လူမှုကွန်ယက် ဝက်ဘ်ဆိုက်တွေ၊ ဘဏ်တွေကိုအသုံးပြုပြီး လောင်းရတဲ့စနစ်တစ်ခုကို ဒိုင်တွေက တီထွင်ခဲ့ပြီး ဘောလုံးပွဲ လောင်းကစားသူများကို ဆွဲဆောင်နေပါတယ်
ထွန်းခိုင် ရေးသားသည်။
ဖဲချပ်ဂိမ်းတွေ၊ တိရိစ္ဆာန်တိုက်ပွဲတွေနဲ့ အားကစားပြိုင်ပွဲတွေအပါအဝင် ဘယ်လိုကစားနည်းဖြစ်ဖြစ် လောင်းကြေးထည့်သွင်းကစားရင် မြန်မာနိုင်ငံမှာပြစ်မှုမြောက်ပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံက စတော့ရှယ်ယာဂဏန်းတွေကို ကံစမ်းတဲ့နှစ်လုံးထီနဲ့ ဥရောပ ဘောလုံးပွဲတွေကို ကြေးထပ်လောင်းပွဲတွေကို မြန်မာနိုင်ငံ အနှံ့အပြား ဘယ်နေရာသွားသွား တွေ့ရပါလိမ့်မယ်။
လောင်းကစားပြုလုပ်ခြင်းဟာ သူတို့အတွက် အန္တရာယ်များပြီး အချိန်မရွေး ထောင်ကျသွားနိုင်တဲ့ ကံစမ်းနည်းတစ်ခုပါ။
ဒီလပိုင်းတွေမှာတော့ လောင်းကစားဒိုင်တွေက ရဲတွေမျက်စိလည်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ လူမှုကွန်ယက် ဝက်ဘ်ဆိုက်တွေ၊ ဘဏ်တွေကိုအသုံးပြုပြီး လောင်းရတဲ့စနစ်တစ်ခုကို ဒိုင်တွေက တီထွင်ခဲ့ပြီး ဘောလုံးပွဲလောင်းကစားသူများကို ဆွဲဆောင်နေပါတယ်။
ဖေ့စ်ဘုတ်လို လူမှုကွန်ယက်တွေသုံးပြီး ဘောလုံးလောင်းကစားလုပ်တဲ့ လုပ်ငန်းဟာ မြန်မာနိုင်ငံမှာ တစ်ဟုန်ထိုး ဖွံ့ဖြိုးလာနေပါတယ်။
“ဒီနည်းက အရင်စာရွက်တွေနဲ့ လောင်းတာထက် ပိုလုံခြုံတယ်။ ပေါက်ကြေးတွေ ဘာတွေလဲ ချက်ခြင်းသိရတယ်”လို့ အင်္ဂလိပ် ပရီးမီးယားလိဂ်ဘောလုံးပွဲတွေကို စိတ်ဝင်တစား လောင်းလေ့ရှိတဲ့ တာမွေမြို့နယ်နေ ကိုအောင်ကျော်ကျော်က ပြောပါတယ်။
သူပြောသလိုပါပဲ။ မြန်မာနိုင်ငံမှာ ဘောလုံးပွဲလို လောင်းကစားပွဲတွေမှာ ပါဝင်ရင် ရာဇဝတ်မှုနဲ့ တရားစွဲခံရမှာဖြစ်ပြီး ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ်သုံးလကနေ အများဆုံးငါးနှစ်အထိ ကျခံရနိုင်ပါတယ်။
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက အစိုးရရဲ့ထုတ်ပြန်ချက်မှာတော့ ၂၀၁၁ ကစလို့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာအထိ ၃၃ လတာကာလအတွင်း လူ ၂၀,၀၀၀ လောက်ကို လောင်းကစားမှုတွေနဲ့ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာတစ်ရက်မှာ လူတစ်ဒါဇင်ခွဲလောက် လောင်းကစားမှုနဲ့ အဖမ်းခံရတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
အခုတော့ ရဲတွေအလွယ်တကူ မဖမ်းနိုင်တဲ့ နည်းစနစ်တစ်ခုကို ဘောလုံးဒိုင်တွေက တီထွင်လိုက်တာပဲ ဖြစ်ပါတယ်။ အနည်းဆုံးဘောလုံးဒိုင် ၂၅ ခုလောက်က ဖေ့စ်ဘုတ်မှာ ဒိုင်အဖြစ် ဖွင့်လှစ်ထားပြီး ထောင်ပေါင်းများစွာသော ဖောက်သည်တွေနဲ့အတူ အပတ်စဉ် လောင်းကစားပွဲတွေကို စီစဉ်နေပါပြီ။
အွန်လိုင်းလောင်းကစားနည်းအသစ်မှာ ဒိုင်တွေဆီကို ထိုးသားတွေက ဘဏ်ကတဆင့် ငွေလွဲပေးရတာဖြစ်ပြီး အနိုင်အရှုံးနဲ့ လောင်းမယ့်ပမာဏကို ဖေ့စ်ဘုတ်၊ ဗိုက်ဘာစတဲ့ စနစ်တွေကို အသုံးပြုပြီး ဆက်သွယ်ရတာဖြစ်ပါတယ်။
နောက်ထပ်တစ်နည်းကတော့ နိုင်ငံတကာက အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုဒ်တွေမှာ မှတ်ပုံတင်တဲ့စနစ်ကို ဒိုင်တွေက ကြားခံလုပ်ပေးတာပါ။ ထိုးသားတွေကိုယ်တိုင် နိုင်ငံတကာဝက်ဘ်ဆိုဒ်တွေကို အွန်လိုင်းကနေ လောင်းကစား လုပ်နိုင်ပြီး ပြည်တွင်းက ဒိုင်တွေကတော့ ငွေသွင်းငွေထုတ်ကိစ္စတွေ စီစဉ် လုပ်ကိုင်ပေးတာ ဖြစ်ပါတယ်။
လူမှုကွန်ယက်တွေအသုံးပြုတဲ့ လောင်းကစားဒိုင်တွေက သူတို့ မည်သူမည်ဝါဆိုတာကို ထုတ်မပြောတဲ့အတွက် အခုအချိန်မှာ ထိုးသားတွေဘက်က မယုံကြည်တဲ့ အားနည်းချက်တွေရှိနေပေမယ့် အနာဂတ်မှာ အလားအလာကောင်း တယ်လို့ အမည်မဖော်လိုတဲ့ အွန်လိုင်း လောင်းကစားဒိုင်တစ်ယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လောင်းကစားနဲ့ ပတ်သတ်ပြီး အစိုးရဘက်က ထိန်းချုပ်နိုင်တာ နည်းနေပြီး အကျိုးဆက်အနေနဲ့ ငွေကြေးရှုံးနိမ့်တဲ့သူတွေက ပြစ်မှုတွေ လွယ်လွယ်ကူကူ ကျူးလွန်လာကြတယ်လို့ ပြည်သူလွှတ်တော်မှာ လောင်းကစား နှိပ်နှင်းဖို့ အစိုးရကို မေးခွန်းထုတ်ခဲ့တဲ့ အမရပူရမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးကပြောပါတယ်။
“ဘောလုံးပွဲရှုံးလို့၊ ကာဆီနိုရှုံးလို့ ဆိုင်ကယ်နဲ့ ပိုက်ဆံလု၊ ပစ္စည်းလုတာ ခဏခဏဘဲ”လို့ သူကပြောပါတယ်။
သမရိုးကျ လောင်းကစားနည်းတွေကိုတောင် အစိုးရက နိုင်နိုင်နင်းနင်း မနှိမ်နှင်းနိုင်ချိန်မှာ အွန်လိုင်းကလောင်းကစား လုပ်တာတွေကို နှိမ်နှင်းနိုင်ဖို့က မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ သူကပြောပါတယ်။