ရန်ကုန်၊ မတ် ၁၇
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီး ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသူလေးဦးအား ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ယနေ့နံနက်ပိုင်းက ရုံးထုတ်စစ်ဆေးခဲ့သည်။
ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြည်ပခရီးစဉ်တစ်ခုမှ ပြန်လည်ရောက်ရှိလာသည့် ဦးကိုနီသည် ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ် အပြင်ဘက်တွင် သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခံခဲ့ရသဖြင့် ထိုနေရာတွင်ပင် သေဆုံးခဲ့ရသည်။ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ကြည်လင်းအား အခင်းဖြစ်ပွားသည့်နေရာတွင်ပင် အငှားယာဉ်မောင်းများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးစဉ် ကြည်လင်းက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးနေဝင်းသေဆုံးခဲ့ရသည်။
ဦးကိုနီအား သတ်ဖြတ်မှုတွင် ပါဝင်မှုများဖြင့် ဖမ်းဆီးထားသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့အား ယနေ့ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အား လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ပြစ်မှုကျူးလွန်သူကို လက်သင့်ခံထားမှု စသည့် ပုဒ်မများဖြင့် စစ်ဆေးနေသည်ဟု သိရသည်။
ဦးကိုနီအား သတ်ဖြတ်ရန် ပူးပေါင်းကြံစဉ်ပြီး ငွေထုတ်ပေးခဲ့သည်ဆိုသည့် အောင်ဝင်းခိုင်မှာမူ လွတ်မြောက်နေဆဲ ဖြစ်သည်။
ဖမ်းဆီးခံထားရသည့် ဇေယျာဖြိုးသည် တပ်မတော်ထောက်လှမ်းရေးမှ ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်ကာ ထွက်ပြေးနေဆဲဖြစ်သည့် အောင်ဝင်းခိုင်မှာ ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မှ နုတ်ထွက်ထားသူဖြစ်သည်။
ဦးကိုနီလုပ်ကြံခံခဲ့ရခြင်းသည် “အစွန်းရောက် မျိုးချစ်စိတ်ကြောင့်” ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ဖေဖော်ဝါရီ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
၎င်း၏ ပြောကြားချက်များအရ “အောင်ဝင်းခိုင်ကို ဖမ်းမိမှသာလျှင်” ထပ်မံတွေ့ရှိချက်များနှင့် အခြား ပူးပေါင်းပါဝင်သူများ ထပ်ရှိနိုင်သေးလားဆိုသည်ကို သိနိုင်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ “ဆက်လုပ်သွားမှာပေါ့” ဟု ပြည်ထဲရေးဝန်ကြီးက ထိုအချိန်က ပြောကြားခဲ့သည်။
အောင်ဝင်းခိုင်သည် အဆိုပါအမှုနှင့် စပ်လျဉ်းပြီး ဒုတိယမြောက် ဖမ်းဆီးရမိထားသူဖြစ်သည့် အောင်ဝင်းဇော်နှင့် ညီတော်စပ်သူတစ်ဦးဖြစ်ပြီး ဦးကိုနီအား လုပ်ကြံရန် အစီအစဉ်ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက စတင်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ဦးကိုနီအား ရန်ကုန်လေဆိပ်တွင် အနီးကပ် လုပ်ကြံသတ်ဖြတ်ခဲ့သူ ကြည်လင်းက ၂၁၀၆ ခုနှစ်၊ သြဂုတ်နှင့် စက်တင်ဘာလများအတွင်း အောင်ဝင်းဇော်ထံ ရောက်ရှိလာပြီး အလုပ်တောင်းခံရာ ဦးကိုနီးအား သတ်ပေးလျှင် ကျပ်သိန်း ၈၀၀၊ ၁,၀၀၀ ခန့် ရရှိနိုင်ကြောင်း ကမ်းလှမ်းခဲ့ရာ ကြည်လင်းက မော်တော်ကားတစ်စီး ဝယ်ပေးလျှင် ရပြီဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အောင်ဝင်းဇော်က ကြည်လင်းအား သိန်း ၈၀၀ ခန့်ပေးပြီး ကျန်သိန်း ၂၀၀ ကို လိုသည့်နေရာတွင် သုံးရန် စီစဉ်ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၉ မမ ပစ္စတို တစ်လက်နှင့် ယင်းကျည် ၁၁ တောင့်ကို ကျပ် ၂၅ သိန်း၊ ၅ လုံးပြုးသေနတ် တစ်လက်နှင့် ယင်းကျည် လေးတောင့်ကို ကျပ် ၂၅ သိန်းဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ဝယ်ယူခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးကိုနီ လုပ်ကြံခံရသည့် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ကြည်လင်းထံ အောင်ဝင်းဇော်က ဆက်သွယ်၍ လေဆိပ်သို့ လာရောက်ရန် အကြောင်းကြားခဲ့ပြီး ရောက်ရှိသည့်အခါ အောင်ဝင်းခိုင်နှင့် တယ်လီဖုန်း စာတို အပြန်အလှန် ပေးပို့ဆက်သွယ်၍ ဦးကိုနီထွက်လာမည့် ဂိတ်ပေါက်ကို အသိပေးခဲ့သည်ကို စစ်ဆေးသိရှိရသည်ဟုလည်း ဖော်ပြထားသည်။
၎င်းတို့အမှုအား မတ် ၂၄ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။