အယ်နီညိုကြောင့် ပူပြင်းသည့် ရာသီဥတု ဖြစ်ပေါ်ကာ ဆန်စပါးအထွက်နည်းမည်ကို ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။ ဓာတ်ပုံ- အန်းဝမ်
အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ ယခုနှစ်၊ ပထမ ခြောက်လအတွင်း ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့် သီးနှံအထွက် ဆုတ်ယုတ်ခြင်းနှင့် စားနပ်ရိက္ခာ ပြတ်လပ်ခြင်းများ ကြုံတွေ့ရဖွယ် ရှိနေသည်
စိုးသန်းလင်း ရေးသားသည်။
၂၀၁၅-၁၆ ခုနှစ်သည် အယ်လ်နီညို အားအကောင်းဆုံးနှစ်ဖြစ်ရာ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ ယခုနှစ်၊ ပထမ ခြောက်လအတွင်း ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့် သီးနှံအထွက် ဆုတ်ယုတ်ခြင်းနှင့် စားနပ်ရိက္ခာ ပြတ်လပ်ခြင်းများ ကြုံတွေ့ရဖွယ် ရှိနေသည်။
အယ်လယ်နီညိုကြောင့် လာမည့် နွေစပါးအထွက် လျော့နိုင်သည့် အနေအထားကို အတိအကျ မခန့်မှန်းနိုင်သေးသော်လည်း အရန်ဆန် လိုအပ်ချက်ကို အတိအကျ ခန့်မှန်းနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက အားထုတ်သင့်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးချမ်းသာဦးက Frontier ကို ပြောသည်။
“အယ်လ်နီညိုဆိုးကျိုးကို ကျော်ဖြတ်ဖို့ အရန်ဆန် ဝယ်ထားသင့်တာကို လက်ခံပါတယ်။ ထပ်မဝယ်ခင်မှာတော့ စပါးစိုက်ဧက၊ အထွက်နှုန်း၊ ပြည်တွင်းစားသုံးမှု စတဲ့ အချက်အလက်တွေကို အသေးစိတ် အတိအကျ ကောက်ယူနိုင်ဖို့ လိုပါတယ်။ အယ်လ်နီညိုကြောင့် အထွက်နှုန်းလည်း လျော့နိုင်သလို ရေရှားတဲ့အတွက် စိုက်ဧကတွေလည်း လျော့နိုင်ပါသေးတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ သတင်းအချက်အလက်တွေက လွဲမှားမှုတွေ ရှိနိုင်တယ်။ အချက်အလက် (data) အများစုက စာရွက်တွေပေါ်မှာပဲရှိပြီး လက်တွေ့မှာ တကယ် မရှိတာ တွေ့ရတယ်။ အရန်ဆန် သိုလှောင်မှုပမာဏနဲ့ ဆန်အိတ်စ်ပို့ ကန့်သတ်ဖို့ကလည်း အဲဒီ data အမှန်တွေ ရမှသာ ဆုံးဖြတ်နိုင်မှာပါ”ဟု ၎င်းကပြောသည်။
ဖြစ်ပေါ်လာနိုင်မည့် ရာသီဥတုအခြေအနေအရ ဆန်ရှားပါးမှု မဖြစ်ပေါ်စေရန် အရန်ဆန် ကြိုတင်သိုလှောင်ရေးနှင့် ဆန်တင်ပို့မှု ထိန်းချုပ်ရေးများကို ပြီးခဲ့သည့် ရက်သတ္တပတ်က ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့ကြသည်။
“ပြီးခဲ့တဲ့အပတ်ထဲမှာ မန္တလေးမှာရှိတဲ့ ကုန်စည်ဒိုင်နဲ့ တရုတ်နိုင်ငံ နယ်စပ် မူဆယ် ကုန်သွယ်ရေးစခန်းမှာရှိတဲ့ ဆန်တင်ပို့ ရောင်းချသူများရဲ့ ပြောကြားချက်အရဆိုရင် တစ်ရက်ကို ဆန်အိတ်ပေါင်း လေးသာင်းနဲ့ ငါးသောင်းကြား၊ တန် ၁,၀၀၀ နီးပါး ထွက်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်က တန်ချိန်ပေါင်း ၁ ဒသမ ၃သန်း ရောင်းပါတယ်။ ဒီနှစ် နှစ်မကုန်သေးဘူး တန်ချိန် ရှစ်သိန်းကျော် ရောင်းချပြီးပြီဆိုတာ သိရှိရပါတယ်။ ဒါကြောင့် နိုင်ငံမှာ ဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတုနောက်ဆက်တွဲ ဆိုးကျိုးပြဿနာ၊ နိုင်ငံမှာရှိတဲ့ လူဦးရေ သိပ်သည်းဆတွေကို တွက်ချက်ပြီးတော့ အရန်ဆန်သိုလှောင်မှုနဲ့ ဆန်ရောင်းချမှုကို ဥပဒေတစ်ခု ပြဌာန်းပြီးတော့၊ သို့မဟုတ် ပေါ်လစီတစ်ခု ချမှတ်ပြီးတော့ ထိန်းချုပ်ဖို့ အချိန်ရောက်နေပါပြီ” ဟု အောင်မြေသာစံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။
မူဆယ်-နမ့်ခမ်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးဌေးဦးက တကယ်တမ်းတွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် တစ်ရက်လျှင် တန် ၂,၅၀၀ မှ ၃,၀၀၀ ခန့်အထိ ရှိခဲ့ပြီး ယခု ရက်ပိုင်းတွင် တန် ၁,၅၀၀ မှ ၂,၀၀၀ ခန့်အထိ ရှိသည်ဟု Frontier ကို ပြောသည်။
“အယ်လ်နီညိုကြောင့် မနှစ်က တစ်နိုင်ငံလုံး ရေကြီးမှုတွေ ဖြစ်ပြီး ရခိုင်ဘက်မှာဆိုရင် မြေနုနုန်းတွေ တင်ကျန်တဲ့နေရာတွေမှာ စပါးအထွက်နှုန်း ပိုကောင်းခဲ့တယ်လို့ ပြောကြတယ်။ ဒီတော့ မိုးစပါး လက်ကျန်က ဘယ်လောက် ရှိနိုင်လဲ၊ ပြည်တွင်းစားသုံးမှုတွေအရ ဘယ်လောက် လိုနိုင်လဲ၊ လာမယ့် နွေစပါး အနေအထားနဲ့ ခန့်မှန်း အထွက် ပမာဏတွေကို အနီးစပ်ဆုံး ချိန်ဆပြီးမှပဲ အရန်ဆန် ဘယ်လောက် သိုလှောင်ရမယ်၊ ဆန်အိတ်စပို့ကို ဘယ်လောက် ကန့်သတ်သင့်တယ် ဆိုတာ ဆုံးဖြတ်နိုင်မှာပါ” ဟု ၎င်းကပြောသည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ဖေဖော်ဝါရီ လဆန်းပိုင်းတွင်
တစ်ရက်လျှင် တန် ၂,၅၀၀ မှ ၃,၀၀၀ ခန့်အထိ ရှိခဲ့ပြီး
ယခု ရက်ပိုင်းတွင် တန် ၁,၅၀၀ မှ ၂,၀၀၀ ခန့်အထိ ရှိသည်
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးချစ်ခိုင်က အရန်ဆန်များ အလုံအလောက် ရှိနေကြောင်း ပြောကြားသည်။
“နွေစပါး ရိတ်သိမ်းချိန်မှာ မိုးသည်းထန်စွာ မရွာခဲ့ရင် ကျွန်တော်တို့ ကြေညာထားသည့်အတိုင်း ဆန်စပါးအတွက် ပူပင်စရာ မရှိပါဘူး၊ လာမယ့် မိုးစပါး အတွက် မိုးရွာသွန်းမှု့ နောက်ကျမှာရယ်၊ ရေရှားပါးမှု ရိုက်ခတ်နိုင်ခြေကို အယ်လယ်နီညိုရဲ့ သက်ရောက် ဆက်စပ်နိုင်တဲ့ အနေအထားတွေ အပေါ်မူတည်ပြီး ကြိုတင် ကာကွယ်မှုတွေ ဆောင်ရွက်ရပါမယ်။ အားလုံး ပါဝင်ဆောင်ရွက်ကြဖို့တော့ လိုပါတယ်”ဟု ၎င်းကပြောသည်။
အယ်လ်နီညိုကြောင့် ပူပြင်း ခြောက်သွေ့မှုသည် စိုက်ပျိုးရေ ပြတ်လပ်မှုကိုသာမက မြစ်ချောင်းများ ရေခန်းခြောက်မှုကိုပါ ဖြစ်စေပြီး ရေအားလျှပ်စစ် ထုတ်လုပ်မှုကိုပါ လျော့ကျစေလိမ့်မည်ဖြစ်ရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၇၀ ရာနှုန်းခန့်ကို ရေအားလျှပ်စစ်အပေါ် တည်မှီနေရသည့် မြန်မာနိုင်ငံအတွက် စိုးရိမ်ရမည့် အခြေအနေဖြစ်သည်။
သောက်သုံးရေ ရှားပါးမှုမှာလည်း ယခင်ကထက် သုံးဆခန့် ပိုလာနိုင်သဖြင့် ကျေးရွာ ၁,၂၀၀ ခန့် ရေပြတ်လပ်မှုများ ကြုံတွေ့ရမည်ဟု ပညာရှင်တို့က ခန်းမှန်းထားကြောင်း၊ ထိုအခြေအနေများကို လွန်မြောက်နိုင်ရန် ပြည်ထောင်စုအစိုးရက ဘက်ပေါင်းစုံမှ ကြိုတင် စီစဉ်ထားရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့ကြသည်။
“ထိရောက်တဲ့ စီမံထားရှိမှုမျိုး လုပ်နိုင်အောင် တစ်နိုင်ငံလုံးက မြို့ရွာတွေရဲ့ အချက်အလက် အမှန်တွေကို ကြိုတင်ရယူထားသင့်ပါတယ်။ သောက်သုံးရေ ရှားပါးမှု ဖြစ်နိုင်ခြေ ခန့်မှန်းချက်တွေကို အရင်လိုပဲ စားပွဲမှာထိုင်ရင်းက တောင်းယူပြီး စာရွက်ပေါ် ဖြည့်လိုက်တဲ့ စနစ်ကို ပြောင်းလဲသင့်ပါတယ်။ နောက်ပြီး တကယ်တမ်း ကြုံလာရတဲ့အခါမှာ အဂတိတရား ကင်းကင်းနဲ့ လုပ်ဆောင်ပေးဖို့လည်း လိုပါတယ်။ အရင် အတွေ့အကြုံတွေအရ အစိုးရရဲ့ ပံ့ပိုးပေးမှုတွေက တောင်သူ လယ်သမားတွေ လက်ထဲ အပြည့်အ၀ မရောက်တာတွေ ရှိခဲ့ပါတယ်” ဟု သနပ်ပင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောကြားသည်။
လာမည့် ခြောက်လအတွင်း မလွဲမသွေ ရင်ဆိုင်ရတော့မည့် အယ်လ်နီညို ဘေးဒဏ်ကို ထိခိုက်မှု အနည်းဆုံးဖြစ်ရေးနှင့် အကောင်းဆုံး ရင်ဆိုင် ဖြတ်ကျော်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက ကြိုတင်ကာကွယ်ရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ကြသည်။
“စာရွက်ပေါ်က စီမံချက်လောက်နဲ့လုပ်နေမယ်ဆိုရင် ၂၀၁၅ ရေကြီး ရေလျှံတုန်းကလိုပဲ ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ မလုပ်နိုင်ဘဲ ဖြစ်ဦးမှာပါ။ အယ်လ်နီညိုဆိုတာ ကြိုပြီးသိနိုင်တဲ့၊ ကာကွယ် ဖြေရှင်းဖို့၊ ကူညီ ထောက်ပံ့ဖို့အတွက် ကြိုပြီး ပြင်ဆင်ထားနိုင်တဲ့ အရာပါ။ ဒီတော့စာရွက်ပေါ်က အစီအမံမျိုးမဟုတ်တဲ့ လက်တွေ့ ထိထိရောက်ရောက် လုပ်ပေးမယ့် အစီအစဉ်မျိုးတွေရှိဖို့ အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဒေါက်တာလှမိုးက ပြောသည်။