မြတ်ကျော်သူ
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အစိုးရအဖွဲ့က Eleven Media Group မှ သတင်းသမား ၃ ဦးကို တရားစွဲဆိုလိုက်ရာ ဝန်ကြီးချုပ်က သတင်းမီဒီယာအပေါ် ဒုတိယအကြိမ်မြောက် ဖိနှိပ်မှု ပြုလိုက်ခြင်းဖြစ်သည်။
အငြင်းပွားဖွယ်ရာ “လက်ပတ်နာရီကိစ္စ” ဖြင့် တရားစွဲဆိုခံခဲ့ရသော Eleven Media Group ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့် အမှု မပြီးပြတ်သေးခင်မှာပင် Eleven မီဒီယာအပေါ် ဒုတိယအကြိမ် ထပ်မံ တရားစွဲဆိုလိုက်ခြင်းလည်း ဖြစ်သည်။
ယခုတကြိမ် စွဲဆိုလိုက်ခြင်းမှာ ယခင်တကြိမ်က ဦးသန်းထွဋ်အောင် ရေးသားသည့် အယ်ဒီတာအာဘော်နှင့် အတွေးအမြင်ဆောင်းပါးပုံစံ မဟုတ်ဘဲ အကြီးတန်းသတင်းထောက် ကိုဖြိုးဝေ ရေးသားထားသည့် “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဟူသည့် ဆောင်းပါးရှည်ကြောင့် ဖြစ်သည်။ အဆိုပါ ဆောင်းပါးကို အောက်တိုဘာ ၈ ရက်၊ တနင်္လာနေ့ထုတ် Eleven Weekly Journal ၏ စာမျက်နှာ ၂၆ တွင် ပုံနှိပ်ဖော်ပြခဲ့သည်။
တရားစွဲဆိုခံရသူသုံးဦးမှာ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ ဖြစ်ကြသည်။
တရားစွဲဆိုသည့် အဖွဲ့အစည်းက တရားရုံးကို တင်ပြသည်မှာ အဆိုပါဆောင်းပါးတွင် ပါဝင်သည့် “ဦးမြင့်သောင်းဆိုသော အမည်အောက်တွင် ပြည်သူ့ဘဏ္ဍာ ရှယ်ယာထည့်ဝင်ထားခြင်း မဟုတ်သဖြင့် မမှန်မကန် မြန်မာ့ ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး၊ အများနှင့် သက်ဆိုင်သော ကုမ္ဗဏီတာဝန်ရှိသူများ၊ ရှယ်ယာဝင်များ ထိတ်လန့်ခြင်း၊ ကြောက်ခြင်း၊ ထူထောင်ထားသော ကုမ္ဗဏီကို အများပြည်သူ အယုံအကြည် ပျက်စေခြင်းတို့အပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်ခြင်းဖြစ်သည်” ဟုဆိုကာ တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားသူကြီးက တရားခွင်၌ ပြောကြားခဲ့သည်။
သတင်းသမားသုံးဦးအား အောက်တိုဘာ ၉ ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခဲ့သည်ဟု သိရပြီး အဆိုပါနေ့ ည ၇ နာရီခန့်တွင် တာမွေမြို့နယ်ရှိ Eleven မီဒီယာရုံးချုပ်သို့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော် ရောက်ရှိလာခဲ့သည်။ သို့သော် ရုံးဆင်းချိန်ဖြစ်သဖြင့် သတင်းသမားသုံးဦးမှာ ရုံးတွင် မရှိတော့ကြောင်း သိရသည်။
အောက်တိုဘာ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် ၎င်းတို့က တာမွေရဲစခန်းသို့ သွားရောက်အစစ်ခံခဲ့သည်။ ထို့နောက် ရဲများက ၎င်းတို့အား တာမွေမြို့နယ် တရားရုံးသို့ ခေါ်ဆောင်သွားကာ ချုပ်ရက်ရမန်ယူပြီးနောက် လက်ထိပ်ခတ်ကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။
Eleven သတင်းသမားများ၏ ရှေ့နေဖြစ်သူ ဦးကြီးမြင့်က “Weekly Eleven မှာပါတဲ့ ဖြိုးဝေရဲ့ YBS နဲ့ ပတ်သက်တဲ့ ဆောင်းပါးနဲ့ ပတ်သက်တာ၊ အဓိက ကောက်နှုတ်၊ အဲဒါကို ကိုးကားပြီးတော့ တရားစွဲတာ” ဟု သတင်းထောက်များကို တရားရုံးအပြီးတွင် ပြောကြားသည်။ ၎င်းတို့အား အောက်တိုဘာ ၉ ရက်နေ့တွင် ဦးတိုက်လျောက်ထား စွဲဆိုသူမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်ဖြစ်သည်ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့တွင် အိမ်ယာစီမံကိန်းအပါအဝင် စီမံကိန်းများ လုပ်ဆောင်ရန် တိုင်းအစိုးရအဖွဲ့က Yangon Metropolitan Development Public Co., Ltd နှင့် New Yangon Development Co.,Ltd တို့ကို တည်ထောင်ထားသည်။
Eleven ၏ ဆောင်းပါးတွင် “Yangon Metropolitan Development Public Co.,Ltd အတွက် ထည့်ဝင် ရင်းနှီးငွေ ကျပ်သန်း ၆၄,ဝဝဝ ရှိပြီး ယင်းတို့အနက် စီမံခန့်ခွဲမှု စရိတ်အဖြစ် ကျပ်သန်း ၁၁ ဒသမ ၄၆၀ ရှိသည်။ ယင်းကြောင့် အသားတင် အရှုံးမှာ ၁၁ ဒသမ ၄၆၀ သန်း ဖြစ်သည်။ ယင်းငွေကြေးများမှာ ၂၀၁၇ ခုနှစ်၊ မတ် ၃ ရက်မှ မတ်လကုန်အထိ ရုံးလုပ်ငန်းနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများအတွက် အသုံးပြုထားခြင်း ဖြစ်သည်။ သို့သော် လုပ်ငန်း မစတင်နိုင်သေးပေ။” ဟု ဖော်ပြပါရှိသည်။
ထို့ပြင် တိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်တို့က အစိုးရအဖွဲ့ကိုယ်စား အစုရှင်များအဖြစ် ပါဝင်နေသည်ဟုလည်း ပါရှိသည်။
“အစုတစုလျှင် ကျပ် တသိန်းနှုန်းဖြင့် ထူထောင်ထားပြီး အများဆုံး ပိုင်ဆိုင်သူမှာ ဦးမြင့်သောင်းဖြစ်ကာ အစုရှယ်ယာပေါင်း ၆၃၉,၅၀၀ အထိ ပိုင်ဆိုင်ထားပြီး ကျန်သူများမှာ အစု ၁၀၀ စီသာ ပါဝင်သည်” ဟု ဖော်ပြထားသည်။
ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) တွင် “မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့ တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ဖြစ်စေ ထိခိုက်သော ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော် လည်းကောင်း၊ အများပြည်သူ၏ သီးခြား လူစုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်” ဟု ဖော်ပြထားသည်။
ထိုပုဒ်မကို ချိုးဖောက်ခဲ့ပါက ထောင်ဒဏ် နှစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကိုဖြစ်စေ၊ သို့မဟုတ် နှစ်ခုလုံးကိုဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း ဖော်ပြထားသည်။
သတင်းသမားသုံးဦးအား အောက်တိုဘာ ၁၇ ရက်နေ့တွင် တာမွေတရားရုံး၌ ထပ်မံရုံးထုတ်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် Eleven မီဒီယာ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ္ဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။