ကချင်ပြည်နယ်တွင် ခုခံအားကျရောဂါ (အိပ်ချ်အိုင်ဗွီ)ကူးစက်မှု အများဆုံး၏ အဓိကလက်သည်ဖြစ်သော မူးယစ်ဆေးကြောင့် တွေ့ကြုံတွေ့နေရသည့် ပြဿနာများ ဖြေရှင်းရန် ဒေသခံများ ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုအား အထောက်အကူဖြစ်စေရန်အတွက် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီက လာမည့်ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာခြောက်သန်း ကူညီမည်ဖြစ်သည်။
ဒေသခံများအနေဖြင့် ၎င်းတို့၏ အခက်အခဲများအား ဖြေရှင်းရာတွင် ဦးဆောင်မှုအခန်းကဏ္ဍ ရယူနိုင်ရန်အတွက် ၎င်းတို့၏ လုပ်ပိုင်ခွင့်စွမ်းရည်ကို မြှင့်တင်ပေးရန် ထိုရန်ပုံငွေအစီအစဉ်က ရည်ရွယ်သည်ဟု ဒီဇင်ဘာ ၁၄ ရက်နေ့က ကြေညာချက်တွင် ဖော်ပြထားသည်။
“လူငယ်တွေ မူးယစ်ဆေးသုံးစွဲမှုဘေးကနေ ဆွဲထုတ်နိုင်ဖို့အတွက် သက်မွေးဝမ်းကျောင်းပညာတေ ွ ပံ့ပိုးပေးတာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးမြှင့်ပေးတာတွေလုပ်ဖို့ လူမှုအဖွဲ့အစည်းတွေနဲ့အတူ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီက လက်တွဲ ဆောင်ရွက်သွားမှာပါ” ဟု အေဂျင်စီ၏ ဌာနေ ညွှန်ကြားရေးမှူး ထရီဆာမက်ဂီက သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
ကချင်ပြည်နယ်အတွင်းရှိ ဘိန်းဖြူနှင့် မက်သမ်ဖတမင်းခေါ် စိတ်ကြွဆေးသုံးစွဲသူအများစုမှာ ဝမ်းစာအတွက် စိုက်ပျိုးကြသည့် ေတောင်သူများ၊ ကျောက်စိမ်းတွင်းလုပ်သားများ၊ ရေမဆေးကျောက်ရှာဖွေသူများနှင့် အသက်မွေးဝမ်းကျောင်းမှု အလုပ်အကိုင်စွမ်းရည်မရှိကြသူများဖြစ်ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီစီမံကိန်းဟာ မြန်မာနိုင်ငံအတွင်း သန်မာပြီး ကျန်းမာကြံ့ခိုင်တဲ့ လူအဖွဲ့အစည်းတွေ တည်ဆောက်ဖို့ အမေရိကန်ပြည်ထောင်စုက အားပေးကူညီတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်” ဟု ထရီဆာမက်ဂီက ဆက်လက်ပြောကြားထားသည်။
ဝေးလံခေါင်သီသော အရပ်ဒေသများရှိ အလုပ်အကိုင်အခွင့်အလမ်း နည်းပါစွာ နေထိုင်ကြရသော ပြည်သူတို့အပေါ် သက်ရောက်မှုရှိနေသည့် မူးယစ်ဆေးပြဿနာအား အဓိကထား ကြိုးပမ်း ဖြေရှင်းမှုကို အမေရိကန်ပြည်ထောင်စုက တိုးချဲ့နေသည်ဟု ဆိုသည်။
ယခုပေးအပ်သည့် အကူအညီ အစီစဉ်သစ်ကို တစ်ဦးတစ်ယောက်ချင်း၊ လူမှုအဖွဲ့အစည်းအလိုက် လိုအပ်ချက်များကို ဖြေရှင်းခြင်းနှင့် ကျန်းမာရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတို့ကဲ့သို့သော ကဏ္ဍများစွာအား ဖြေရှင်းရာတွင် လိုအပ်သည်များကို ကမ်းလှမ်းခြင်းအားဖြင့်အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် မူးယစ်ဆေးသုံးစွဲမှု ဆန့်ကျင်တိုက်ဖျက်ရာတွင် ရေရှည်အောင်မြင်မှုရလဒ် ရရှိရေးကို ရည်မှန်းသည်ဟု ဆိုသည်။
“အိပ်ချ်အိုင်ဗွီကူးစက်နှုန်း မြင့်မားလာနေမှုနဲ့ မူးယစ်ဆေးသုံးစွဲမှု ဆန့်ကျင်တိုက်ဖျက်ရေး အောင်မြင်ဖို့အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှာ ဒေသခံတွေကိုယ်တိုင် ဆောင်ရွက်နိုင်မှုက အင်မတန်အရေးကြီးပါတယ်” ဟု မြန်မာနိုင်ငံတွင်း ဒေသန္တရလုပ်ငန်းများစီမံကိန်း ဦးစီးဆောင်ရွက်နေသူ ရောဘတ်ကယ်လီက ပြောကြားသည်။