ရန်ကုန်၊ ဇွန် ၁၆
တပ်မတော်နှင့် ပတ်သက်သည့် သရော်စာ ရေးသားဖြန့်ဝေသည်ဟုဆိုကာ အမှုဖွင့်ခံထားရသည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ဒုတိယအကြိမ်မြောက် အာမခံလျှောက်ထားမှုကို ဗဟန်းမြို့နယ် တရားရုံးက ယနေ့ ပယ်ချလိုက်ကာ ဆောင်းပါးရေးသူ ဗြိတိသျှကိုကိုမောင်ကိုမူ ရဲတပ်ဖွဲ့က အမှု ရုပ်သိမ်းကာ ပြန်လွှတ်ပေးလိုက်သည်။
ဦးကျော်မင်းဆွေဖက်မှ အကျိုးဆောင်ရှေ့နေက ဦးကျော်မင်းဆွေသည် ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုရှိသဖြင့် ပြင်ပဆရာဝန်များထံတွင် ဆေးကုသမှုခံယူခဲ့သည့် ဆေးမှတ်တမ်းအထောက်အထားများကို တင်ပြကာ အာမခံ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ထိုသို့လျောက်ထားခဲ့သော်လည်း ထောင်တွင်းဆရာဝန်များ၏ ဆေးထောက်ခံစာကို မရရှိခဲ့သဖြင့် တရားသူကြီး ဒေါ်သရဖီအောင်က ယနေ့ရုံးချိန်းတွင် ပယ်ချလိုက်ခြင်းဖြစ်သည်။
အကျဉ်းဦးစီးဌာနအနေဖြင့်လည်း အာမခံရရှိရေးအတွက် ထောင်တွင်းဆရာဝန်များ၏ ဆေးထောက်ခံစာများကို ရေးသားပေးခြင်း မပြုရန် ညွန်ကြားချက်ကို လွန်ခဲ့သည့် ငါးနှစ်ခန့်ကပင် ထုတ်ပြန်ထားသဖြင့် ဆေးထောက်ခံစာ ပေးအပ်လေ့ မရှိတော့ကြောင်း အင်းစိန်အကျဉ်းထောင် ထောင်ပိုင်ကြီး ဦးမျိုးဦးက Frontier ကို ပြောကြားသည်။
“ကျွန်တော်ရက်စွဲကိုတော့ အတိအကျမသိပါဘူး။ ဒါပေမယ့် ထောင်တွင်းဆေးကုသမှု ထောက်ခံချက်ကို ဘယ်သူကိုမှ ထောက်ခံရေးသားပေးပို့ခွင့် မပြုတော့ပါဘူး” ဟု၎င်းကဆိုသည်။
ယနေ့ရုံးထုတ်မှုတွင် မြို့နယ်ဥပဒေရုံးမှ မြို့နယ်တရားရုံးသို့ အမှုကို လျှောက်ထားပေးပို့ခဲ့ပြီး တရားရုံးကလည်း အမှုကို ကြားနာရန် လက်ခံခဲ့သဖြင့် ဇွန် ၂၃ ရက်နေ့တွင် ထပ်မံပြုလုပ်မည့် ရုံးချိန်းတွင် တရားလိုသက်သေများ လက်ခံစစ်ဆေးခြင်းများကို ပြုလုပ်မည် ဖြစ်သည်။
ဆောင်းပါးရေးသူကို အမှုရုပ်သိမ်း
ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၀(ခ) တွင် အဆိုပါဥပဒေ၏ ပြစ်မှုတစ်ခုခုအရ တရားစွဲဆိုရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်ဟု ဖော်ပြပါရှိသည့်အတိုင်း ယနေ့ရုံးထုတ်ရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ သဘောထားကို သက်ဆိုင်ရာရဲစခန်းထံသို့ ပေးပို့ခဲ့သည်။
ပေးပို့ချက်အရ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ၆၆(ဃ)ဖြင့် တရားစွဲဆိုရန် ဝန်ကြီးဌာနက ခွင့်ပြုသည်ဟု ဖော်ပြထားပြီး ဆောင်းပါးရေးသားသူမှာမူ ပုံနှိပ်ထုတ်ဝေရန်အတွက် ရေးသားသည်ဟု ယူဆကာ အမှုနှင့် သက်ဆိုင်မှုမရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ဆောင်းပါးရေးသားသူ ဦးကျော်စွာနိုင် (ခ) ဗြိတိသျှကိုကိုမောင်အား အမှုဖွင့် အရေးယူထားသည့် ပုဒ်မ ၆၆(ဃ) ကို ဥပဒေရုံးအကြံပြုချက်အရ ရဲတပ်ဖွဲ့က ရုပ်သိမ်းကာ ယနေ့တရားခွင် မဝင်မီအချိန်တွင် ပြန်လွှတ်ပေးခဲ့သည်။ ဦးကျော်မင်းဆွေမှာမူ အင်တာနက်ကွန်ယက်ကိုအသုံးပြုကာ ဖြန့်ဝေခဲ့သည်ဟု ယူဆချက်ဖြင့် အမှုကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။
တပ်မတော်၏ ဝါဒဖြန့် ရုပ်သံဇာတ်လမ်းဖြစ်သည့် “ပြည်ထောင်စုသစ္စာ” ကို “ကျည်ထောင်စုသစ္စာ” ဟူသည့်အမည်ဖြင့် သရော်စာရေးခဲ့သည့် စာရေးသူ ဗြိတိသျှကိုကိုမောင်နှင့် ထိုဆောင်းပါးကို အင်တာနက်တွင် ဖော်ပြခဲ့သည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့အား တပ်မတော်က မေ ၁၇ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ဇွန် ၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၆၆ (ဃ) အတွက်သာ အများဆုံး အကြောင်းပြန်ပေးနေရ
ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ကြိုတင်တောင်းခံရမည်ဟု ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း ၎င်းဥပဒေဖြင့် တရားစွဲဆိုနိုင်ရန် ဝန်ကြီးဌာနသို့ ခွင့်ပြုချက်တောင်းဆိုရာတွင် အင်တာနက်ကွန်ယက်တစ်ခုခုကိုအသုံးပြုကာ အသရေဖျက်ခြင်းနှင့် ပတ်သက်သည့်အမှုများသာ အများဆုံးဖြစ်နေသည်ဟု ထိုဝန်ကြီးဌာနမှသိရသည်။
“၆၆(ဃ)မှာမှ အွန်လိုင်းက အသရေဖျက်တဲ့ကိစ္စတွေနဲ့ တရားစွဲဖို့ ခွင့်ပြုချက်တောင်းတာအများဆုံးပဲ။ ကျန်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းရတာ တစ်ခုနှစ်ခုပဲရှိတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆွေကပြောသည်။
ဆက်သွယ်ရေးဥပဒေကို မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ကာ ဝန်ကြီးဌာနနှင့် ပြည်တွင်းပြည်ပ ရင်နှီးမြှပ်နံှသူ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဦးတည်ရေးဆွဲခဲ့ခြင်းလည်း ဖြစ်သည်။
ဝန်ကြီးဌာန ရောက်ရှိလာသော ခွင့်ပြုချက်တောင်းခံသည့် စာများကိုစစ်ဆေးရာတွင် စွပ်စွဲခံရသူက အင်တာနက် ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အမှန်တကယ် သုံးစွဲခဲ့ခြင်းရှိမရှိကိုသာ စစ်ဆေးပြီး မှတ်ချက် ရေးသားပေးပို့ရသည်ဟု ဦးမျိုးဆွေက ပြောသည်။
ဇွန် ၈ ရက်နေ့နှင့် ယနေ့ရုံးထုတ်ရက် မတိုင်မီကာလအတွင်း ဝန်ကြီးဌာနက ၎င်းတို့၏ ခွင့်ပြုချက်ကို လုပ်ထုံးလုပ်နည်းများအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ ရဲစခန်းထံ ပေးပို့ခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့က ဥပဒေရုံးသို့ တင်ပြခဲ့ခြင်းဖြစ်သည်။
သတင်း-ဟိန်းကိုစိုး