အေအက်ဖ်ပီ
လူမှုကွန်ရက်ဖြစ်သည့် Facebook ပေါ်မှ ဓာတ်ပုံများကြောင့် မန္တလေးမြို့အနီးတွင် အကြီးအကျယ်စိုက်ပျိုးထားသည့် ဆေးခြောက်စိုက်ခင်းကြီးကို မြန်မာရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီးနောက် အမေရိကန်တစ်ဦးနှင့် ဒေသခံနှစ်ဦးကို ဖမ်းဆီးလိုက်သည်။
အဆိုပါစိုက်ခင်း၏ ဓာတ်ပုံများက Facebook ပေါ်တွင် ပြီးခဲ့သည့်ရက်သတ္တပတ်က စတင်ပျံ့နှံ့နေခဲ့သည်။ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် ဓာတ်ပုံမျာအား မြင်နေကျဖြစ်သည့် မြန်မာနိုင်ငံတွင် ထိုသို့စိုက်ခင်းကြီး၏ မြင်ကွင်းမျိုးကိုမူ တွေ့မြင်ရခဲသည်။
ငါးဇွန်မြို့နယ်ရှိ ဧက ၂၀ ရှိ စိုက်ခင်းသို့ ဧပြီ ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ ဆေးခြောက်ပင် ၃၅၀,၀၀၀ ခန့်အား တွေ့ရှိခဲ့ကြသည်။ အချို့သောအပင်များမှာ ခြောက်ပေခန့်အထိ မြင့်မားနေပြီဖြစ်သည်။ ထို့ပြင် ဆေးခြောက်အစေ့(မျိုးစေ့) ၃၈၀ ကီလိုဂရမ်၊ ဆေးခြောက် ၂၇၀ ကီလိုဂရမ်တို့ကိုလည်း တွေ့ရှိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဧပြီ ၂၄ ရက်နေ့တွင် ပြောကြားသည်။
ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသား အသက် ၆၃ နှစ်ရှိ Fredric Todoroki နှင့်အတူ မြန်မာနိုင်ငံသားများဖြစ်သည့် အသက် ၃၇ အရွယ် ရှိန်းလတ်နှင့် အသက် ၂၃ နှစ်အရွယ် မရွှန်းလဲ့မြတ်နိုးတို့အား ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံထဲတွင် တွေ့မြင်ရသည်။
အခြားအမျိုးသားတစ်ဦးဖြစ်သည့် အသက် ၄၉ နှစ်ရှိ Alexander Skemp Todoroki မှာမူ လွတ်မြောက်နေဆဲဖြစ်သည်ဟု မူးယစ်တပ်ဖွဲ့က ပြောကြားသည်။
၎င်းမှာလည်း အမေရိကန်နိုင်ငံသားပင်ဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
ငါးဇွန်မြို့နယ်ရှိ ဧက ၂၀ ရှိ စိုက်ခင်းသို့ ဧပြီ ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ ဆေးခြောက်ပင် ၃၅၀,၀၀၀ ခန့်အား တွေ့ရှိခဲ့ကြသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ဖမ်းဆီးထားသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အရေးယူထားပြီး ၎င်းတို့တွင် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါက မည်သည့်ပြစ်ဒဏ်ကျခံရမည်ကိုမူ သဲသဲကွဲကွဲမသိရှိရသေးပေ။
“ဒီဟာတွေ (ဆေးခြောက်စိုက်ခင်း)ရှိနေတာ ကျွန်တော်တို့ မသိပါဘူး” ဟု အမည်မဖော်လိုသည့် ဒေသခံရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။
“သတင်းရတဲ့အခါမှဘဲ အဲဒါကို တွေ့ရှိခဲ့တာပါ” ဟု ၎င်းကပြောသည်။
ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး Facebook ပေါ်တွင် တုန့်ပြန်မှုများ အလျှင်အမြန်ပေါ်ထွက်လာပြီး အချို့ကလည်း ဖမ်းဆီးမှုကို ချီးကျူးခဲ့ကြသည်။
အချို့ကမူ ယခုလို စိုက်ပျိုးသူများအနေဖြင့် ဤမျှကာလကြာသည့်အထိ မည်သို့မည်ပုံ လူမသိလူမသိ ဆောင်ရွက်ကြသနည်းဟုလည်း မေးခွန်းထုတ်ခဲ့ကြသည်။
“မီးရှို့ဖျက်စီးမယ့်နေရာသိရင်ပြောကြပါအုံး၊ လေသင့်ရာအရပ်မှာနေမလို့” ဟုလည်း စန်းယုကိုကိုက ရေးသားထားသည်။