ဆုမြတ်မွန်
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ အသက်ခံရသည့်အမှုအား စစ်ဆေး စီရင်ခဲ့ရာတွင် အထူးခုံရုံးက ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည်ဟု တရားရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့်အဆိုပါအမှုကို အထူးခုံရုံးက တရားရုံးချိန်း ၁၀၀ ကျော်၊ အချိန် ၂ နှစ်ခန့် စစ်ဆေးခဲ့ပြီးနောက် တရားခံလေးဦးအား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
ဦးကိုနီနှင့် ကိုနေဝင်းတို့အား သေဆုံးစေခဲ့သည့် သေနတ်သမား ကြည်လင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁) (ခ) အရ သေဒဏ်နှင့် ပုဒ်မ ၃၀၂ (၂) အရ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သည်။ ထို့ပြင် လက်နက်အက်ဥပဒေ ပုဒ်မ ၁၉ (၄) နှင့် ၁၉ (၆) တို့အရ ထောင်ဒဏ်သုံးနှစ်စီကိုလည်း တစ်ပေါင်းတည်း ကျခံရန် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
အောင်ဝင်းဇော်ကိုမူ ပုဒ်မ ၃၀၂ (၁) (ခ)အရ သေဒဏ်ချမှတ်ခဲ့ပြီး ဇေယျာဖြိုးအား ရာဇသတ်ကြီး ပုဒ်မ ၂၀၁ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်၊ အောင်ဝင်းထွန်းကိုမူ ရာဇသတ်ကြီး ပုဒ်မ ၂၁၂ အရ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်။
ထိုအမှုတွင် အဓိကအရေးပါသူတစ်ဦးဖြစ်သည်ဟု ယူဆထားကြသည့် ဇေယျာဖြိုးအား ထောင်ဒဏ် ၅ နှစ်သာ ချမှတ်ခဲ့ခြင်းကို ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။
ဇေယျာဖြိုးအား မူလက လူသတ်မှုတွင် နောက်ကွယ်က ပူးပေါင်းကူညီမှုဖြစ်သည့် ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့် စွဲဆိုထားခဲ့သော်လည်း ပြစ်ဒဏ်ချမှတ်ချိန်တွင် ထိုပုဒ်မကို ပယ်ဖျက်ခဲ့ပြီး သက်သေခံပစ္စည်း ဖျောက်ဖျက်မှု ပုဒ်မ -၂၀၁ အရ ထောင်ဒဏ် ၅ နှစ်သာ ချမှတ်ခဲ့ခြင်းဖြစ်သည်။
“မူလစွဲချက်တင်ထားတုန်းက ကြီးလေးတဲ့ ပုဒ်မနဲ့ တင်ထားတာဖြစ်တဲ့အတွက် အခု ၂၀၁ ကို ပြောင်းလဲ ချမှတ်နိုင်တယ်လို့ ရာဇဝတ်ကျင့်ထုံးဥပဒေရဲ့ ပြဌာန်းချက်တွေအရ ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်” ဟု အထူးခုံရုံး၏ သတင်းပြန်ကြားရေး ဒုတိယညွှန်ကြားရေးမှူး ဦးရဲလွင်က စီရင်ချက်ချအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။
“စွဲချက်တင်ထားတဲ့ ပုဒ်မနဲ့ ပြစ်မှုစီရင်လို့မရတဲ့အတွက် ငြိစွန်းနေတဲ့ ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရသာ ပြစ်မှုထင်ရှား စီရင်ခဲ့ပါတယ်။ ဘာကြောင့် ပြောင်းလဲစီရင်တယ်ဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ် စီရင်ချက်မှာ ဖော်ပြထားပြီးဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
အမှုအား ၂ နှစ်ကျော်ကြာအောင် စစ်ဆေးခဲ့ခြင်းနှင့် ပတ်သက်ပြီး “ပြောနိုင်တာတစ်ခုကတော့ ကျွန်တော်တို့ အထူးခုံရုံးအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ မပျက်မကွက် ဆောင်ရွက်ခဲ့ပါတယ်” ဟုလည်း ဦးရဲလွင်က ပြောသည်။
သို့သော် ဦးကိုနီ၏ မိသားစုရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်ဌေးက ဇေယျာဖြိုးအား ထောင်ဒဏ် ၅ နှစ် ချမှတ်မှုနှင့်ပတ်သက်ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။
“၂၀၁ အရ ပြောင်းလဲအမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့က ဥပဒေအရဆက်ပြီးတော့ ဆောင်ရွက်သွားမယ်” ဟု ၎င်းက ပြောသည်။ “ဒီဟာနဲ့ပတ်သက်လို့ အမိန့်ကို လုံလောက်တယ်လို့ မထင်ဘူး” ဟုလည်း ၎င်းကပြောသည်။
“ကျွန်တော်တို့ ဥပေဒနဲ့အညီဆောင်ရွက်သလို့ ရှေ့နေချုပ်ရုံးဘက်ကလည်း ပြစ်မှုနဲ့ ပြစ်ဒဏ်ကို သူတို့လည်း မကျေနပ်ဘူး။ အဲဒီတော့သူတို့လည်း သူတို့ဘာသာ အထက်ရုံးအဆင့်ဆင့်ကို ဝင်ပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကိုနေဝင်းမိသားစု၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်ကလည်း ဥပဒေလမ်းကြောင်း တည့်မတ်မှန်ကန်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။“ဥပေဒေလမ်းကြောင်း တည့်မတ် မှန်ကန်စေချင်လို့ ကျွန်တော်တို့ဘက်က (ပြင်ဆင်ချက်)တက်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
“ဥပဒေလမ်းကြောင်းအရ ဘယ်လိုပုံစံမျိုး လွဲသွားတာလဲဆိုရင် ဟိုးပြည်ထောင်စုတရားလွတ်တော်ချုပ်ထိ အတည်ပြုထားတဲ့ စွဲချက်တစ်ရပ်ကို လွယ်လင့်တစ်ကူ ပယ်ဖျက်တာဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါ၊ အဲဒါပဲ” ဟု ၎င်းကပြောသည်။ “အဲဒါကြောင့်မို့ ဆက်တက်မှာ ဖြစ်ပါတယ်” ဟု ဦးရောဘတ်စန်းအောင်က Fronteir ကို ပြောသည်။
ထို့ပြင် ဇေယျာဖြိုးအား စွဲဆိုထားသည့် အခြားအမှုများမှာလည်း ၂ နှစ်ကျော်ကြာသည့်တိုင် ပြီးစီးခြင်းမရှိသေးဟု ၎င်းကပြောသည်။
“နိုင်ငံတော်က အမှုတွေမှန်ကန် မြန်ဆန်ရေးလို့ တစ်လျှောက်လုံး ကြွေးကြော်နေတယ်၊ ဇေယျာဖြိုးနဲ့ ပတ်သက်လို့ မှတ်ပုံတင်အတုကိုင်ဆောင်မှုနဲ့ ဗဟန်းမှာ နှစ်မှု၊ ဆက်သွယ်ရေးနဲ့ပတ်သက်လို့ တစ်မှု၊ တာမွေမြို့နယ်မှာ တစ်မှု၊ အဲဒီအမှုတွေက ၂ နှစ်လောက်ကြာတဲ့အထိမပြီးဘူး။ အဲဒီထဲကိုက ခန့်မှန်းလို့ရနေပြီ။ ဘာလုပ်နေ၊ ဘယ်အကွက်တွေဆိုတာ၊ ဘာကြောင့်မို့ မပြီးတာလဲဆိုတာကို ခန့်မှန်းလို့ ရနေပြီ” ဟု ၎င်းကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီးဦးကိုနီသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြည်ပမှ ပြန်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဦးခေါင်းအား သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရသည်။ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား လိုက်လံဖမ်းဆီးခဲ့သူ တက္ကစီယာဉ်မောင်း ကိုနေဝင်းမှာလည်း သေနတ်သမား၏ ပြန်ခုခံမှုကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။
ဦးကိုနီအား သတ်ဖြတ်မှုတွင် ပါဝင်မှုများဖြင့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့အား ဖမ်းဆီးကာ ထိုနှစ် မတ်လအတွင် စတင်ရုံးထုတ်ခဲ့သည်။ ဦးကိုနီအား သတ်ဖြတ်ရန် ပူးပေါင်းကြံစဉ်ပြီး ငွေထုတ်ပေးခဲ့သည်ဆိုသည့် အောင်ဝင်းခိုင်မှာမူ ယနေ့တိုင် လွတ်မြောက်နေဆဲ ဖြစ်သည်။
ဇေယျာဖြိုးသည် တပ်မတော်ထောက်လှမ်းရေးမှ ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်ကာ ထွက်ပြေးနေဆဲဖြစ်သည့် အောင်ဝင်းခိုင်မှာ ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မှ နုတ်ထွက်ထားသူဖြစ်သည်။
ဦးကိုနီလုပ်ကြံခံခဲ့ရခြင်းသည် “အစွန်းရောက် မျိုးချစ်စိတ်ကြောင့်” ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
၎င်း၏ ပြောကြားချက်များအရ “အောင်ဝင်းခိုင်ကို ဖမ်းမိမှသာလျှင်” ထပ်မံတွေ့ရှိချက်များနှင့် အခြား ပူးပေါင်းပါဝင်သူများ ထပ်ရှိနိုင်သေးလားဆိုသည်ကို သိနိုင်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ “ဆက်လုပ်သွားမှာပေါ့” ဟု ပြည်ထဲရေးဝန်ကြီးက ထိုအချိန်က ပြောကြားခဲ့သည်။
အောင်ဝင်းခိုင်သည် အဆိုပါအမှုနှင့် စပ်လျဉ်းပြီး ဒုတိယမြောက် ဖမ်းဆီးရမိသူဖြစ်သည့် အောင်ဝင်းဇော်နှင့် ညီတော်စပ်သူတစ်ဦးဖြစ်ပြီး ဦးကိုနီအား လုပ်ကြံရန် အစီအစဉ်ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက စတင်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ဦးကိုနီအား ရန်ကုန်လေဆိပ်တွင် အနီးကပ် လုပ်ကြံသတ်ဖြတ်ခဲ့သူ ကြည်လင်းက ၂၁၀၆ ခုနှစ်၊ သြဂုတ်နှင့် စက်တင်ဘာလများအတွင်း အောင်ဝင်းဇော်ထံ ရောက်ရှိလာပြီး အလုပ်တောင်းခံရာ ဦးကိုနီးအား သတ်ပေးလျှင် ကျပ်သိန်း ၈၀၀၊ ၁,၀၀၀ ခန့် ရရှိနိုင်ကြောင်း ကမ်းလှမ်းခဲ့ရာ ကြည်လင်းက မော်တော်ကားတစ်စီး ဝယ်ပေးလျှင်ရပြီဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အောင်ဝင်းဇော်က ကြည်လင်းအား သိန်း ၈၀၀ ခန့်ပေးပြီး ကျန်သိန်း ၂၀၀ ကို လိုသည့်နေရာတွင် သုံးရန် စီစဉ်ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၉ မမ ပစ္စတို တစ်လက်နှင့် ယင်းကျည် ၁၁ တောင့်ကို ကျပ် ၂၅ သိန်း၊ ၅ လုံးပြုးသေနတ် တစ်လက်နှင့် ယင်းကျည် လေးတောင့်ကို ကျပ် ၂၅ သိန်းဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ဝယ်ယူခဲ့သည်။
ဦးကိုနီ လုပ်ကြံခံရသည့် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ကြည်လင်းထံ အောင်ဝင်းဇော်က ဆက်သွယ်၍ လေဆိပ်သို့ လာရောက်ရန် အကြောင်းကြားခဲ့ပြီး ရောက်ရှိသည့်အခါ အောင်ဝင်းခိုင်နှင့် တယ်လီဖုန်း စာတို အပြန်အလှန် ပေးပို့ဆက်သွယ်၍ ဦးကိုနီထွက်လာမည့် ဂိတ်ပေါက်ကို အသိပေးခဲ့သည်ကို စစ်ဆေးသိရှိရသည်ဟုလည်း ဖော်ပြထားသည်။
အမှုနှင့် ပတ်သက်သည့် တရားခံများအား စီရင်ချက်ချမှတ်ခဲ့ပြီး ဖြစ်သော်လည်း အမှုတွင် နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းခဲ့သူဟု သံသယရှိသူ အောင်ဝင်းခိုင်အား ဖမ်းဆီးနိုင်ခြင်း မရှိသေး၍ လုပ်ကြံရခြင်း အကြောင်းရင်းအား မသိရှိရသေးပေ။