ဉာဏ်လှိုင်လင်း ရေးသားသည်။
အပြန်အလှန်ဆွေးနွေးခြင်းနဲ့ ဆုံးဖြတ်ခြင်းတွေ ပြုလုပ်ဖို့မရှိတဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးက ဆွေးနွေးချက်များကို မှတ်တမ်းတင်ရုံသာမကဘဲ မကြာခင်မှာ နိုင်ငံအနှံ့ ပြုလုပ်သွားဖို့စီစဉ်နေတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အသုံးပြုသွားမယ်လို့ ညီလာခံကျင်းပရေးကော်မတီ တာဝန်ရှိသူတွေက ပြောကြားပါတယ်။
“နိုင်ငံရေးမှာ ဘယ်လိုသွားချင်လဲ။ စီးပွားရေးမှာ ဘယ်လိုသွားချင်လဲ။ စိတ်ကူးစိတ်သန်းတွေ အများကြီးထွက်လာမယ်။ တူတာတွေစုပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ စဉ်းစားဆွေးနွေးနိုင်အောင် ချပေးတာတွေ လုပ်မှာပါ” လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ကျင်းပရေး ပူးတွဲကော်မတီအဖွဲ့ဝင်ဖြစ်သူ ဦးခင်ဇော်ဦးက သြဂုတ် ၃၁ ရက်နေ့က ညီလာခံဖွင့်ပွဲအပြီး ညနေပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Frontier ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးလည်းဖြစ်တဲ့သူက “အလဟဿ ဖြစ်မသွားပါဘူး”လို့လည်း ပြောခဲ့ပါသေးတယ်။
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုပြီးသား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အခု နေပြည်တော်မှာ ကျင်းပနေတဲ့ ငါးရက်ကြာ ညီလာခံပြီးတာနဲ့ ဒေသ၊ အကြောင်းအရာ၊ လူမျိုးစတဲ့ အကြောင်းသုံးချက်အပေါ် အခြေခံတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေကို နိုင်ငံအနှံ့မှာပြုလုပ်ဖို့ ဆန္ဒရှိနေပေမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ကို နှစ်ဖက် သဘောမတူနိုင်ကြသေးသလို NCA မထိုးရသေးတဲ့အဖွဲ့တွေ ဘယ်လိုပါဝင်နိုင်မလဲဆိုတဲ့ကိစ္စဟာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
ညီလာခံဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား မိန့်ခွန်းပြောကြားပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး(J)
ညီလာခံဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားသွားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ NCA ရဲ့ ထီးရိပ်အောက်ကို အားလုံး ပါဝင်စေချင်တယ်လို့ တိုက်တွန်းသွားပါတယ်။
“NCAလက်မှတ်ထိုးပြီးဖြစ်တဲ့အဖွဲ့တွေနဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကြားမှာ ဝိဝါဒကွဲပြားမှုတွေ ဖြစ်ပေါ်နေရင် ကျွန်မတို့ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာသွားမှာ ဖြစ်ပါတယ်” လို့ သူက သတိပေးလိုက်ပါတယ်။
ညီလာခံမှာ အဖွင့်မိန့်ခွန်းပြောကြားခွင့်ကို အခမ်းအနားအချိန် နီးကပ်မှ ရရှိခဲ့သူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဥက္ကဋ္ဌ အင်ဘန်လရဲ့ မိန့်ခွန်းမှာတော့ NCA စာချုပ်နဲ့ ပတ်သက်ပြီး တစ်လုံးတစ်ပါဒမှ ထည့်သွင်း မပြောကြားသွားပါဘူး။ သူဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ တပ်မတော်နဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေဆဲဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်ပါတယ်။
တိုင်းရင်းသားတွေထဲက မိန့်ခွန်းပြောခွင့်ရသူ နောက်တစ်ဦးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးကတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပြီး သက်ဆိုင်သူတွေကြားမှာ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို လက်ခံကာ ရဲရဲရင့်ရင့်နဲ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်းသွားပါတယ်။ ၎င်းရဲ့အဖွဲ့ဟာ NCA မှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။
ညီလာခံဖွင့်ပွဲ တက်ရောက်လာတဲ့ သမ္မတဦးထင်ကျော်နဲ့အတူ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ-သိမ့်မွန်စိုး(J)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ “လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးစွာနဲ့ မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစားပေး ဖော်ဆောင်ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်”လို့ သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းသတိပေးခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောကြားတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ NCA လက်မှတ်ရေးထိုးခြင်းရှိရှိ၊ မရှိရှိ လေးစားမှုထားဖို့ တိုက်တွန်းသွားပါတယ်။
ဒီကနေ့စတင်ဖွင့်လှစ်တဲ့ ညီလာခံမှာ ၎င်းတို့အပြင် အမျိုးသားလွှတ်တော်၊ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ နာယက ဦးတင်ဦးတို့လည်း မိန့်ခွန်း ပြောခဲ့ပါသေးတယ်။
ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်ခိုင်သန်း၊ ဒုတိယသမ္မတ ဟန်နရီဗန်ထီးယူတို့နဲ့ စကားပြောဆိုနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)
ညီလာခံကို ရခိုင်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့် အဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K)တို့ကအပ NCA ထိုးပြီးနဲ့ မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့၊ တပ်မတော်၊ နိုင်ငံရေးပါတီများနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဖိတ်ကြားထားသူတွေ တက်ရောက်ကြပါတယ်။
ချင်းအမျိုးသားတပ်ဦး ခေါင်းဆောင် ဒေါက်တာဆလိုင်းလျန်းမုန်းကတော့ “အခုလိုမျိုး အခင်းအကျင်းဟာ နှစ်ပေါင်း ၆၀ ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ် ကာလတစ်လျှောက်လုံး တစ်ခါမှမရခဲ့ဖူးဘူး” လို့ ပြောပါတယ်။
စက်တင်ဘာ ၃ ရက်နေ့အထိ ကျင်းပမယ့် အဲဒီညီလာခံမှာ အစိုးရဖက်က ငါးဦး၊ လွှတ်တော်က ငါးဦး၊ တပ်မတော်က ၁၀ ဦး၊ တိုင်းရင်းသားလက်နက် ၁၇ ဦး၊ နိုင်ငံရေးပါတီများက ၂၂ ဦး၊ တိုင်းရင်းသားပါတီများက ခြောက်ဦးနဲ့ ပါဝင်သင့် ပါဝင်ထိုက်သူ ၁၁ ဦး၊ စုစုပေါင်း ၇၆ ဦးက ၁၀ မိနစ်ဆီ စာတမ်းဖတ်ကြား ဆွေးနွေးရမှာဖြစ်ပါတယ်။
ခြောက်လတစ်ကြိမ်ပြုလုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ညီလာခံကြီးရဲ့ ကြားကာလမှာ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ပြုလုပ်ကြဖို့ တာဝန်ရှိသူတွေက စီစဉ်ထားပါတယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကနေ ရရှိလာတဲ့ ရလဒ်တွေကို အနီးဆုံးကျင်းပမယ့် ညီလာခံမှာ တင်သွင်းရမှာ ဖြစ်ပါတယ်။
ညီလာခံံ တက်ရောက်လာကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း
အဲဒီမှာ သဘောတူဆုံးဖြတ်ချက် ရရင်ရ၊ မရခဲ့ပါက နိုင်ငံရေး ဆွေးနွေးပွဲတွေဆီကို ရလဒ်တွေ ပြန်လည်ပေးပို့ပြီး ဆွေးနွေးစေမယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
“ဒီညီလာခံဟာ ပိတ်သွားမှာမဟုတ်ပါဘူး။ ဆက်တိုက်ဆက်တိုက် ဆောင်ရွက်သွားမှာဖြစ်တယ်။ ပြည်ထောင်စု သဘောတူညီချက်ရမှ ပိတ်မှာ ဖြစ်ပါတယ်”လို့ ဦးခင်ဇော်ဦးက ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ ဒီလိုလုပ်ငန်းစဉ်တွေအတိုင်း သွားနိုင်ဖို့ဆိုရင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား ပူးပေါင်းရေးဆွဲနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ပြီးစီးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာလည်း အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်နိုင်အောင် အစိုးရက ဖြေလျော့ပေးမှုများ လုပ်ပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးကတော့ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံရေး ဆွေးနွေးရေးဆိုင်ရာ လမ်းပြမြေပုံ သဘောတူ ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်ရှိပေမယ့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် လမ်းပြမြေပုံတစ်ခု ချမှတ်ဖို့ လုပ်ငန်းစဉ်တွေမရှိတဲ့အတွက် မူချဖို့လိုတယ်လို့ သူ့မိန့်ခွန်းမှာ ထောက်ပြခဲ့ပါသေးတယ်။
“ဆွေးနွေးဖက်တွေကြားမှာ ရှိနေကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးဆိုင်ရာ အမြင်ကွာဟမှု ကြီးမားနေတယ်ဆိုတာကို သတိမူကြဖို့ လိုပါတယ်” လို့လည်း သူက သတိပေးသွားပါသေးတယ်။