ကချင်ပြည်နယ်မှ မေ့ပျောက်ခံစစ်ပွဲ

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အကျပ်အတည်းက သတင်းများ၌ အထင်ကရ နေရာယူလျက်ရှိသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အကူအညီများ ဖြန့်ဝေရာ၌ ပိတ်ဆို့မှု၊ နေရပ်ဒေသစွန့်ခွာမှုနှင့် အရပ်သားများအား ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုများကို သတိမထားမိဘဲ ရှိနေကြသည်။

ဒပ်စတင် ဘာတာ ရေးသားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ နေရပ်စွန့်ခွာမှုများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံ ဒေသအသီးသီး၌ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသော ပဋိပက္ခများကို စဉ်းစားထိန်းချုပ်ရန် အပြည်ပြည်ဆိုင်ရာက ထပ်မံအာရုံစိုက်လာအောင် ဆောင်ရွက်ရန် အရေးတကြီး လိုအပ်လျက်ရှိသည်။

လူသားချင်း စာနာထောက်ထားသော အကူအညီများကို ဟန့်တားပိတ်ဆို့မှု၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာမှုနှင့် အရပ်သားများအား ထိခိုက်စေသော တိုက်ခိုက်မှုများမှာ အသစ်အဆန်းတော့ မဟုတ်ပေ။ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားလျက်ရှိခဲ့ရာမှ ယမန်နှစ်က ပိုမို ဖြစ်ပွားလာခဲ့သည်။

ရခိုင်ကိစ္စက သတင်းများတွင် လွှမ်းမိုးလျက်ရှိသော်လည်း အရပ်ဘက် အဖွဲ့အစည်းများက တိုး၍တိုး၍ တုံ့ပြန်နေသည့်ကြားမှပင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်လည်း အကျပ်အတည်းများ ကြုံလျက်ရှိသည်။ လူသားချင်း စာနာထောက်ထားမှု၏ အရေးပါမှုနှင့်ပတ်သက်၍ နိုင်ငံတကာ၏ စိတ်နေသဘောထား စစ်မှန်ပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးပေးဆောင်ရွက်ပြီး အမျိုးသား အရပ်ဘက် လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍကို များစွာအလေးပေးရမည်ဖြစ်သည်။

၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် ကေအိုင်အေ၏ အဓိကစစ်စခန်းများ အထူးသဖြင့် ဂီဒွန်တောင်ကုန်းပေါ်ရှိ မဟာဗျူဟာမြောက် စစ်စခန်းတစ်ခုကို ပြင်းထန်သောထိုးစစ်များ ဆင်နွှဲခဲ့သည်။ ထိုးစစ်၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ယခင်က နေရပ်စွန့်ခွာခဲ့သည့် လူပေါင်း ၆,၀၀၀ မှာ ထပ်မံစွန့်ခွာ ပြောင်းရွှေ့ခဲ့ရသည်။ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်းအချို့ကို မော်တာကျည်ဆံ ထိမှန်ခဲ့သည်။

ယင်းဖြစ်ရပ်မှာ International Humanitarian Law ဟုခေါ်သော အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေစည်းမျဉ်း အမှတ်ခုနစ်ကို ဖောက်ဖျက်ခြင်း ဖြစ်ပေသည်။ ယင်းမှာ သဘောတူစာချုပ်များနှင့် ကင်းလွတ်စွာ သီးသန့်တည်ရှိနေသော စည်းမျဉ်းများ ဖြစ်ပြီး  “အရပ်ဘက်ပစ်မှတ်များ” တနည်းအားဖြင့် အရပ်သားများ နေထိုင်ရာဒေသများနှင့်စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ခွဲခြားထားခြင်းဖြစ်သည်။

လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အထူးသဖြင့် ကေအိုင်အေ ထိန်းချုပ်ထားသော နယ်မြေများတွင် တိုးမြှင့်ပိတ်ဆို့လျက်ရှိသည်။ လူသားချင်း စာနာမှုအကူအညီများ ပေးနေသူများမှာလည်း လုပ်ငန်းတာဝန်များ မထမ်းဆောင်နိုင်အောင် ဖြစ်နေရသည်။ ဤသည်မှာ အကူအညီ လိုအပ်နေသော အရပ်သားများထံ လူသားချင်း စာနာမှုအကူအညီများ လျင်မြန်စွာ အတားအဆီးမရှိ အလွယ်တကူ ရောက်ရှိအောင် ပဋိပက္ခတွင် ပါဝင်နေသူတို့က ဆောင်ရွက်ပေးရမည်ဟူသော အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေ စည်းမျဉ်း ၅၅ IHL rule 55 ကို အတိအလင်း ချိုးဖောက်ခြင်း ဖြစ်ပေသည်။

၂၀၁၇ နှစ်ဦးပိုင်းက ဘေးကင်းလုံခြုံမှု ရှာဖွေရင်း တရုတ်နိုင်ငံအတွင်း ရောက်သွားကြသော နေရပ်စွန့်ခွာ ကချင်လူမျိုးများမှာ ပိတ်ပင်တားဆီးခံခဲ့ရသည်။ ခိုလှုံခွင့်တောင်းသူတို့အား အကာအကွယ်ပေးရေး အပြည်ပြည်ဆိုင်ရာဥပဒေကို ဖောက်ဖျက်ခြင်း ဖြစ်ပေသည်။ မှန်ပါသည်။  အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ဆောင်ရွက်နေသူတို့ထံမှ ကြေညာချက်များနှင့် “ကန်လန့်ကာနောက်ကွယ်မှ” ဆောင်ရွက် မှုများ ရှိပါသည်။ သို့ရာတွင် ဆက်လက်ယိုယွင်းလျက်ရှိသည့် အခြေအနေကို ပြောင်းလဲသွားသည့်အဆင့်ထိ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။

ကချင်ပြည်နယ်ရှိ လိုင်ဇာအနီးမှ ယာယီတဲရှေ့၌ ဒုက္ခသည်မိသားစုကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ကချင်ပြည်နယ်ရှိ လိုင်ဇာအနီးမှ ယာယီတဲရှေ့၌ ဒုက္ခသည်မိသားစုကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ဇွန်လအတွင်းက ကချင်ပြည်နယ် အနောက်မြောက်ပိုင်း တနိုင်းတွင်“နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” ပြုလုပ်ခဲ့သည်။ နယ်မြေအတွင်း ကျန်ရှိနေသူများကို ရန်သူစစ်သားများအဖြစ် မှတ်ယူမည်ဖြစ်သည့်အတွက် ပစ်မှတ်ထား တိုက်ခိုက်ခံရမည်ဖြစ်ကြောင်း စစ်ဆင်ရေး မစတင်မီကြိုတင်၍ စာများကို  ကြဲချခဲ့သည်။

အခြားကိစ္စများကို အသာထား။ ယခုကိစ္စမှာပင် အရပ်သားနှင့် လက်နက်ကိုင် တိုက်ခိုက်ရေးသမား ခွဲခြားသတ်မှတ်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာမှုဥပဒေ ပထမဆုံးစည်းမျဉ်း the First IHL Rule ကို ဖောက်ဖျက်လိုက်ခြင်း ဖြစ်သည်။ ကချင်လူမျိုး ထောင်ပေါင်းများစွာ နေရာပြောင်းရွှေ့ခံခဲ့ရပြီး အစိုးရထံမှ မဖြစ်စလောက် အထောက်အပံ့မျှသာ ရရှိခဲ့သည်။

သို့ရာတွင် အောက်မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ ပဋိပက္ခဖြစ်ပွားရာဒေသမှ ထွက်ခွာနိုင်ရန် ငွေကြေးအထောက်အပံ့နှင့် သယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်ပေးခဲ့သည်။ ခွဲခြားမှု ပြုခဲ့ခြင်းပင်ဖြစ်သည်။ သို့ရာတွင် အရပ်သားနှင့် တိုက်ခိုက်ရေးသမား ခွဲခြားမှုမျိုးမဟုတ်ဘဲ လူမျိုးအရခွဲခြားခြင်း ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှ တီးတိုးစကားသံများ ထွက်လာသေးသည်။ တီးတိုးပြောနေခြင်းထက် အပြောင်းအလဲအတွက် ပိုမိုဆောင်ရွက်ရန် လိုအပ်လှပေသည်။

မကြာသေးမီ သြဂုတ်လလောက်က ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားနှင့်ကပ်လျက် ကာဆန်းရွာအနီးတွင် ဆိုင်းမဆင့် ဗုံမဆင့် ထိုးစစ်များဆင်နွှဲခဲ့ရာ ယာယီနေရပ် စွန့်ခွာသူ ၂,၀၀၀ နီးပါးရှိခဲ့သည်။ တနိုင်းနှင့်ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်ရေးစင်တာ၌ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများ ပိုမိုဖြစ်ပွားလာပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ဥပဒေများကို ဆက်လက်ချိုးဖောက်ခဲ့ကြသည်။ ယင်းအခြေအနေများမှာ နှစ်ပေါင်းများစွာ ဆက်လက်ဖြစ်ပွားနေသော်လည်း ဗြိတိသျှအစိုးရက ယခုမှသာ မြန်မာနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုမှသာ ပိတ်ဆို့မှု ပြုရမည့်ပုဂ္ဂိုလ်များကို စဉ်းစားခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာမှုနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ ချိုးဖောက်မှု အတိုင်းအတာမှာ ရခိုင်ပြည်နယ်နှင့်နှိုင်းယှဉ်ပါက မပြောပလောက်ပေ။ သို့တိုင်အောင် မြောက်ပိုင်းပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေအတွက် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်း၏ တုံ့ပြန်မှုမှာ မလုံလောက်သေးပေ။

ကချင်ပြည်နယ်စစ်ပွဲမှာ မေ့ပျောက်ခံစစ်ပွဲ တစ်ပွဲဖြစ်ပေသည်။ ဖြစ်ပွားနေသော ပဋိပက္ခမှုာ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည် အကျပ်အတည်းအဖြစ် ဖန်တီးဖြစ်ပေါ်လာနိုင်ဖွယ် မရှိပေ။ ကချင်လူမျိုးများမှာ တရားဝင် အတည်ပြုထားသောလူမျိုးစု ၁၃၅ မျိုး တွင် ပါဝင်သည်ဖြစ်ရာ နိုင်ငံသားဖြစ်ရေးမှာ သူတို့အတွက် အထိုက်အလျောက် အာမခံချက် ရှိပေသည်။ သို့ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို ကင်းလွတ်ခွင့်ပေးမှုနှင့် အကူအညီများကို ပိတ်ဆို့မှှုစသည့် အခြေခံအကြောင်းတရားများမှာ အတူတူပင် ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံကို မီးမောင်းထိုးပြကာ နိုင်ငံတကာ အသိုက်အဝန်းက အရေးယူအောင် တွန်းအားပေးပြီး ဖြစ်ပွားမှုအရှိန်ကို ဟန့်တားရန်နှင့် အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ အပါအဝင် နိုင်ငံတစ်ဝန်းလုံးကိုပါ လွှမ်းခြုံမိအောင် ဟန့်တားသွားရန် အခွင့်အခါကောင်းပင် ဖြစ်ပေသည်။

အကျပ်အတည်းများ၏ အတိုင်းအတာပမာဏက အရေးကြီးသော်လည်း လူကျင့်ဝတ်ဆိုင်ရာ အကြောင်းတရားများကလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးထားသော ပြဿနာများကို ထိန်းချုပ်ရမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်နိုင်ရန် ပိုမိုကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ထင်ရှားပေသည်။ လူသားချင်းစာနာမှုနှင့် မီဒီယာများနှင့် ဆက်သွယ်ရေးတို့ကို အကန့်အသတ်မဲ့ ဆောင်ရွက်ခွင့် ရှိရမည်ဖြစ်သော်လည်း ယင်းလုပ်ငန်းများမှာ ငြင်းပယ်ခံနေရသည်။ ရန်လိုမှုများ ရပ်ဆိုင်းရေးမှာ အရေးတကြီး လိုအပ်လျက်ရှိသော်လည်း ယင်းတို့မှာ ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိသည်။ ဆက်လက် တိုးပွားနေဦးမည့် အခြေအနေ ရှိသည်။

ကချင်ပြည်နယ် လိုင်ဇာမြောက်ဘက်ရှိ ဝဲချိုင်းဒုက္ခသည်စခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ကချင်ပြည်နယ် လိုင်ဇာမြောက်ဘက်ရှိ ဝဲချိုင်းဒုက္ခသည်စခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု နည်းလမ်းများမှာ ကချင်ပြည်နယ်တွင် အောင်မြင်မှုမရ ဆိုသောအချက်ကို အသိအမှတ်ပြုရန်လိုကြောင်း ၂၀၁၇ ခုနှစ်မတ်လအတွင်းက Frontier တွင် ကျွန်တော်ရေးခဲ့ဖူးသည်။ မကြာသေးမီက ရခိုင်တွင်ဖြစ်ခဲ့သော အဖြစ်အပျက်များက ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်း၌ အရေးတကြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် တိုးတက်မှုများ ဘက်ပေါင်းစုံမှ ပြန်လည်ရှင်သန်လာရေးအတွက် အထောက်အကူဖြစ်ပါစေဟုသာ မျှော်လင့်ရပေသည်။  

ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးကောင်စီကို မတ်လတွင်းက တာဝန်ပေးခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အလွဲသုံးစားမှုများနှင့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို စုံစမ်းစစ်ဆေးရန်လည်း ကောင်စီကို တာဝန်ပေးခဲ့သည်။ ယင်းကောင်စီကို နိုင်ငံကူး လက်မှတ်ထုတ်ပေးရန် အစိုးရက ငြင်းဆိုထားပြီးဖြစ်သဖြင့် မစ်ရှင်အဖွဲ့ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်တိုင်အောင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများ၌ ထိခိုက်နစ်နာသူများအတွက် မျှော်လင့်ချက်မှာ ပိုမို ဝေဝါးနေဆဲဖြစ်သည်။

ကျွန်တော်တို့၏ အားနည်းချက်များကို လက်ခံသိရှိထားပြီး အခြားသူများ၏ အားသာချက်များကိုလည်း ရှာဖွေထားသင့်ပေသည်။ ကချင်ပြည်နယ်အတွင်းရှိ အားမာန်အပြည့်နှင့် စိတ်ဓာတ်ခိုင်မာစွာ ဆောင်ရွက်နေကြသော အရပ်ဘက် အဖွဲ့အစည်းများက နိုင်ငံတကာ အဖွဲ့အစည်းများအတွက် သင်ခန်းစာများ ပေးလျက်ရှိသည်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဖြန့်ဖြူးမှုများကို ဦးစီးဆောင်ရွက်ခြင်းနှင့် ပြောင်းလဲမှုအတွက် ထောက်ခံဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာအဖွဲ့များ မဆောင်ရွက်နိုင်သော နည်းလမ်းများ ကျင့်သုံးကာ မြန်မာနိုင်ငံတွင် အာဏာလက်ဝယ်ရှိသူများအပေါ် သြဇာသက်ရောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

ရခိုင်ကိစ္စအတွက် ကျွန်တော်တို့ သပွတ်အူလည်နေချိန်မှာ ကချင်ပြည်နယ်၌ ဆောင်ရွက်နေသော အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အတွေ့အကြုံများကို နမူနာယူသင့်ပေသည်။ နိုင်ငံတကာ လူ့အသိုက်အဝန်းက အခြားသော အပြည်ပြည်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူများအပေါ် သြဇာသက်ရောက်မှုက အကန့်အသတ်ကြီးမားစွာ ကြုံတွေ့နေရသည့်နေရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို မဟာဗျူဟာကျကျ ထောက်ပံ့အားပေးနိုင်အောင် ကျွန်တော်တို့နှစ်ဆတိုး၍ ကြိုးပမ်းဆောင်ရွက်ရန် လိုပေသည်။

ယင်းကဲ့သို့ ပြန်လည်ချိန်သားကိုက်ညှိမှုသည် အပြောင်းအလဲအတွက်သာ လိုအပ်သည်မဟုတ်ဘဲ မြန်မာပြည်သူ အားလုံးအတွက် ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို ဖန်တီးပေးနိုင်အောင် ဆောင်ရွက်ရာတွင် မလွှဲမရှောင်သာ ရေရှည်တည်တံ့အောင် ဆောင်ရွက်ရမည့်လမ်းကြောင်းလည်း ဖြစ်ပေသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ငြိမ်းချမ်းရေးနှင့် နေရပ်စွန့်ခွာမှုအရေးကိစ္စများ လုပ်ဆောင်ရင်း ဒပ်စတင် ဘာတာသည် တရားမျှတမှုမရှိသော ဖွဲ့စည်းမှုဆိုင်ရာ ပြဿနာများကို ထိန်းချုပ်ရန် ဆောင်ရွက်နေသည့် ပြည်တွင်းပြည်ပမှ ကြိုးပမ်းမှုများကို အထောက်အကူပြုကာ ထိုပြဿနာများကို ကြိုးပမ်းဖော်ထုတ်လျက်ရှိသည်။ ယခုဆောင်းပါးမှာ ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar