ရန်ကုန်၊ မေ ၁၂
အမျိုးသားရေးလှုပ်ရှားသူတွေလို့ သူတို့ကိုယ်သူတို့ ခံယူထားသူတွေကို ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ သီးခြားဖြစ်စဉ်နှစ်ခုနဲ့ ဆက်စပ်ပြီးတော့ အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ပါတယ်။
အမျိုးသားရေးသမားအမည်နဲ့ မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်လေ့ရှိတဲ့ ကိုဝင်းကိုကိုလတ် အပါအဝင်လေးဦးကို အစိုးရက မေ ၁၂ ရက်နေ့မှာ ထိန်းသိမ်းလိုက်သလို မင်္ဂလာတောင်ညွန့်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကိုလတ်နဲ့ မအောင်တို့ကို မေ ၁၁ ရက်နေ့ညက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီက ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့မှာ ခွင့်ပြုချက်မဲ့ ဆန္ဒပြခဲ့တာနဲ့ ပတ်သတ်ပြီး အစိုးရက ကိုဝင်းကိုကိုလတ်အပါအဝင် လေးဦးကို နိုင်ငံတော်အကြည်ငြိုပျက်စေမှု ၅၀၅ (ခ)နဲ့ ကမာရွတ်မြို့နယ်တရားရုံးမှာ ယနေ့ မွန်းလွဲပိုင်းက ရုံးတင်စစ်ဆေးခဲ့ပြီးနောက် တရားရုံးက သူတို့ရဲ့ အာမခံကိုပယ်ချခဲ့တာကြောင့် ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
အမျိုးသားရေးလှုပ်ရှားသူလို့ သူတို့ကိုယ်သူတို့ သုံးစွဲတဲ့ ကိုဝင်းကိုကိုလတ်အပါအဝင် ကိုနိုင်ဝင်းထွန်း၊ ကိုသက်မျိုးဦးနဲ့ ကိုနေဝင်းအောင်တို့ကို ပုဒ်မ ၅၀၅(ခ) နဲ့ ဒုတိယအကြိမ်မြောက် စစ်မေးမှုအဖြစ် ယနေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သူတို့လေးဦးနဲ့အတူ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ ဥက္ကဋ္ဌ ဦးဉာဏဓမ္မ၊ အတွင်းရေးမှူး ဦးသုစိတ္တနဲ့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခတို့လည်း တရားစွဲဆိုခံထားရပေမယ့် ဒီနေ့တရားခွင်မှာတော့ အဲဒီ ရဟန်းသုံးပါးကို မတွေ့ခဲ့ရပါဘူး။
စွပ်စွဲခံထားရသူတွေဟာ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃၀ လောက် စောင့်ကြပ်နေတဲ့ ကမာရွတ်တရားရုံးမှာ မွန်းလွဲ ၂ နာရီလောက်ကတည်းက လာရောက်စောင့်ဆိုင်းနေခဲ့ကြပြီး တရားရုံးအပြင်ဘက်မှာတော့ သူတို့ကို ထောက်ခံသူ ၅၀ ခန့် စောင့်ဆိုင်းနေခဲ့ကြပါတယ်။
မွန်းလွဲ ၂ နာရီ ၃၅ မိနစ်လောက်မှာတော့ တရားသူကြီးရောက်လာခဲ့ပြီး အမေရိကန်သံရုံးရှေ့မှာ ခွင့်ပြုချက်မဲ့ ဆန္ဒပြတဲ့အတွက် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ စွဲဆိုထားတဲ့ စွဲချက်ကို အရင်မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကိုနိုင်ဝင်းထွန်းနဲ့ ကိုသက်မျိုးဦးတို့ရဲ့ ခပ်တိုတို ပြောဆိုချက်တွေကို မိနစ်ပိုင်းမျှ မှတ်တမ်းတင် ကြားနာခဲ့ပါတယ်။
အဲဒီနောက် မြန်မာ့အမျိုးသားရေးကွန်ယက် (Myanmar National Network ) ဥက္ကဋ္ဌဆိုသူ ကိုဝင်းကိုကိုလတ်က သူ့မှာ အပြစ်မရှိကြောင်း၊ စွပ်စွဲချက်တွေဟာ ခိုင်လုံမှုမရှိကြောင်း တရားသူကြီးကို ၄၅ မိနစ်လောက် ထွက်ဆိုခဲ့ပါတယ်။
တရားသူကြီးက သူတို့ ထွက်ဆိုချက်တွေကို ရေးသားမှတ်တမ်းတင်ပြီးတဲ့နောက်မှာ နောက်ထပ်တစ်မှုဖြစ်တဲ့ နိုင်ငံတော်အကြည်ငြိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်မံစစ်ဆေးခဲ့ပါတယ်။
အမှုရင်ဆိုင်ရန်အတွက် ကမာရွတ်တရားရုံးသို့ ယနေ့မွန်းလွဲပိုင်းတွင် ကိုဝင်းကိုကိုလတ် ရောက်ရှိလာစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး
ဒီအမှုနဲ့ ပတ်သက်ပြီး ကိုဝင်းကိုကိုလတ်အပါအဝင် ကိုနိုင်ဝင်းထွန်း၊ ကိုသက်မျိုးဦးနဲ့ ကိုနေဝင်းအောင်တို့က အာမခံလျှောက်ထားခဲ့ပေမယ့် တရားသူကြီးက ပယ်ချခဲ့တာကြောင့် တရားခွင်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ရဲတွေက သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
နောက်တစ်ကြိမ်ရုံးချိန်းကို မေ ၂၂ ရက်နေ့မှာ ပြန်လည်ချိန်းဆိုထားပြီး အမှုတွဲမှာ ပါဝင်နေတဲ့ သံဃာတော်တွေဖြစ်တဲ့ ဦးဉာဏဓမ္မ၊ ဦးသုစိတ္တနဲ့ ဦးပါမောက္ခတို့ကိုပါ အဲဒီနေ့မှာ စစ်မေးဖို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အဓိကလှုံ့ဆော်တယ်လို့ စွပ်စွဲခံထားရတဲ့ ကိုလတ်နဲ့ သူ့ရဲ့အမျိုးသမီးကို ရဲတပ်ဖွဲ့က ယမန်နေ့ညက ဖမ်းဆီးခဲ့ပါတယ်။
အနည်းဆုံး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းဖြစ်စဉ်မှာ မျိုးချစ်အမည်ခံထားသူတွေက မူဆလင်တွေကို ပစ်မှတ်ထား လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။ မေ ၉ ရက်နေ့ ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ကို ရဲတပ်ဖွဲ့က သေနတ်နှစ်ချက် ပစ်ဖောက် တားဆီးခဲ့ရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တင်ထွဋ္ဋ်ဇော် (ခေါ်) ကိုလတ်၊ မအောင်အောင်မြင့် (ခေါ်)မအောင်၊ တင်လင်းထိုက် (ခေါ်)လင်းလင်း၊ အကြီးကောင် (ခေါ်) တင်ဌေးအောင်၊ မြတ်ဘုန်းမိုရ်နှင့် သံဃာတော် ဦးသုစိတ္တ၊ ဦးပညာဝံသတို့ကို ပုဒ်မ ၅၀၅(ဂ)/၃၄ နဲ့ မေ ၁၁ ရက်နေ့မှာ မင်္ဂလာတောင်ညွန့် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကိုလတ်နဲ့ မအောင်တို့ကို မေ ၁၁ ရက်နေ့ ညပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်ရှိတဲ့ ရဟန်းနှစ်ပါးနဲ့ လူသုံးယောက်ကိုလည်း ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
သတင်း-ထွန်းခိုင်