw Mungdaw Nhtoi ဟု ပြောင်းလဲရေးခဲ့ရသည်။
ဒီနှစ်ပွဲမကျင်းပမီ ဒီဇင်ဘာလစောစောပိုင်းကလည်း မီးပွားတစ်ခုဖြစ်ခဲ့သေးသည်။ ပွဲတော် စည်းရုံးရေးသမားများက ကချင်အမျိုးသားမနောကွင်းမုခ်ဝတွင် ဗီနိုင်းဆိုင်းဘုတ်တစ်ခုထောင်သည်။ သည်တစ်ကြိမ်မှာတော့ ပြည်နယ်နေ့ကို Mungdaw Nhtoi ဟုသာ ရေးထားပြီး Jinghpaw ဆိုသော စကားလုံးမပါတော့ပါ။
ဒီဇင်ဘာ ၂၂ ရက်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့၊ ဗဟိုကော်မတီက ကချင်အမျိုးသားအတိုင်ပင်ခံလွှတ်တော်၊ သို့မဟုတ် Wunpawng Amyusha Mungbawng Rapdaw (WMR) နှင့် ကချင်ပြည်နယ်တွင် ပဋိပက္ခကြားဝင်စေ့စပ်ရေးလုပ်ဆောင်နေသော ကချင်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ့ထံ လိပ်မူ၍ စာတစ်စောင်ပေးပို့ခဲ့သည်။
ထိုစာတွင် Jinghpaw Mungdaw Nhtoi ကို ၁၉၄၈ ခု ဇန်နဝါရီ ၁၀ ရက်မှစ၍ ယနေ့ထိ စဉ်ဆက်မပြတ် အသုံးပြုလာခဲ့သည်ဖြစ်၍ ဆက်လက်ထိန်းသိမ်းထားသင့်ပါကြောင်း၊ ကချင်မျိုးနွယ်စုတို့အကြား အငြင်းမပွားသင့်ပါကြောင်း၊ ကချင်ပြည်နယ်ပွဲတော် ကျင်းပရေးကိစ္စကို ကချင်ပြည်နယ်အစိုးရ၏ ဆုံးဖြတ်ချက်အတိုင်း ကချင်မျိုးနွယ်စုအားလုံးက လိုက်နာသင့်ပါကြောင်း၊ သဘောထားကွဲပြားနေသော စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များထံ WMR နှင့် PCG ကိုယ်စားလှယ်များစေလွှတ်၍ ပြဿနာကိုဖြေရှင်းရန် ဆွေးနွေးပြောဆိုထားကြောင်း ကေအိုင်အိုက ရေးသားထားသည်။
WMA ဥက္ကဋ္ဌ လအောင် La Aung က Frontier ကို “Jinghpaw Mungdaw ဆိုတဲ့ စကားလုံးဟာ Union of Burma လက်အောက်မှာ ကချင်ပြည်နယ် တည်ထောင်စဉ်ကတည်းက အသုံးပြုခဲ့တဲ့ အလွန်အဓိပ္ပာယ်ပြည့်ဝတဲ့ စကားပါ။ ဒီနာမည်ကို ပြောင်းလဲဖို့ ကချင်မျိုးနွယ်စု ခြောက်မျိုးစလုံးက ဆန္ဒခံယူပွဲနှင့် သဘောတူခဲ့ရင် ကျွန်တော်တို့က ပြောင်းနိုင်ပါတယ်။ ခုချိန်မှာတော့ ပြောင်းလို့မဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ ဒီအမည်က နိုင်ငံတကာ တရားဝင်အမည်ဖြစ်နေလို့ပါပဲ” ဟု သူကပြောပြီး ဆန္ဒခံယူပွဲလုပ်မယ်ဆိုရင်လည်း ကမ္ဘာ့နေရာအနှံ့မှ ကချင်များလည်းပါဝင်သင့်ကြောင်း ပြောပါသေးသည်။
ကေအိုင်အို၏စာ ထွက်လာပြီးနောက်တနေ့တွင် ကချင်ပြည်နယ်အစိုးရက စကားဝိုင်းထဲဝင်လာပြီး စာတစ်စောင် ထုတ်ပြန်သည်။ ကချင်ပြည်နယ်နေ့အမည် ပြောင်းလဲရေးမှာ လူထုစည်းဝေးပွဲနှင့် ကမ္ဘာအနှံ့ရှိ ကချင်များထံမှ ဆန္ဒခံယူပွဲ လုပ်ရန်လိုအပ်မည်ဖြစ်သည်။ ထိုသို့လုပ်ရန် အချိန်မရှိတော့သဖြင့် လာမည့်ကချင်ပြည်နယ်နေ့တွင် မြန်မာအမည်ကိုသာ အသုံးပြုရတော့မည်ဟု ပြည်နယ်အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
ဒီဇင်ဘာ ၃၀ တွင် WMG က စာတစ်စောင်ထုတ်ပြန်ခဲ့ပြီး ပြည်နယ်အစိုးရသည် ပွဲတော်အတွက် ခွင့်ပြုချက်မပေး ဟုပါရှိသည့် သုံးရက်မတိုင်မီက ၎င်းတို့လက်ခံရရှိခဲ့သောစာကိုကိုးကား၍ ယင်းစာ၌ ဖော်ပြခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့နှင့်တိုက်ဆိုင်၍ မနောအက ပါဝင်သည့် အစားထိုးပွဲတော် တစ်ရပ်ကျင်းပခွင့်ပေးရန် WMG က မေတ္တာရပ်ခံခဲ့သည်။ ထိုနှစ်၏နောက်ဆုံးနေ့၌ ကချင်ပြည်နယ်နေ့ဟု ကြေညာထားသော မနောပန်းခြံဝင်ပေါက်ရှိ တံခွန်များကိုဖယ်ရှားခဲ့သည်။
ပွဲများ၏နောက်ဆုံးအလှည့် ဇန်နဝါရီ ၆ ရက်တွင် ဗမာအမည်ကိုသာအသုံးပြုပြီး ကချင်ပြည်နယ်နေ့ကို ကျင်းပတော့မည်ဟု ပြည်နယ်အစိုးရက ကြေညာခဲ့သည်။
နောက်တနေ့နံနက်တွင် မြစ်ကြီးနားရှိ မနောပန်းခြံရှေ့၌ လူ ၂၀ ခန့်က ဆန္ဒပြခဲ့ကြပြီး WMG ဖျက်သိမ်းရန်နှင့် ယင်း၏ဥက္ကဋ္ဌနုတ်ထွက်ရန် တောင်းဆိုသည့်အပြင် Jinghpaw Mungdaw Nhtoi အမည်ကို အသုံးပြုရန်လည်း တောင်းဆိုခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်ပေါ်ရေးအဖွဲ့၏ နောက်ထပ်ဖြန်ဖြေမှုအပြီး ဇန်နဝါရီ ၈ ရက်က Jinghpaw Mungdaw Nhtoi ဆိုသည့် ခေါင်းစီးတံခွန်တစ်ခု မနောပန်းခြံ၏ ဂိတ်ပေါက်များတွင် ပေါ်လာသည်။ ယင်းနှင့်ပတ်သက်၍ လချိတ်၊ အယ်လ်ဟောင်ဗို၊ လီဆူ၊ ရဝမ်နှင့် ဇိုင်ဝါးယဉ်ကျေးမှုနှင့် စာပေအဖွဲ့အစည်းများက Jinghpaw ဆိုသည့် အသုံးအနှုန်းကို ဆန့်ကျင်သည့် ကြေညာချက်များထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်က ပွဲမတိုင်မီ ရက်အတန်ကြာက ၎င်းတို့ထုတ်ပြန်ခဲ့သည့်စာများကို သတိရစရာဖြစ်ခဲ့ပြီး အငြင်းပွားမှုကို မဖြေရှင်းရသေးကြောင်း ညွှန်ပြနေသည်။
ကနေသည့်ငှက်များ
မနောအက ကသည့်ရိုးရာအစဉ်အလာသည် အချိန်နှင့် နယ်ပယ်အားဖြင့် ကချင်ပြည်နယ်နေ့ကို များစွာကျော်လွန် ကျယ်ပြန့်နေသည်။ မနောအကကို lamu madai သို့မဟုတ် ကောင်းကင်တွင်နေထိုင်သောနတ်များအား လူများ၏လိုအပ်ချက်များကို သိရှိကူညီပေးဖို့ တိုင်တည်တောင်းဆိုရန် ကခြင်းဖြစ်သည်ဟု ကချင်ရိုးရာ အစဉ်အလာများမော်ကွန်းတိုက်မှူး ခရစ်ယာန်ဘုန်းတော်ကြီး မာရစ်ဘော့ဆန်ကပြောသည်။ ယင်းအကမှာ ငှက်အုပ်၊ ငါးအုပ်များနှင့် လိပ်ပြာများ၏ လှုပ်ရှားမှုများအပါအဝင် သဘာဝလှုပ်ရှားမှုများ၏သြဇာလွှမ်းမိုးမှု ရှိသည်ဟု ၎င်းကဆိုသည်။
မနောအက၏ခြားနားသောဇစ်မြစ်များကို Frontier က ကြားသိခဲ့သည်။ မနောအကဇာတ်လမ်းမှာ မက်ဒင်ယောဆိုသူ အမျိုးသားတစ်ဦးကစကြောင်း အိန္ဒိယရှိ North Eastern Hill University မှ ကချင်မျိုးနွယ်၏ရိုးရာအစဉ်အလာအကြောင်းစာတမ်းပြုစုနေသည့် ပီအိပ်ချ်ဒီကျောင်းသားဖြစ်သူ Shichyang Zung Ting ကပြောသည်။
ထိုမက်ဒင်ယောဆိုသူမှာ အလွန်ပျင်းရိသူဖြစ်ပြီး ရွာသားများက ၎င်းကိုသဘောမကျပေ။ တနေ့ ရွာသားများက ၎င်းကို ခြင်းတောင်းကြီးဖြင့် ထောင်ချောက်ဆင်ဖမ်းပြီး ယင်းခြင်းကြီးကို မြစ်ဘေးရှိ ညောင်ပင်ကြီးတစ်ပင်တွင် ချိတ်ဆွဲထားလိုက်သည်။ ခြင်းကြီးထဲ သူထိုင်နေစဉ် အောက်ချင်းငှက်အများအပြားသည် ညောင်သီးစားရန် ရောက်လာကြရာ ကနေသည့်ငှက်များကို သူမြင်လိုက်ရသည်။ မနောအကတွင် အောက်ချင်းငှက်ဦးခေါင်းရိပ် တစ်ခု ဘာ့ကြောင့်ပါဝင်နေသည်ကို ယင်းပုံပြင်ကရှင်းပြပေးကြောင်း Shichyang Zung Ting ကပြောသည်။
၁၉၇၄ မှ ၁၉၇၉ အထိတရားသူကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ထင်ရှားသည့် အသက် ၈၉ နှစ်အရွယ် ကချင်အမျိုးသမီးကြီး အင်န်ဖန်ဂျာရာ Nhpan Ja Ra က မတူကွဲပြားသည့် ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြသည်။
သူပြောပြချက်အရ ရှေးရှေးက ကချင်ဘိုးဘေးများသည် မလိမိုင်မြစ်၏ ရင်းမြစ်ရှိရာသို့ ရောက်လာခဲ့ကြသည်။ ၎င်းတို့နှင့်အတူ စကားပြောသည့် ကျွဲတစ်ကောင်လည်းပါလာပြီး ကျွဲက ခရီးသွားများကို “အခု ငါ့အချိန်က ကုန်တော့မယ်။ ငါ့ကိုစတေးပြီး နတ်တွေကို ပူဇော်ပါ။ နောက်ပြီးတော့ ကခုန်ပါ။ ပြီးတော့ လူချင်းခွဲပြီး သီးခြားစီသွားပါ”ဟုပြောကြားသည်။
နတ်ဆရာက ကျွဲကိုထိလိုက်သည်နှင့် သွေးလုံးဝမထွက်ဘဲ ကျွဲကသေဆုံးသွားခဲ့သည်။ ထို့နောက် လူများက တရွာပြီးတရွာ ကွဲထွက်သွားခဲ့ပြီး တကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ကချင်ပြည်နယ် မြို့ကြီးမြို့ငယ်များအပြင် တရုတ်နိုင်ငံ ရွှေလီ၊ အိန္ဒိယနိုင်ငံ အရူနာချာလ်ပရာဒေ့ရှ်နှင့် ထိုင်းနိုင်ငံ ဘန်မိုင်ဆာမက်ကီတို့တွင် စိုက်ထူသည့် ကချင်ယဉ်ကျေးမှု၏မဏ္ဍိုင်ဖြစ်သည့် မနောတိုင်များအကြောင်း ရှင်းလင်းမှုများတွင်လည်း အမျိုးမျိုးရှိသည်။
တိုင်များ၏ ကွေ့ကောက်အရောင်စုံသည့်ပုံစံများကလည်း တနေရာနှင့် တနေရာမတူ ကွဲပြားခြားနားသလို တိုင်အရေအတွက်လည်း ကွဲပြားသည်။ တိုင်ခြောက်တိုင်မှာ အတွေ့ရအများဆုံး ကိုယ်စားပြုမှုနှင့် မြစ်ကြီးနားရှိ ကချင်အမျိုးသား မနောပန်းခြံတွင်ထားသည့် တိုင်အရေအတွက်ဖြစ်ပြီး ယင်းမှာကချင်မျိုးနွယ်စု ခြောက်စုကို ကိုယ်စားပြုခြင်းဖြစ်သည်ဟု အချို့ကဖွင့်ဆိုကြသည်။
တရုတ်တွင် တခါတရံ လေးတိုင်ရှိပြီး ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပူတာအိုတွင် ငါးတိုင်ဖြစ်သည်။ ယင်းငါးတိုင်မှာ လက်ချောင်းငါးချောင်းကို ကိုယ်စားပြုပြီး ခွန်အား၏သင်္ကေတတစ်ခုဟုဆိုသည်။ မနောတိုင်များကို မူလက ဝါးဖြင့်ပြုလုပ်ပြီး နောက်ပိုင်းတွင် သစ်သားဖြင့်ပြုလုပ်ကာ ယနေ့အခါ အများအားဖြင့် ကွန်ကရစ်ဖြင့်ပြုလုပ်သည်။
မနောကခြင်းအတွက် အကြောင်းရင်းသစ်များနှင့်အတူ ပါလာသောအမည်များကို အမြဲတစေ ဖန်တီးလျက်ရှိသည်ဟု မာရစ်ဘော့ဆန်ကပြောသည်။ အသိများသည့် ကွဲလွဲချက်တစ်ခုမှာ padang မနောဖြစ်ပြီး ယင်းက စစ်အောင်ပွဲကို ကိုယ်စားပြုကာ ဂျပန်တို့ကို မြန်မာနိုင်ငံမှ မောင်းထုတ်ရာတွင် ကချင်စစ်သားတို့၏ ပါဝင်ကူညီမှုကို ဂုဏ်ပြုသောအားဖြင့် ၁၉၄၅ ခုနှစ်က ရှမ်းပြည်နယ်၊ ကွတ်ခိုင်တွင် ကပြခဲ့သည့် ယင်းအကမှာ ကျော်ကြားခဲ့သည်။
Kumran မနောအကမှာ တနေရာမှ တနေရာသို့ ရွှေ့ပြောင်းခြင်းကို ကိုယ်စားပြုပြီး တခြားမနောပုံစံများတွင် ပြင်ဆင်ခြင်းများပြုလုပ်ခြင်းအတွက် hting ram မနော၊ ကြွယ်ဝမှုအတွက် sut မနောနှင့် ကျန်းမာရေးအတွက် ju မနောတို့ပါဝင်သည်။ မကြာသေးခင်နှစ်များက ဘုရားကျောင်းနှစ်ပတ်လည်အခမ်းအနားများတွင် ဂျူဗလီမနောအကဟု ခေါ်သောအကများကို တွေ့မြင်ရသည်။
များပြားလှသည့်ပုံပြင်များနှင့် မနောရိုးရာအစဉ်အလာများသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသည်ထက် ကြွယ်ဝသည့် ကချင်ယဉ်ကျေးမှုကို ရောင်ပြန်ဟပ်သည့် စုစည်းမှုတစ်ခုအဖြစ် Shichyang Ting ကရှုမြင်သည်။ “လူမျိုးစုတိုင်းက သူတို့ရဲ့ကိုယ်ပိုင်အမှတ်သင်္ကေတတွေ၊ ပုံစံတွေနဲ့ ဖွင့်ဆိုချက်တွေရှိကြပါတယ်။ ကချင်တွေရဲ့မနောနဲ့ပတ်သက်တဲ့ တူညီတဲ့ယဉ်ကျေးမှုက ညီညွတ်မှုကို ယူဆောင်လာနိုင်တာပါ” ဟု ၎င်းကပြောသည်။
အတိတ်က မည်သူကမျှ မပြောခဲ့
ကချင်ပြည်နယ်နေ့အတွက် ဂျိန်းဖောဘာသာဖြင့် ခေတ်ဆန်စွာအသုံးပြုမှုနှင့်ပတ်သက်သည့် အချေအတင်ဆွေးနွေးမှုက ယခုနှစ်ပွဲတော်တိုင် ပြင်းထန်နေခဲ့သည်။ အမည်က ကချင်အားလုံးပါဝင်နေပြီး ၎င်း၏သမိုင်းဆိုင်ရာ အသုံးအနှုန်းကို သာဓကအမျိုးမျိုးကို ညွှန်ပြနေသည်ဟု အချို့ကတင်ပြသည်။
“ဒီနာမည်က အလွန်နက်ရှိုင်းတဲ့ အဓိပ္ပာယ်တစ်ခုရှိပါတယ်။ဒါက လူမျိုးစုတစ်ခုတည်းကိုသာ ရည်ညွှန်းတယ်လို့ လူတွေက ယူဆတယ်။ ဒါပေမဲ့ တကယ်ကတော့ ကချင်အားလုံးအတွက်ပါ” ဟု အင်န်ဖန်ဂျာရာက Frontier ကိုပြောသည်။
လူတချို့က ဖော်ပြသည့် သမိုင်းဆိုင်ရာသာဓကတစ်ခုမှာ ကချင်ပြည်နယ်သို့ ခရစ်ယာဘာသာကို ယူဆောင်လာရာတွင် အဓိကကျသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟုယူဆရသူ American Baptist Missionary Union မှ ဘုန်းတော်ကြီး အိုလာဟန်ဆန်က ကချင်ကိုဖော်ပြရန် ဂျိန်းဖော့ဆိုသည့်ဝေါဟာရကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
၁၈၉၀ ပြည့်နှစ်တွင် ဗန်းမော်သို့ရောက်ရှိခဲ့ပြီး ကချင်တောင်ကုန်းများပေါ်တွင် ၂၈ နှစ်အထိနေထိုင်ခဲ့သော ဟန်ဆန်နှင့် ၎င်း၏မစ်ရှင်အဖွဲ့သည် လက်တင်အက္ခရာကိုအသုံးပြုသော ဂျိန်းဖော့စာရေးသည့်ပုံစံကို ထူထောင်ခဲ့သည့်အပြင် ဂျိန်းဖော့-အင်္ဂလိပ်အဘိဓာန်ကိုပြုစုပြီး သမ္မာကျမ်းကို ဂျိန်းဖော့ဘာသာသို့ ပြန်ဆိုခဲ့သည်။
သို့သော်လည်း သမိုင်းဆိုင်ရာသုံးနှုန်းမှုကို ထည့်မတွက်ဘဲ ယနေ့ဖွင့်ဆိုချက်များကို ရောင်ပြန်ဟပ်ရန် အမည်ကို ပြောင်းလဲသင့်သည်ဟု အချို့က စောဒကတက်သည်။ ယင်းသုံးနှုန်းမှုက ၎င်းတို့ကို ချန်ထားခဲ့သည်ဟု အချို့က ခံစားရသည်။
“သမိုင်းကို မေ့မထားသင့်ပါဘူး။ ဒါပေမဲ့ အတိတ်ကို တွယ်ကပ်နေဖို့လည်း မလိုအပ်ဘူး။ ကျွန်တော်တို့ သင်ယူပြီး ပိုကောင်းတဲ့အနာဂတ်ဆီကို သွားသင့်တယ်” ဟု ပူတာအိုမှ ရဝမ်လူငယ်တစ်ဦးဖြစ်သူ Ram Seng ကပြောသည်။
“အမည်ကို သမိုင်းကြောင်းအရ အသုံးခဲ့တာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိအချိန်မှာ ကချင်ပြည်နယ်နေ့ဟာ ကျွန်တော်တို့အားလုံးနဲ့ဆိုင်တယ်ဆိုတဲ့၊ ကျွန်တော်လည်းပါတယ်လို့ ခံစားရတဲ့ အရာတစ်ခုကို မြင်ချင်ပါတယ်” ဟု ခန် Khang ပြောသည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားသည့်စစ်ပွဲက ၎င်း၏ရဝမ်အမှတ်လက္ခဏာနှင့်ပတ်သက်၍ စိတ်မသက်သာသည့် ခံစားမှုတစ်ခုကို ဖြစ်ပေါ်စေသည်ဟု ခန်ကပြောသည်။ ကချင်ပြည်နယ် နယ်စပ်ဧရိယာများတွင် ပြည်သူ့စစ်ဆိုသူများနှင့် တပ်မတော်၏လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့များတွင် အများအားဖြင့် ရဝမ်ကဲ့သို့ ဂျိန်းဖော့စကားမပြောသည့် လူမျိုးစုများပါဝင်သည်။
ကချင်မဲများကိုစုစည်းနိုင်စေရန် ကချင်နိုင်ငံရေးပါတီအချို့က ဇွန်လက ကချင်ပြည်နယ်ပြည်သူ့ပါတီဖွဲ့စည်းရန် ပူးပေါင်းခဲ့ကြသော်လည်း အဓိကအားဖြင့် လီဆူနှင့် ရဝမ်နိုင်ငံရေးပါတီများမှာ တပ်မတော်နှင့်နှီးနွယ်သော ကြံ့ခိုင်ရေးပါတီနှင့် နီးကပ်စွာရပ်တည်သည်။
နိုင်ငံရေးပြိုင်ဘက်များသည် ကချင်လူ့အဖွဲ့အစည်းအတွင်းရှိ လူမှုဆက်ဆံရေးနယ်ပယ်များထဲသို့ စိမ့်ဝင်မှုမြင့်မားနေသည်ဟု ခန်ကတင်ပြခဲ့သည်။ “အာဏာကို ကိုင်ထားတဲ့သူတွေက ဒီလူ့အဖွဲ့အစည်းရဲ့ အားနည်းချက်ကိုသိတယ်။ ဒါကို နိုင်ငံရေးအတွက် အသုံးချတယ်” ဟု၎င်းကပြောသည်။
မနောပွဲတော်များ၏အမည်နှင့်ပတ်သက်ပြီး လက်ရှိအချေအတင်ဖြစ်မှုက အက်ကြောင်းများကို ဖော်ပြနေသော်လည်း ပြဿနာများကို ပွင့်ပွင့်လင်းလင်းတင်ပြခြင်းဖြင့် လူ့အသိုင်းအဝိုင်းများကို တိုးတက်အောင်လုပ်ဆောင်နိုင်လိမ့်မည်ဟု ခန်က မျှော်လင့်ထားသည်။
“အတိတ်က ဘယ်သူမှ မပြောခဲ့ဘူး။ ဒါပေမဲ့ လူတချို့က ဘဝင်မကျခဲ့ကြဘူး။ အခုချိန်မှာ လူတွေက ပွင့်ပွင့်လင်းလင်းပြောလာကြပြီဆိုတော့ ဘုံအကျိုးစီးပွားတစ်ခုကို ရှာတွေ့ဖို့ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လက်တွဲဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။
အချေအတင်ဆွေးနွေးမှု၌ ၎င်းတို့၏ရပ်တည်ချက်ကို ထည့်မတွက်ဘဲ ကချင်တွင် သဟဇာတဖြစ်စေလိုသည့် ဘုံဆန္ဒတစ်ခုရှိကြောင်း Frontier နှင့်အင်တာဗျူးခဲ့သူများက ထုတ်ဖော်ပြောကြားသည်။
“သဘောကွဲလွဲမှုတွေဆိုတာက လူ့အဖွဲ့အစည်းတိုင်းမှာရှိနေတာ သဘာဝပါ။ ဒါပေမဲ့ ဒါကိုပဲ အာရုံစိုက်နေရင် ဆုံးမှာမဟုတ်တော့ဘူး” ဟုကချင်ဘာသာဗေဒပညာရှင် ဒေါက်တာ ဆန်ဒေါက်ဒေးဗစ်တူးတူးက ပြောသည်။
“ကျွန်မတို့ကချင်တွေက တိုက်ခိုက်ရေးသမားကောင်းတွေပါ။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဖန်တီးသမားကောင်းတွေလည်းဖြစ်တယ်။ အခုဖြစ်နေတဲ့ အငြင်းပွားမှုတွေ တွေ့မြင်ရတာ တော်တော်ရှက်စရာကောင်းပါတယ်။ ကျွန်မတို့ကချင်တွေ အတူရှိနေစဉ် မနောအကကတာ ပျော်စရာကောင်းတဲ့ အချိန်တစ်ခုဖြစ်သင့်ပါတယ်။ ဘုရားသခင်က ဂျိန်းဖော၊ လီဆူ အစရှိသဖြင့် လူမျိုးစုခြောက်စု ဖန်ဆင်းပေးခဲ့တယ်။ ညီအစ်ကိုခြောက်ယောက်ပေါ့။ မနောက ကချင်တွေအားလုံးရဲ့ ညီညွတ်မှုအတွက်ပါ” ဟု အင်န်ဖန်ဂျာရာက ပြောသည်။
ခေါမြော် ပါဝင်ရေးသားသည်။
ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။