UPDATE: ဦးထင်ကျော် သမ္မတ ရာထူးမှ နုတ်ထွက်၊ ဦးဝင်းမြင့်အား ရွေးချယ်ဖွယ်ရှိဟု သတင်းထွက်ပေါ်

UPDATED:

ဦးထင်ကျော်သည် “လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့်” ဟုဆိုကာ မတ် ၂၁ ရက်နေ့မှ စတင်ပြီး နိုင်ငံတော်သမ္မတရာထူးမှ နုတ်ထွက်သွားရာ လစ်လပ်သွားသည့် ရာထူးတွင် အစားထိုးရန်အတွက် ဦးဝင်းမြင့်အား ရွေးချယ်ဖွယ်ရှိသည်ဟု သတင်းများ ပေါ်ထွက်နေသည်။

ဦးထင်ကျော်သည် ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှ အနားယူတော့မည်ဟူသည့် သတင်းများ ပြီးခဲ့သည့်နှစ်ကတည်းက ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က စင်ကာပူနိုင်ငံနှင့် ပြီးခဲ့သည့်ဇန်နဝါရီလက ထိုင်းနိုင်ငံသို့ ဆေးကုသရန် သွားရောက်ခဲ့ကြောင်းလည်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ဖူးသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားချက်အရ ဒုတိယသမ္မတနှစ်ဦးအနက် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်စဉ်က ဒုတိယမဲအများဆုံး ရရှိထားသည့် ဒုတိယသမ္မတက ယာယီသမ္မအဖြစ် ထမ်းဆောင်ရမည်ဖြစ်သည်။ ထိုကြောင့် ပြည်ထောင်စုလွှတ်တော်က သမ္မတတစ်ဦးအား ရွေးချယ်ပြီးချိန်အထိ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ဦးထင်ကျော်ရာထူးမှ နုတ်ထွက်သွားခဲ့ပြီးနောက် သမ္မတသစ်ရွေးချယ်ရန် ပြည်သူ့လွှတ်တော်က ဒုသမ္မတတစ်ဦးကို ရွေးချယ်ရမည်ဖြစ်ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား ရွေးချယ်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

“ဦးဝင်းမြင့်ပဲ (သမ္မတ) ဖြစ်လေမလားလို့လည်း တွေးကြရတာပေါ့ဗျာ” ဟု အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ သတင်းပြန်ကြားရေးကော်မတီ၏ အတွင်းရေးမှူး မုံရွာအောင်ရှင်က Frontier ကို ပြောကြားသည်။

“ဖွဲ့စည်းပုံအရတော့ နောက်ထပ် ခုနစ်ရက်မှာ သမ္မတအသစ်တယောက်ကို ရွေးချယ်ရမယ်ဆိုတာပါတော့ ဒါကို လွတ်တော်က လုပ်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ ယနေ့နုတ်ထွက်သွားပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က ကြေညာခဲ့သည်။

သမ္မတရုံး၏ ကြေညာချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတ ရာထူးကို အလုပ်လုပ်ရက် ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဦးထင်ကျော်သည် သမ္မတအဖြစ်မှ မတ် ၂၁ ရက်နေ့တွင် နုတ်ထွက်သွားပြီဖြစ်သည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဦးထင်ကျော်သည် သမ္မတအဖြစ်မှ မတ် ၂၁ ရက်နေ့တွင် နုတ်ထွက်သွားပြီဖြစ်သည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

လစ်လပ်သွားသည့် သမ္မတရာထူးကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်ဟုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။

လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတကို ဒုတိယသမ္မတအဖြစ် ဦးစွာရွေးချယ်တင်မြှောက်ပေးခဲ့သည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ် တင်မြှောက်ပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်အကြီးအမှူးက ဆောင်ရွက်ပေးရမည်လည်း ဖြစ်သည်။

ဦးထင်ကျော်အား ပြည်သူ့လွှတ်တော်က ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည့်အတွက် ဒုတိယသမ္မတတစ်ဦးကို ပြည်သူ့လွှတ်တော်က ထပ်မံရွေးချယ်ပေးရမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်သည့် သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရမည်ဟုလည်း အခြေခံဥပဒေတွင် ပြဌာန်းထားသည်။

ထို့ကြောင့် အသစ်ရွေးချယ်မည့် ဒုတိယသမ္မတနှင့် လက်ရှိ ဒုတိယသမ္မတနှစ်ဦးဖြစ်သော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့သုံးဦးထဲမှ တစ်ဦးအား သမ္မတသစ်အဖြစ် ထပ်မံရွေးချယ်ကြမည်ဖြစ်သည်။

More stories

Related stories

Latest Issue

Stories in this issue
Myanmar enters 2021 with more friends than foes
The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.
Will the Kayin BGF go quietly?
The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar