နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
နေပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် ဦးဝင်းထိန်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပြီဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြင်ဦးလွင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်သည် ဖေဖော်ဝါရီ ၉ နေ့တွင် အရေးပေါ် ဆေးရုံ တက်ရောက်ကာ ဆေးကုသမှု ခံယူနေခဲ့ရသည်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညတွင် ဦးဝင်းထိန် ကွယ်လွန်သွားပြီးဖြစ်ကြောင်း လူမှုကွန်ယက် ဖေ့စ်ဘုခ်တွင် သတင်းပေါ်ထွက်လာခဲ့ရာ ၎င်းအား ချစ်ခင် လေးစားသူများအကြား များစွာဂယက်ရိုက်သွားခဲ့သလို မန္တလေးတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်တို့ပါ ဆေးရုံသို့ရောက်ရှိလာကြသည်။
”ညပိုင်း သတင်းလာမေးတဲ့သူတွေက အောက်ဆီဂျင်ပိုက်တပ်ပြီး အိပ်ပျော်နေတာကို ဓာတ်ပုံရိုက်သွားတာပါ။
”တချို့က ယတြာချေတာလားလို့ မေးတာရှိတယ်။ ဦးဝင်းထိန်အနေနဲ့ရော အင်န်အယ်လ်ဒီအနေနဲ့ပါ ဘယ်လို ယတြာမျိုးမှ မလုပ်ပါဘူး” ဟု ဦးကျော်သီဟက FRONTIER ကို ပြောသည်။
ဦးဝင်းထိန်ကလည်း ”ကျွန်တော်ကတော့ အေးဆေးပါပဲ” ဟု ပြောသည်။
ယခုအခါ ၎င်း၏ ကျန်းမာရေးအခြေအနေ တိုးတက် ကောင်းမွန်လာပြီ ဖြစ်ပြီး နောက်ထပ်နှစ်ရက်ခန့်သာ ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူရမည်ဟု သိရသည်။
သတင်း- စိုးသန်းလင်း