ကချင်ပြည်နယ်တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေကြသော တစ်ရူးငှက်ပျောခင်းများက အချို့သူများအတွက် အကျိုးအမြတ် လျင်လျင်မြန်မြန် ရရှိနေကြသော်လည်း မြေယာပိုင်ဆိုင်မှု ပဋိပက္ခနှင့် ပတ်ဝန်းကျင်ပျက်စီးမှုကို ဖြစ်ပေါ်စေလျက်ရှိသည်။
ဟိန်းကိုစိုးနှင့် ဘန်ဒူးနန့်ရေးသားသည်။
ကချင်ပြည်နယ်အရှေ့ပိုင်း တရုတ်ပြည်နယ်စပ်ရှိ ကန်ပိုက်တီးမြို့နှင့် ပြည်နယ်မြို့တော် မြစ်ကြီးနားကို ဆက်သွယ်ထားရာ အမြန်လမ်းမပေါ်မှ နာရီဝက်ခန့် ဆိုင်ကယ်စီးသွားလျင် တစ်ချိန်က ဦးလယန်ခေါင်ဒို ပိုင်ဆိုင်သော လယ်ကွင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။ Frontier က ဝိုင်းမော်မြို့နယ်အတွင်းပိုင်း ကျေးလက်ဒေသသို့ ခရီးနှင်လာခဲ့ရာ လမ်းတဖက်တချက် တမျှော်တခေါ်တွင် တစ်မျိုးတည်းသော မြင်ကွင်းကိုသာ တွေ့မြင်ရသည်။ မြစ်ကြီးနားမှ ထွက်လာခဲ့ရာ လမ်းတလျှောက် စိမ်းလန်းသော အရွက်ဖားဖားကြီးများနှင့် ငှက်ပျောခင်းများကိုသာ တွေ့မြင်ရလေသည်။
ထိုငှက်ပျောခင်းများသည် ဥယျာဉ်ခြံစိုက်ပျိုးရေးတွင် တော်လှန်ပြောင်းလဲမှုတစ်ရပ်ပင်ဖြစ်သည်။ လက်ရွေးစင် ငှက်ပျောပင်များမှ အငုတ်၊ အတက်ကို လှီးဖြတ်ပြီး ဓာတ်ခွဲခန်းတွင် sterilized (ပိုးသတ်) ပြီး ပုံတူမျိုးပွား (cloned) ကာ ပင်ပျိုလေးများ ပြုလုပ်ကြရသည်။ ထိုပင်ပျိုလေးများကို အာဟာရများ၊ ဟော်မုန်းများဖြင့် ကြီးထွားလာအောင် ပျိုးခင်းတွင် ပျိုးထောင်ပြီးနောက်မှ ခြံမြေပေါ်တွင်ချကာ စိုက်ပျိုးခြင်းဖြစ်သည်။ ထိုဇီဝနည်းပညာဖြင့် ထုတ်လုပ်ရရှိသော ငှက်ပျောပင်များသည် တညီတညာတည်း ရှင်သန်ကြီးထွားပြီး တစ်နှစ်အတွင်း ခုတ်သိမ်းနိုင်သည်။ သီအိုရီအရဆိုလျှင် ထိုတစ်ရှုးငှက်ပျောပင်များအား မည်သည့် ရောဂါပိုးမှလည်း နှောင့်ယှက်ဖျက်ဆီးနိုင်မှုမရှိဟု ဆိုကြသည်။
ထွက်လာသော တစ်ရူးငှက်ပျောအားလုံးနီးပါးကို အိမ်နီးချင်း တရုတ်နိုင်ငံသို့ ကုန်းလမ်းဖြင့်တင်ပို့ကြသည်။ ဤသို့ဖြင့် အလျင်အမြန် ဖြစ်ထွန်းရရှိနေသော အကျိုးစီးပွားများသည် ဦးလယန်ခေါင်ဒိုတို့ကဲ့သို့ ကချင်လယ်သမားများကို မတရားအနိုင်ကျင့်၍ ရရှိလာသော အကျိုးစီးပွားများသာဖြစ်သည်။
အသက် ၄ဝ အရွယ် ကချင်တောင်သူ ဦးလယန်ဟောင်ဒိုက သူ၏ လယ်ဧက ၄ ဒသမ ၄ ဟက်တာရှိ မြေကို လွန်ခဲ့သော ၁ဝ နှစ်ခန့်တွင် မြန်မာကုမ္ပဏီတစ်ခုက သိမ်းယူသွားခဲ့ကြောင်း၊ ထိုကုမ္ပဏီက တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ၏ အကူအညီဖြင့် ငှက်ပျောပင်များ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း Frontier ကိုပြောသည်။ ထိုသို့ သိမ်းယူခဲ့ခြင်းမှာ တရားမဝင်သိမ်းယူခြင်းဖြစ်ကြောင်းနှင့် အစိုးရဌာနဆိုင်ရာများ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြခဲ့သော်လည်း မည်သို့မှ အကြောင်းမထူးကြောင်း ၎င်းက စိတ်ဓာတ်ညှိုးငယ်စွာဖြင့် ပြောပြနေသည်။
ဦးလယန်ဟောင်ဒိုက ကချင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခ စီးပွားရေး၏ ဥပဒေမဲ့ ပြုကျင့်နေကြပုံကိုသာ အပြစ်ဖို့ခဲ့သည်။ ပြည်နယ်အတွင်း အာဏာပါဝါအရွေ့ကို ဆယ်စုနှစ်ပေါင်းများစွာကြာ ပြည်တွင်းစစ်က ပုံဖော်ပေးနေခဲ့သည်။ အပစ်ရပ်အစီအစဉ်များမှာလည်း တရားမဝင်စီးပွားရှာရန် ချောဆီထိုးပေးကြခြင်းမျှသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
တစ်ဘက်တွင် မြန်မာအစိုးရတပ်နှင့် ၎င်းတို့၏ မဟာမိတ်များ၊ အခြားတဘက်တွင် ၎င်းတို့နှင့် ဆန့်ကျင်ဘက်များ၊ ထိုသူတွေအားလုံးသည် လက်နက်ကိုင်သရုပ်ဆောင်များသာ ဖြစ်ကြပြီး မတရားရရှိလာသော စီးပွားဥစ္စာများကို ခွဲဝေယူနေကြသည်ဖြစ်ရာ ၎င်းတို့ကသာ အဓိက အဆုံးအဖြတ်ကို ပေးနေသူများဖြစ်သည်။ ၁ ဒသမ ၇ သန်းမျှရှိသော ကချင်ပြည်နယ်လူထုကမူ ခံဘက်ကသာ ဖြစ်နေလေသည်။
၎င်းတို့အားလုံးမှာ တစ်ရူးငှက်ပျော လာဘ်ကောင်စီးပွားရေးတွင် တနည်းနည်းဖြင့် ပါဝင်ပတ်သက်နေသူများသာဖြစ်သည်ဟု ကချင်တောင်သူ ဦးလယန်ခေါင်ဒိုက စိတ်ပျက်လက်ပျက် ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ မြေယာပိုင်ဆိုင်ခွင့်ကို ဒီကုမ္ပဏီတွေဆီ ဘယ်သွားတောင်းရဲပါ့မလဲ။ သွားတောင်းရင် ကျွန်တော်တို့ ပစ်သတ်ခံရနိုင်တာပေါ့။ ဒီပြည်နယ်မှာ တရားဥပဒေ စိုးမိုးမှုမှ မရှိဘဲ” ဟု ၎င်းက ပြောသည်။
တရားမဝင် စိုက်ခင်းများ
၎င်း၏ ရွာမှ မြေသိမ်းခံရသူ နောက်တစ်ဦးမှာ ဦးဒေါင်ဇော်ဖြစ်သည်။ မကြာမီကမှ သူ့မြေ အသိမ်းခံရပုံကို ၎င်းက ပြန်ပြောင်း ပြောပြခဲ့သည်။ ရွာသားများက ထင်းစိုက်ခင်းအဖြစ် အသုံးပြုနေသော မြေ ၁၁၉ ဧက ကို ၂ဝ၁၈ ခုနှစ်၊ ဧပြီလတွင် တရုတ်ငှက်ပျောစိုက်ရန် သိမ်းယူသွားခဲ့သည်။ အောက်တိုဘာလထဲတွင် Frontier က ထိုနေရာသို့ ရောက်သွားသောအခါ ရပ်ရွာပိုင် မြေကွက်ပေါ်တွင် စိုက်ထားသော ငှက်ပျောပင်များမှာ အတော်ပင် ဖြစ်ထွန်းကြီးထွားနေပြီး မြန်မာပြည်အလယ်ပိုင်းမှ လာရောက် လုပ်ကိုင်နေကြသော အလုပ်သမားများက ဝင်ရောက်လုပ်ကိုင်ပေးနေကြသည်ကို မြင်တွေ့ခဲ့ရသည်။
“ကျွန်တော်တို့ ရွာသားတွေ တစ်ပြားမှ အကျိုးမခံစားကြရပါဘူး။ ဘယ်အစိုးရ အရာရှိကမှလဲ ရွာသားတွေဘက်က ရပ်တည်ပြီး ပြဿနာဖြေရှင်းပေးမယ့်သူ မရှိပါဘူး” ဟု ၎င်းက Frontier ကို ပြောသည်။ တောထနေပြီဖြစ်သော ငှက်ပျောစိုက်ခင်းများကို အချိန်အတော်နှောင်းကာမှ ကချင်ပြည်နယ်အစိုးရက စတင်အရေးယူ လုပ်ဆောင်တော့မည့် လက္ခဏာအချို့ ၂ဝ၁၈ ခုနှစ်တွင် မြင်တွေ့လာရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်အောင်၏ အမိန့်ဖြင့် ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး ဦးမြသိန်း ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ပြည်နယ်အစိုးရ ထိန်းချုပ်မှုလက်အောက်ရှိ မြေဧက ၆ဝ,ဝဝဝ မှ ၇ဝ,ဝဝဝ ခန့်ပေါ်တွင် ကုမ္ပဏီ ၃၆ ခု တို့က ငှက်ပျောပင်များ စိုက်ပျိုးထားသည်ကို တွေ့ရှိရကြောင်း၊ အားလုံးမှာ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ တရားမဝင် စိုက်ပျိုးနေကြခြင်းဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံမှ ငွေကြေး အရင်းအနှီးများဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ဝိုင်းမော်မြို့နယ်တွင်းရှိ ငှက်ပျောစိုက်ခင်းတစ်ခုတွင် လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦး။ ဓာတ်ပုံ-ခွန်လီ
ကချင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ သုတေသနတွေ့ရှိချက်အရ ငှက်ပျောစိုက် ဧရိယာပမာဏမှာ ထို့ထက်များစွာ ပိုနေကြောင်း တွေ့ရှိရသည်။ ‘မြေယာလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Land Security and Environmental Conservation Group (LSECG)’ ဟု ခေါ်သော ညွန့်ပေါင်းအဖွဲ့က ဂြိုဟ်တုမှ ရိုက်ကူးသော ပုံရိပ်များ ဆန်းစစ် လေ့လာခြင်း၊ မြေပြင်ကွင်းဆင်းလေ့လာခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။ ဤငှက်ပျောစိုက်ခင်းများသည် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်ဆီးစေပြီး မြေယာပိုင်ဆိုင်မှု ပဋိပက္ခများကိုလည်း ဖြစ်ပွားစေလျက်ရှိသည်ဟု ထောက်ပြနေကြသည်။
Kachin State Conservation Working Group သည် အဖွဲ့ ၁၁ ဖွဲ့ ပါဝင်သော (LSECG) ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ထိုအဖွဲ့မှ ဦးဘရန်အောင်က ဝိုင်းမော်မြို့နယ်တစ်ခုတည်းမှာပင် ငှက်ပျောစိုက်ခင်းဧရိယာ စုစုပေါင်းမှာ ဧက တစ်သိန်းကျော်ရှိနေကြောင်းတွေ့ရှိရသည်ဟု ပြောသည်။
အစိုးရ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ငှက်ပျောစိုက်ခင်းနှင့် ကပ်လျက်ရှိသောနေရာများမှ ရေနှင့် မြေဆီလွှာများကို စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း၊ သို့သော် တိကျမှန်ကန်သောရလဒ် အဖြေရရှိအောင် ဓာတ်ခွဲစမ်းသပ်နိုင်စွမ်းမရှိကြောင်း ဦးဘရန်အောင်က ပြောသည်။ သို့သော် အနီးအနားရှိ ရပ်ရွာလူထုအပေါ် ဆိုးဝါးသော ထိခိုက်မှု ဖြစ်ရပ်မှန်များကိုမူ တွေ့မြင်နေရပြီ ဖြစ်သည်။ ချောင်းရေများကို ငှက်ပျောခြံများဘက်သို့ လမ်းလွှဲယူခြင်း၊ ငှက်ပျောခင်းများကို ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ ပုံမှန်ထက် ပက်ဖျန်းနေကြသဖြင့် ကျေးရွာလူထု၏ မြေဆီလွှာနှင့် ရေများတွင် ညစ်ညမ်းမှုများ ဖြစ်စေလျက်ရှိသည်။
၂ဝ၁၇ ခုနှစ် နှစ်လည်လောက်တွင် မြစ်ကြီးနားမြို့၌ ရုံးဖွင့်လှစ်ခဲ့သော ‘ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန’ (DICA) မှ ဝန်ထမ်းတစ်ဦးက Frontier ကို ဖုန်းဖြင့်ပြောကြားမှုအရ DICA အနေနှင့် ကုမ္ပဏီများကို မှတ်ပုံတင်ပေးရသည်မှာ မှန်ကန်သော်လည်း ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုမှာ DICA နှင့် မပတ်သက်ကြောင်း၊ ထို့ကြောင့် ငှက်ပျောစိုက်ပျိုးလုပ်ကိုင်နေသော ကုမ္ပဏီအရေအတွက်ကို ပြောကြားနိုင်ခြင်းမရှိဟု ဆိုသည်။ ကုမ္ပဏီတစ်ခုသည် ခြံစိုက်ပျိုးမှုတွင် ရင်းနှီးမြှုပ်နှံလိုပါက ပြည်နယ်စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထောက်ခံချက် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးမြသိန်းခေါင်းဆောင်သည့် စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသော မိုးဆက်ပွင့်၊ ချစ်ရင်ခူး ၊ Xing Shin နှင့် Shin Kyaing စသည့် ကုမ္ပဏီများကို ၎င်းတို့ဌာန၏ မှတ်ပုံတင်မှတ်တမ်းတွင် မတွေ့ရှိရဟုလည်း DICA က ပြောသည်။
ထို့ပြင် ကချင်ပြည်နယ်အစိုးရ၊ ဝန်ကြီးဌာနကလည်း မည်သည့် ငှက်ပျောစိုက်ခင်းကိုမျှ ခွင့်ပြုမိန့် ချမပေးခဲ့ဟု ဦးမြသိန်းက Frontier ကို အတည်ပြုပြောကြားသည်။
ပြည်နယ်အစိုးရက မည်သည့်ငှက်ပျောစိုက်ခင်းကိုမျှ ခွင့်မပြုခဲ့ကြောင်းနှင့် တရုတ်နှင့် ဒေသခံစီးပွားရေးသမားများက ပြည်နယ်အနှံ့ တရားမဝင်စိုက်ပျိုးနေကြခြင်းသာ ဖြစ်သည်ဟု ၎င်းက ပြောသည်။ စစ်တပ်၏ ပါဝင်ပတ်သက်မှု သဘောသဘာဝနှင့် အတိုင်းအတာကို အတိအကျပြောရန် ခက်ခဲ့သော်လည်း ငှက်ပျောစိုက်ခင်းလုပ်ငန်းမှ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ အကျိုးအမြတ်ရရှိနေသည်ကမူ မြင်သာလှသည်။
“စစ်တပ်ဝင်းထဲမှာတောင် လူတွေက ငှက်ပျောအရောင်းအဝယ်လုပ်နေကြတာပါ” ဟု ဦးမြသိန်းကပြောသည်။ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ရှိ အမှတ် (၈၅) ခြေမြန်တပ်ရင်းပိုင် ခြံဝန်းအတွင်းတွင် ငှက်ပျောစိုက်ခင်းများကို Frontier ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း
တရားမဝင်လုပ်ကိုင်နေမှုများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိနေရပါသော်လည်း ပြည်နယ်အစိုးရက တုံ့ပြန်အရေးယူ ဆောင်ရွက်မည့် အစီအစဉ်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။ ပြည်နယ်စိုက်ပျိုးရေးဝန်ကြီးက Frontier ကို ပြောကြားချက်များအရ အစိုးရအနေဖြင့် ငှက်ပျောစိုက်ခင်းများကို ထိန်းချုပ်လိုသည့်ဆန္ဒ သိပ်ရှိပုံမပေါ်ပေ။ ထိုသို့လုပ်မည့်အစား ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံနေရသော မြေယာဥပဒေကိုပင် အသုံးချကာ ငှက်ပျောစိုက်ခင်းများကို တရားဝင်ဖြစ်အောင်လုပ်ပြီး အခြားစီးပွားရေးလုပ်ငန်းများနည်းတူ အခွန်စည်းကြပ်ဖို့ကိုသာ ပြုလုပ်လိုပုံရသည်ဟု ဆိုပါသည်။
“မြေယာဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေတွေကို အသုံးပြုပြီး ဒီငှက်ပျောခင်းတွေကို တရားဝင်ဖြစ်အောင် လုပ်လို့ရပါတယ်” ဟု ဦးမြသိန်းက ပြောသည်။ ပြည်နယ်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ငှက်ပျောစိုက်ခင်းအဖြစ် အသုံးပြုနေကြသော မြေများကို မြေလွတ်၊ မြေလပ် (သို့မဟုတ်) မြေရိုင်းအဖြစ် စက်တင်ဘာလအတွင်းက ပြင်ဆင်ခဲ့သော ၂ဝ၁၂ ခု မြေယာဥပဒေအရ အစိုးရက သတ်မှတ် ထည့်သွင်းထားသေည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ ပြင်ဆင်ချက်အရ ထိုမြေပေါ်၌ လုပ်ကိုင်သူသည် မြေအနည်းငယ်သာလုပ်ကိုင်သော ကချင်ဆင်းရဲသား လယ်သမားပင်ဖြစ်စေ၊ အဆက်သွယ်ကောင်းများရရှိထားသော ကုမ္ပဏီပင်ဖြစ်စေ၊ အစိုးရစီမံခန့်ခွဲရေးကော်မတီထံ အနှစ် (၃ဝ) လုပ်ကိုင်ခွင့်ကို လျှောက်ထားရန်လိုအပ်သည်။ ထိုသို့လျှောက်ထားခြင်းမရှိပါက ပိုင်နက်ကျူးလွန်မှုဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေကျပ် ၅ သိန်း ချမှတ်ခြင်းခံရနိုင်သည်။ ၂ဝ၁၈ ခုနှစ် အောက်တိုဘာ (၃ဝ) ထုတ်ပြန်ချက်အရ မတ်လ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်လွှာတင်ကြရမည်ဟု ဖော်ပြထားသည်။
ဝိုင်းမော်မြို့နယ်တွင် ငှက်ပျောခင်းများ တမျှော်တခေါ် တည်ရှိနေသည်။ ဓာတ်ပုံ-ဟိန်းကိုစိုး
မြေလွတ်၊ မြေလပ်၊ မြေရိုင်း အဖြစ်သတ်မှတ်ခံနေရသော်လည်း ဤမြေအများစုပေါ်တွင် ရွာသားများက လယ်မြေ၊ သစ်သီးခြံ၊ ကျေးရွာသုံး သစ်တောများအဖြစ် ထုံးတမ်းစဉ်လာ ဥပဒေလုပ်ထုံးများအရ အသုံးချလုပ်ကိုင်နေကြသည်။ အထူးသဖြင့် ကချင်ပြည်နယ်တွင် မြေ၏ ၄၃ ရာခိုင်နှုန်းကို မြေလွတ်၊ မြေလပ် (သို့) မြေရိုင်းအဖြစ် သတ်မှတ်ထားသည်ဟု ‘စိုက်ပျိုးမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန’ မှ သိရှိရသည်။ ထိုမြေကို အသုံးပြုနေကြသူများသည် တရားဝင် စာရွက်စာတမ်းမရှိကြဘဲ ၂ဝ၁၂ ခု ဥပဒေအရ သက်ရောက်နိုင်မှုများကိုလည်း သိနားလည်မှုမရှိကြသည်သာ အများစုဖြစ်သည်။ ဥပဒေပြင်ဆင်ချက်က “တိုင်းရင်းသားလူမျိုးစုများ၏ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအရ အစဉ်အလာမြေ” ဟု သတ်မှတ်ထားသည့် မြေများကို ကင်းလွတ်ခွင့်ပြုထားသော်လည်း ဤဥပဒေမှာရော အခြားမည်သည့် ဥပဒေတွင်မှ ‘ထုံးတမ်းစဉ်လာ လုပ်ပိုင်ခွင့်’ Customary tenure ကို အတိအကျအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပေရာ ‘ထုံးတမ်းစဉ်လာ’ ဟု သတ်မှတ်မည်ဆိုခြင်းမှာ အုပ်ချုပ်ရေးအရာရှိများ၏ အဆုံးအဖြတ်သာ ဖြစ်နေတော့သည်။ တခါတရံ ထိုအုပ်ချုပ်ရေးမှူးများကိုယ်တိုင် မြေယာသိမ်းယူမှုတွင် တနည်းနည်းဖြင့် ပါဝင်နေတတ်သေးသည်။
မည်သို့ဆိုစေ စုံစမ်းစစ်ဆေးရေးအဖွဲ့လုပ်ငန်းတွေ ပြီးပြီဆိုကတည်းက ငှက်ပျောစိုက်ခင်းပြဿနာမှာ ပြည်နယ်အစိုးရ၏ ဦးစားပေးစာရင်းတွင် အောက်ပိုင်းသို့ လျှောကျသွားခဲ့ပြီဖြစ်သည်။
ဝန်ကြီးဦးမြသိန်းက “ပြည်နယ်အစိုးရမှာ တခြားပြဿနာတွေနဲ့ အလုပ်ရှုတ်နေပါတယ်၊ ဒီတရားမဝင် ငှက်ပျောစိုက်ခင်းတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ဖို့အလှည့် မရောက်သေးပါဘူး” ဟု Frontier ကိုပြောသည်။
ဖောင်ဒေးရှင်း
ငှက်ပျောစိုက်ခင်းများ၏ နောက်ကွယ်တွင် တရုတ်ရင်းနှီးမြုပ်နှံသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် ကချင်အခြေစိုက် ကုမ္ပဏီများ မထင်မရှားရှိနေသည်။ ထိုလုပ်ငန်းထဲသို့ ဝင်လိုသူ ဘယ်သူမဆို အဆက်အသွယ်ကောင်းသည့် အကြံပေးနှင့် ဥပဒေပြင်ပပွဲစားများ၏ ဝန်ဆောင်မှု လိုအပ်သည်။
ကချင်စီးပွားရေးလုပ်ငန်းရှင်ဖြစ်မှုကို အားပေးမြင့်တင်နေသည်ဟူသော အလံတံခွန်အောက်တွင် အကြံဉာဏ်နှင့် လက်တွေ့ကူညီမှု ထင်ထင်ထင်ရှားရှားပေးနေသူမှာ ပတ္တမြားနဂါးဖောင်ဒေးရှင်းဖြစ်သည်။ ပတ္တမြားနဂါးအုပ်စု၏ အောက်တွင် လူမှုစီးပွားကူညီမှုများအား ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ဖောင်ဒေးရှင်းဖြစ်သည်။
ရှမ်းပြည်တောင်ပိုင်းရှိ ပအို့အမျိုးသားအဖွဲ့(PNO) နှင့် ၁၉၉၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲမှု သဘောတူပြီးနောက် ပေါ်ပေါက်လာသည့် စီးပွားရေးလုပ်ငန်းများစွာကို စုစည်းတည်ထောင်ထားသော ထိုကော်ပိုရေးရှင်းကြီးသည် သတ္တုတူးဖော်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပါဝင်လုပ်ဆောင်နေသည်။ ၁၉၉ဝ ပြည့်လွန်နှစ်တွေများကတည်းက ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတွင်းများတွင် ၎င်းတို့၏ ရှယ်ယာများ ပါဝင်ခဲ့သည်။ ကော်ပိုရေးရှင်းကြီး၏ ဥက္ကဋ္ဌနှင့် တည်ထောင်သူ ဦးနေဝင်းထွန်းသည် ယခင်က အမျိုးသားလွှတ်တော်တွင် ကချင်ပြည်နယ် မဲဆန္ဒနယ်-၉ ကို ကိုယ်စားပြုခဲ့သည်။ ဖောင်ဒေးရှင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ဦးခက်ထိန်နန်မှာလည်း ယခင်က အမျိုးသားလွှတ်တော်တွင် ကချင်ပြည်နယ်မဲဆန္ဒနယ်-၂ ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ ထို့အပြင် ၎င်းသည်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်အောင်၏ ညီလည်းဖြစ်သည်။
ဖောင်ဒေးရှင်းကို စီးပွားရေးလုပ်ငန်းငယ်များ စတင်နိုင်ရန်နှင့် ဒေသဆိုင်ရာစီးပွားရေး ဖွံ့ဖြိုးမှုမြင့်တင်ရန် ကူညီရန်ဟူသော ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း ပတ္တမြားနဂါးအုပ်စု၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထိုကူညီမှုတွင် ကုမ္ပဏီအဖြစ်မှတ်ပုံတင်နိုင်ရန်နှင့် အထူးအခွင့်အရေးများ ရရှိရေးလည်း ပါဝင်သည်။
ဝိုင်းမော်မြို့နယ်တွင် တရုတ်ရင်းနှီးမြုပ်နှံသူများနှင့် အကျိုးတူပူးပေါင်းကာ ငှက်ပျောစိုက်ခင်း လုပ်ကိုင်နေသည့် ဒေသခံကချင်ကုမ္ပဏီ ၃၅ ခုအား ဖောင်ဒေးရှင်းက ကူညီထားသည်ဟု ဦးခက်ထိန်နန်က Frontier ကို ပြောသည်။ ပြည်နယ်အစိုးရ၏ စုံစမ်းစစ်ဆေးမှုက ဖော်ထုတ်ခဲ့သည့် အရေအတွက်ထက် တစ်ခုလျော့နည်းနေသည်။ စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် မျိုးဆက်ကြယ်ပွင့်ကို ပတ္တမြားနဂါးက ကူညီထားသည်ကိုမူ ဦးခက်ထိန်နန်က အတည်ပြုခဲ့သည်။
သို့သော် ဖောင်ဒေးရှင်း၏ ကူညီမှုမှာ စီးပွားရေးလုပ်ငန်းမှတ်ပုံတင်ရန်နှင့် ကနဦးဖွံ့ဖြိုးတိုးတက်လာရေးအတွက်သာဖြစ်ပြီး အကန့်အသတ်ရှိသည်ဟု ၎င်းက အလေးအနက်ပြောကြားသည်။ ထို့အပြင် ၎င်းတို့၏ အကြံပြုချက်များမှာ ကချင်ပြည်နယ်၏ အထွေထွေစီးပွားရေး ပတ်ဝန်းကျင်နဲ့သာ သက်ဆိုင်ပြီး ငှက်ပျောစိုက်ခင်းများ၊ သို့မဟုတ် အခြား သီးခြားကဏ္ဍတစ်ခုခုနှင့် ပတ်သက်မှုမရှိဟုလည်း ၎င်းကပြောသည်။
တရုတ်ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်ရာတွင် ဖောင်ဒေးရှင်းက ပါဝင်နေသည်ဟု ပြောကြားနေမှုများကိုလည်း ဦးခက်ထိန်နန်က ငြင်းဆိုခဲ့သည်။ “တရုတ်လူမျိုးတွေကို ဖောင်ဒေးရှင်းက ကူညီနေတဲ့ ကုမ္ပဏီတွေနဲ့ ဘယ်တော့မှ မိတ်ဆက်မပေးဖူးပါဘူး” ဟု ၎င်းကပြောသည်။
စိုက်ခင်းအများစုမှာ တရားမဝင်လုပ်ကိုင်နေခြင်းဖြစ်သည်ကို ပြည်နယ်အစိုးရက တွေ့ရှိခဲ့မှုနှင့် ပတ်သက်ပြီး မေးမြန်းသည့်အခါ ဦးခက်ထိန်နန်က အစိုးရအနေဖြင့် ထိုစိုက်ခင်းများ တရားဝင်ဖြစ်လာစေရန် မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားရန်လိုအပ်သည်ဟု ပြောကြားသည်။ “အစိုးရအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းတွေအရ သုံးသပ်ရန် လိုအပ်သည်” ဟုလည်း ၎င်းကပြောသည်။
ငှက်ပျောစိုက်ခင်းများတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားအများစုမှာ မည်သည့်အကာအကွယ်ပစ္စည်းမှ မပါပဲ ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများအား ကိုင်တွယ်လုပ်ကိုင်နေကြရသည်။ ဓာတ်ပုံ-ခွန်လီ
ထို့ပြင် ထိုစိုက်ခင်းများမှာ အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများထဲတွင် ပိုမိုကျယ်ပြန့်သည်ဟု ၎င်းကဆိုသည်။ ဖောင်ဒေးရှင်းက ကူညီနေသည့် ကုမ္ပဏီများက ထိုနယ်မြေများတွင် လုပ်ငန်း လုပ်ကိုင်နေခြင်းမရှိဟု ၎င်းကပြောသည်။
ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး ဦးမြသိန်းကမူ ငှက်ပျောစိုက်ခင်းများ တိုးချဲ့မှုတွင် ဖောင်ဒေးရှင်းက သွယ်ဝိုက်ပတ်သက်မှု ရှိနိုင်သည်ကို သတိပြုမှုပြီး အခြားသူများနှင့်အတူ ပတ္တမြားနဂါးဖောင်ဒေးရှင်းက ပါဝင် ပတ်သက်နေသည့် အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။
တရုတ်၏ ထိန်းချုပ်မှု
ကချင်ပြည်နယ်လွှတ်တော်၊ ဝိုင်းမော် မဲဆန္ဒနယ်-၂ ကိုယ်စားပြု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ် ဦးနောလီက ပြည်နယ်အစိုးရအနေဖြင့် ငှက်ပျောစိုက်ခင်းများနှင့် ပတ်သက်ပြီး ရပ်တည်ချက်သဘောထားတစ်ခုရှိရန်နှင့် စိုက်ခင်းမျာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ဖော်ထုတ်ပေးရန် ၂ဝ၁၆ ခုနှစ်ကတည်းက တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ မကြာသေးမီက စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သော်လည်း ပြည်နယ်အာဏာပိုင်များအနေဖြင့် ပါဝင်ပတ်သက်နေသည့် အင်အားကြီးမားသူများအပေါ် အနည်းဆုံးကာလတိုပင်ဖြစ်စေ ကျော်လွှားနိုင်ခြင်းရှိမရှိကို ဦးနောလီက သံသယရှိနေသည်။
“ပြည်နယ်အစိုးရဟာ ဒီပြဿနာကို ချက်ခြင်းဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီစိုက်ခင်းတွေဟာ သိပ်ကို ကျယ်ပြန့်နေပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ ထင်ရှားတဲ့ စီးပွားရေးသမားတွေအပေါ် သြဇာလွှမ်းနိုင်တဲ့ပါဝါ ပြည်နယ်အစိုးရမှာ မရှိလို့ဖြစ်ပါတယ်” ဟု ၎င်းက Frontier ကို ပြောသည်။
အဆိုပါငှက်ပျောစိုက်ခင်းများက ပြည်နယ်အတွက်ဖြစ်စေ၊ နိုင်ငံတော်အတွက်ဖြစ်စေ အကျိုးအမြတ်မရှိဟု ၎င်းက ခံယူထားသည်။ “ဒီစိုက်ခင်းအလုပ်သမားတွေ ရတဲ့လုပ်ခက အရမ်းနည်းပါတယ်။ ဒါ့အပြင် တရုတ်တွေဟာ ဘယ်တော့မှ သူတို့ရဲ့ နည်းပညာကို မပေးဘူး” ဟု ၎င်းကပြောသည်။ တစ်ရှူးငှက်ပျောစိုက်ပျိုးသည့် ဇီဝနည်းပညာကို ၎င်းက ရည်ရွယ်ပြောကြားခြင်း ဖြစ်သည်။
အဆိုပါစိုက်ခင်းများတွင် မြန်မာနိုင်ငံအလယ်ပိုင်းမှ ဗမာလူမျိုးများနှင့် ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုး ရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်လုပ်ကိုင်နေသည်ကို Frontier က မြင်တွေ့ခဲ့သည်။ Frontier က တွေ့ဆုံခဲ့သည့် အလုပ်သမား ၁ဝ ဦးမှာ မကွေးတိုင်းဒေသကြီးမှဖြစ်ပြီး တစ်ဦးလျှင် အပင် ၈ဝဝဝ ကျော်အား စောင့်ရှောက်နေကြရသည်။
၎င်းသည် မိသားစုဝင်ရှစ်ဦးနှင့်အတူ မကွေးမှ ၂ဝ၁၆ ခုနှစ်တွင် ရွှေ့ပြောင်းလာခဲ့သည်ဟု ဦးကျော်ထွန်းက ပြောသည်။ ၎င်းတို့၏ အလုပ်အား တရုတ်များက အနီးကပ်ကြီးကြပ်စေခိုင်းသည်ဟု ၎င်းကပြောသည်။ “အပင်တွေမှာ မြေသြဇာဘယ်လောက် ပိုးသတ်ဆေးဘယ်လောက် သုံးရတယ်ဆိုတာ ကျွန်တော်တို့မသိပါဘူး။ တရုတ်တွေက ကျွန်တော်ကို စကားပြန်ကနေတဆင့် ခိုင်းတယ်” ဟု ၎င်းက ဆိုသည်။
စိုက်ခင်းအတွက် အသုံးပြုမည့် ဓာတုဆေးဝါးများနှင့် အခြားသွင်းအားစုအားလုံးကို တရုတ်နိုင်ငံမှ ယူဆောင်လာသည်ဟုလည်း ၎င်းကပြောသည်။ တရုတ်စာများ ရေးသားထားသည့် ဓာတုဆေးကတ်ထူပုံးများ စိုက်ခင်းအတွင်းရှိ မြေပြင်ပေါ်တွင် ပျံ့ကျဲနေသည်ကို Frontier က မြင်တွေ့ခဲ့သည်။
တရုတ်ရင်းနှီးမြုပ်နှံသူများနှင့် ကြီးကြပ်သူအများစုသည် ကန်ပိုက်တီးနယ်စပ်ဖြတ်ကျော်စခန်းက ထုတ်ပေးထားသော ရက်သတ္တပတ် နှစ်ပတ်သက်တမ်းရှိ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များကို ကိုင်ဆောင်ထားကြသည်။ သို့သော်လည်း စိုက်ခင်းလုပ်ငန်းအတွက် ကချင်ပြည်နယ်သို့ တရုတ်လူမျိုး အရေအတွက် မည်မျှ ပုံမှန်ဝင်ရောက်နေသည်ကို မသိနိုင်သလို့ ခန့်မှန်းမှုပင် မလုပ်နိုင်ခဲ့ဟု ဦးမြသိန်းက ပြောသည်။
တရုတ်စာများ ရေးသားထားသည့် ဓာတုဆေးကတ်ထူပုံးများ စိုက်ခင်းအတွင်းရှိ မြေပြင်ပေါ်တွင် ပျံ့ကျဲနေသည်။ ဓာတ်ပုံ-ခွန်လီ
နေရပ်စွန့်ခွာရသူများ
၁၇ နှစ်ကြာ အပစ်ရပ်သဘောတူညီချက် ကုန်ဆုံးပြီးနောက် တပ်မတော်နှင့် ကေအိုင်အေကြား ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူများ ယခင်က နေထိုင်ခဲ့သည့် မြေများပေါ်တွင် ငှက်ပျောစိုက်ခင်းအချို့ တည်ရှိနေသည်။ လက်ရှိအချိန်တွင် လူပေါင်း ကိုးသောင်းကျော်မှာ ကချင်ပြည်နယ်ရှိ အိုင်ဒီပီစခန်း ၁၃၁ ခုတွင် နေထိုင်လျက်ရှိပြီး အများစုမှာ မြေလွတ်မြေရိုင်း ပလပ်မြေဆိုင်ရာဥပဒေများနှင့် ၂ဝ၁၂ စိုက်ပျိုးမြေဥပဒေများ မပေါ်ထွက်မီကတည်း နေရပ်မှ ထွက်ပြေးလာခဲ့သူများဖြစ်သည်။
နိုင်ငံတကာ NGO များနှင့် ကချင်ပြည်နယ်အခြေစိုက် NGO တို့ ပူးပေါင်းထားသည့် Durable Peace Programme အဖွဲ့က ၂ဝ၁၈ ခုနှစ်၊ မေလတွင် လုပ်ဆောင်ခဲ့သည့် လေ့လာမှုအရ စစ်ရှောင်စခန်းတွင် ရှိနေသူအများစုသည် ယခင်က အဆိုပါမြေများပေါ်တွင် ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။ ထိုသို့ လုပ်ကိုင်မှုမှာ ဓလေ့ထုံးတမ်းအရ လုပ်ပိုင်ခြင်း၊ သို့မဟုတ် တရားမဝင် ဝယ်ယူလုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့အများစုမှာ စိုက်ပျိုးရေးဖြင့် အသက်မွေးနေကြသောကြောင့် ၎င်းတို့၏ ရွာများသို့ ပြန်လိုကြသည်ကိုလည်း လေ့လာမှုတွင် တွေ့ရှိခဲ့သည်။
သို့သော် လက်နက်ကိုင်ပဋိပက္ခများ၏ ခြိမ်းခြောက်မှု၊ မြေမြုပ်မိုင်းများရှိနေမှုနှင့် တပ်မတော်စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းသွားရန် လိုအပ်မှုတို့ကြောင့် ဒေသခံအများအပြားမှာ ၎င်းတို့၏ မြေများကို အနီးကပ်စောင့်ရှောက်နိုင်ခြင်း မရှိသောကြောင့် အခွင့်မရှိဘဲ ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် လမ်းဖွင့်ပေးထားလို ဖြစ်နေသည်။
သာဓကအနေဖြင့် မြေလွတ်မြေရိုင်းနှင့် ပလပ်မြေများကို အသုံးပြုရေးအတွက် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ လျှောက်ထားလာပါက ရက် ၃ဝ အတွင်း ကန့်ကွက်နိုင်သည့်အကြောင်း ကြေညာချက်အား သက်ဆိုင်ရာဒေသများရှိ အစိုးရရုံးများ၏ အပြင်တွင် ကပ်ထားလေ့ရှိသည်။ IDP စခန်းများတွင် နေထိုင်သူအများအပြားမှာ လိုအပ်သည့် အထောက်အထားဖြင့် ကန့်ကွက်ဆောင်ရွက်နိုင်ရန် မဆိုထားနှင့် ထိုကြေညာချက်အား ကြည့်ရှုနိုင်ရန်ပင် မဖြစ်နိုင်ကြပေ။
စိုက်ပျိုးမြေဥပဒေအရ မှတ်ပုံတင်ထားသည့် မြေယာပင်ဖြစ်လင့်ကစား နှစ်ပေါင်းများစွာ အသုံးမပြုပါက ပလပ်မြေအဖြစ် ကြေညာခံရနိုင်ပြီး စီးပွားရေးလုပ်ပိုင်ခွင့် ရရှိစေနိုင်သည်။
ထွက်ပြေးခဲ့ရသူများထဲမှ နေရပ်သို့ ပြန်လည်သွားရောက်ခွင့်ရခဲ့သူအချို့ကမူ ၎င်းတို့ယခင်က လုပ်ကိုင်ခဲ့ကြသည့် မြေများပေါ်တွင် ငှက်ပျောစိုက်ခင်းများ ရောက်ရှိနေသည်ကို တွေ့ရှိခဲ့ကြသည်။ ဝိုင်းမော်မြို့နယ်က ဂါရာယန်ကျေးရွာတွင် ငှက်ပျောက ရပ်ရွာပိုင်သစ်တောစိုက်ခင်းကို အပိုင်စီးလိုက်ပြီဖြစ်သည်ဟု ကချင်ပြည်နယ်တောင်ပိုင်း မြစ်ကြီးနား-ဗန်းမော်အဝေးပြေးလမ်းပေါ်ရှိ IDP စခန်းတစ်ခုတွင် နေထိုင်နေသည့် ဦးတူးနန်က ဆိုသည်။
“ပြီးခဲ့တဲ့နှစ်ထဲမှာ အဲဒီဧရိယာထဲက စိုက်ခင်းတွေ အလျှင်အမြန်ပဲ ကျယ်ပြန့်လာခဲ့တယ်” ဟု ၎င်းက Frontier ကို ပြောသည်။ သို့သော် သတင်းအချက်အလက်ရရှိမှု အားနည်းပြီး ကြံရာမရဖြစ်နေကြသည့် စခန်းနေသူများထံမှ သဘောတူညီချက်ဖြင့်လည်း စိုက်ခင်းများ တိုးချဲ့လာကြခြင်းများလည်း ဖြစ်ဖွယ်ရှိသည်။ ထိုကဲ့သို့ သဘောတူညီချက်များ ရရှိရန် တရုတ်ရင်းနှီးမြုပ်နှံသူများနှင့် ၎င်းတို့၏ မိတ်ဖက်မြန်မာကုမ္ပဏီများက ငှားရမ်းထားသည့် ပွဲစားများက ညှိနိုင်းပေးခြင်းဖြစ်သည်။ ၎င်းတို့က စခန်းများအထိ သွားရောက်ပြီး စခန်းနေသူများ မြေအငှားစာချုပ်တွင် လက်မှတ်ထိုးပေးရေးအတွက် ယုံကြည်လာအောင် ကြိုးစားကြလေ့ရှိသည်။
“ခင်ဗျားမြေအတွက် အနည်းဆုံးတော့ ခင်ဗျား ပိုက်ဆံရသင့်တာပေါ့” ဟု ပွဲစားများက ပြောကြားကြသည်ဟု ဦးတူးနန်က ပြောသည်။ စခန်းနေသူများအနေဖြင့် ၎င်းတို့၏ မြေယာများဆီသို့ ပြန်သွားရန် လတ်တလော မဖြစ်နိုင်သေးဟူသည့် အမြင်အား အမြတ်ထုတ်နေကြခြင်းလည်းဖြစ်သည်။
မိမိတို့ရဲ့မြေတွေကို ငှက်ပျောစိုက်သူများထံ ငှားရမ်းလိုက်ခြင်းအားဖြင့် အစိုးရ၊ သို့မဟုတ် လက်နက်ကိုင်အဖွဲ့အစည်းများက သိမ်းယူမှုမှ ကာကွယ်ပြီးဖြစ်သွားလိမ့်မည်ဟု ပွဲစားတွေက ပြောကြားကြောင်း ဦးတူးနန်က ဆိုသည်။ ငှက်ပျောစိုက်ကုမ္ပဏီများက စစ်ဘေးရှောင်များအတွက် တရားဝင်မြေယာပိုင်ဆိုင်ခွင့်လက်မှတ်များ ရရှိရန် ကူညီလိမ့်မည်ဟုပင် အချို့သောပွဲစားများက ကတိပေးကြလေ့ရှိသည်။
သို့သော် ထိုအငှားစာချုပ်များမှာ တရားဥပဒေ၏ အာဏာစက်မပါဘဲ စက္ကူပေါ်မှ သဘောတူညီချက်များသာဖြစ်သည်။ မူလလုပ်ကိုင်သူများ၏ မျက်ကွယ်ရာတွင် အစိုးရထံမှ မြေယာအသုံးပြုခွင့် ပါမစ်များ ရရှိအောင် ကြိုးပမ်းနေသည် ကုမ္ပဏီများအား မည်သည့်အရာကမှ ရပ်တန့်နိုင်ခြင်းမရှိပေ။
“ဒါဟာ စစ်ရှောင်တွေကို သူတို့ထောင်ချောက်ဆင်တဲ့နည်းပါ” ဟု ဦးတူးနန်က ပြောသည်။ “မြေယာဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ နောက်ပြီး အခုဆို ကုမ္ပဏီတွေဟာ ကျွန်တော်တို့ရဲ့ မြေတွေကို သိမ်းယူတော့မှာပါ။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ တစ်ရှူးငှက်ပျောတွေကြောင့် ပျက်စီးသွားပါပြီ” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဒေသအား စစ်ပုံစံသွင်းခြင်းနှင့်အတူ ငှက်ပျောစိုက်ခင်းများကလည်း အတိုင်အဖောက်ညီညီ ကျယ်ပြန့်လာနေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ရွာကို သွားတဲ့ လမ်းမှာ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ အများကြီးရှိပါတယ်။ ရွာထဲဝင်ဖို့ စစ်တပ်ရဲ့ ခွင့်ပြုချက်ရဖို့ လိုပါတယ်။ ဒေသခံတွေကိုတော့ တင်းကြပ်ထားပြီး ငှက်ပျောစိုက်တဲ့ ကုမ္ပဏီတွေကိုတော့ တပ်မတော်က ဘာကြောင့် အထိန်းအချုပ်မဲ့ လွတ်လပ်ခွင့်ပေးနေတာလဲ” ဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။
“တရုတ်စီးပွားရေးသမားတွေက အစိုးရဆီက ဘယ်လိုအရေးယူမှုကိုမှ မစိုးရိမ်ဘူး။ သူတို့လုပ်ချင်တာ လုပ်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လက်နက်ကိုင်အုပ်စုတွေနဲ့ရော၊ အစိုးရအရာရှိတွေနဲ့ပါ သူတို့က မိတ်ဆွေတွေလေ” ဟု လာယန်ခေါင်ဒေါက ပြောသည်။
“ကျွန်တော့မြေကို တရုတ်ကုမ္ပဏီဆီက ပြန်လိုချင်ပါတယ်။ ငှက်ပျောစိုက်ခင်းတွေဟာ ကချင်ပြည်သူတွေအတွက် ဘာမှအကျိုးမရှိပါဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ခေါင်းစီးဓာတ်ပုံ- ဝိုင်းမော်မြို့နယ်တွင်းရှိ ငှက်ပျောစိုက်ခင်းတစ်ခုမှ အလုပ်သမားတစ်ဦး။ ဓာတ်ပုံ-ခွန်လီ
ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။