နေပြည်တော်၊ ဧပြီ ၂၇
ယခု ရက်ပိုင်းအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်း ဖြစ်ပေါ်ခဲ့သည့် ကိစ္စများမှာ ပါတီအကွဲအပြဲဖြစ်သည်ဟု မယူဆကြောင်း ပါတီ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ သူရဦးရွှေမန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထို့ပြင် ၎င်းအနေဖြင့်လည်း သမ္မတဟောင်းနှင့် လက်ရှိ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသိန်းစိန်နှင့် ထိပ်တိုက်တွေ့ခြင်းဖြစ်သည်ဟု မယူဆကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီမှ သူရဦးရွှေမန်းအပါအဝင် ပါတီဝင်အချို့အား ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပါတီမှ ထုတ်ပယ်လိုက်ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အရေးပေါ်ပါတီ ညီလာခံကို ခေါ်ယူရန် တောင်းဆိုထားသည်ဟု ကြားသိရကြောင်းဟု သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ပါတီဝင်များ၏ ယနေ့ ထုတ်ပြန်ကြေညာချက်တွင်လည်း ဖော်ပြထားသည်။
“ပါတီ၏ လုပ်ဆောင်မှုများသည် ဥပဒေစည်းမျဉ်းနှင့် ညီညွတ်ရေးအတွက် ပထမအကြိမ် ပါတီညီလာခံက ရွေးချယ်တင်မြှောက်ထားသော ဗဟိုကော်မတီဝင် ထက်ဝက်ကျော်က အရေးပေါ် ပါတီညီလာခံ ခေါ်ယူပေးရန် လက်မှတ်ရေးထိုး တောင်းဆိုထားကြောင်း ကြားသိရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သူရဦးရွှေမန်း အပါအဝင် ပါတီဝင် ၁၇ ဦးအား ပြည်ခိုင်ဖြိုးပါတီမှ ပြီးခဲ့သည့် ရက်များအတွင်း ထုတ်ပယ်လိုက်ပြီးနောက် ယနေ့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယနေ့ မွန်းလွဲ ၁ နာရီမှ စတင်ကာ နေပြည်တော်တွင် ပြုလုပ်နေသည့် ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက ပါတီက ထုတ်ပယ်ခံရသည့် အကြောင်းရင်းကို မသိရှိရသေးဘဲ ပါတီမှ ထုတ်ပယ်ကြောင်း စာကြောင်းရေ သုံးကြောင်းခန့်သာ ပါဝင်သည့် စာကို လက်ခံရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
ယနေ့ ကော်မရှင်၏ ထုတ်ပြန်ချက်တွင်လည်း “ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကော်မရှင်အဖွဲ့ဝင်အများစုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များဖြစ်ကြပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီဝင် အဖြစ်မှ အနားပေးကြောင်း အကြောင်းကြားစာပေးပို့ရာတွင် ကော်မရှင်မှ ပါတီဝင်ဖြစ်သူ အများစု ပါဝင်ကြောင်းသိရှိရပါသည်” ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားကာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်ကိုလည်း ယနေ့ ကော်မရှင်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
“၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် ည(၁၀)နာရီခွဲအချိန်ခန့်တွင် လုံခြုံရေးအဖွဲ့အင်အား အသုံးပြုပြီး ပါတီဌာနချုပ်ရုံးကို စီးနင်းနေရာယူ သိမ်းပိုက်ရှာဖွေပြီးနောက် ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်း လုပ်ဆောင်ခဲ့ပါသည်။ ပါတီညီလာခံနှင့် ပါတီဗဟိုကော်မတီက ရွေးချယ်တင်မြှောက်ထားသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို ဖယ်ရှားပြီး ရက်ပိုင်းအတွင်းမှ ပါတီဝင်ဖြစ်လာသူများနှင့် သာမန်ပါတီဝင်အချို့တို့ကို ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တိုက်ရိုက်ခန့်အပ်ခြင်းတို့သည် တည်ဆဲဥပဒေနှင့် ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ချိုးဖောက်ခြင်း ရှိ/မရှိ အလွယ်တကူ သိမြင်နိုင်မည်ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။
သို့သော်လည်း ထိုအချိန်က ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲချောမော အောင်မြင်စွာဖြစ်မြောက်ရေး၊ ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော်များ ပေါ်ပေါက်ရေး၊ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးနှင့်အစိုးရအဖွဲ့ဖွဲ့စည်းရေးတို့အပြင် သြဂုတ်လ(၁၂)ရက် ညအချိန် ဖြစ်စဉ်တွင် တည်ဆဲဥပဒေနှင့် ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ဖောက်ဖျက်ခဲ့သည့် လူပုဂ္ဂိုလ်များ၏ ဂုဏ်သိက္ခာနှင့် အခြားထိခိုက်နစ်နာမှု မဖြစ်စေရေးနှင့် နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားကို တစ်နည်းမဟုတ်တစ်နည်း ထိခိုက် နစ်နာဆုံးရှုံးမှုများမဖြစ်စေရေးအတွက် သူရဦးရွှေမန်းနှင့် ပါတီလွှတ်တော်ကိုယ်စားလှယ်များက စိတ်ရှည်သည်းခံဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။
ကော်မရှင်အဖွဲ့ဝင်များသည် ပြည်သူများက ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော်၊ အစိုးရအဖွဲ့တို့နှင့် လက်တွဲပူးပေါင်းပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရှေးရှုဆောင်ရွက်နေသည်ဟုလည်း ဖော်ပြထားသည်။
“ဒေါ်စုက အသုံးချတယ်ဆိုရင်လည်း နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် ကျွန်တော်နဲ့ ကျွန်တော့်ကော်မရှင်က ဝမ်းပန်းတသာ ဆောင်ရွက်မှာပါ” ဟု သူရဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
သို့သော်လည်း ၎င်းတို့သည် လက်ရှိ အာဏာရပါတီတွင် ပူးပေါင်း ပါဝင်လုပ်ဆောင်သွားရန် မရှိသေးဟု သူရဦးရွှေမန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
တပ်မတော်နှင့် ပတ်သက်ပြီး မေးမြန်းမှုများကိုမူ မှတ်ချက်တစ်စုံတစ်ရာ ပေးရန်မရှိဟု သူရဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
သတင်း- Frontier