ဝမ်းတွင်း၊ သြဂုတ် ၇
ဆယ်စုနှစ်နှစ်ခုကျော် အဖိအနှိပ်ခံ အနှိပ်ကွက်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အာဏာရ ပြီးနောက်ပိုင်း မူဝါဒချမှတ်ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေလုပ်ငန်းစဉ် အောင်မြင်မှုအပြည့်အဝ မရသေးခြင်းအပေါ် မည်သူ့ကိုမျှ အပြစ်ဆိုရန်မရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဘယ်သူ့ကိုမှ လက်ညှိုးထိုးပြီး အပြစ်မချချင်ပါဘူး။ ဘယ်သူ့ကြောင့်လို့ မပြောချင်ပါဘူး။ အားလုံးမှာ တာဝန်ရှိတယ်လို့ ကျွန်မထပ်တလဲလဲပြောပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သြဂုတ် ၇ ရက်နံနက်ပိုင်းက မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ မြေတိုင်ကန်ကျေးရွာသို့သွားရောက်ကာ ရွာသူရွာသားများနှင့်တွေ့ဆုံပြီးနောက်ပြုလုပ်သော ငြိမ်းချမ်းရေး စကားဝိုင်းအတွင်း ၎င်းက ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ကျေးရွာသူ ရွာသား ၈ ယောက်ပါဝင်သည့် အဆိုပါ စကားဝိုင်းအပြီး အွန်လိုင်းမှ တစ်ဆင့် မေးမြန်းလာသည့် မေးခွန်းများထဲမှ အမျိုးသားရင်ကြားစေ့ရေးနှင့်သက်ဆိုင်သော မေးခွန်းတစ်ခုကို ဖြေကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ မှတ်ချက်ပြုခြင်းဖြစ်သည်။
14-2.jpg
မေးခွန်းရှင်က “အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူ မအောင်မြင်ရသေးခြင်းမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကြောင့်လား၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြာင့်လား၊ တပ်မတော်ဖက်က အပြည့်အဝပူးပေါင်းပါဝင်ခြင်းမရှိ၍လား၊ တပ်မတော် အပေါ်လက်နက်ကိုင်တိုင်းရင်းသားတွေယုံကြည်မှုမရှိခြင်းကြောင့်လား၊ လက်နက်ကိုင်ခေါင်းဆောင်များအနေဖြင့် ကိုယ့်အကျိုး စီးပွားကိုချည်း ရှေ့တန်းတင်နေလို့လား” ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။
၁၉၈၈ ခုနှစ်မှ စတင်ခဲ့သည့် သူ၏ နိုင်ငံရေးသက်တမ်းအတွင်း ရုန်းကန်ခဲ့ရသော သင်ခန်းစာများကြောင့် အမျိုးသားရင်ကြားစေ့ရေးကိစ္စ လွယ်လွယ်ကူကူဖြင့် အောင်မြင်မည်ဟု မည်သည့်အခါကမှ မထင်ခဲ့ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဖြေဆိုခဲ့သည်။
“အမျိုးသားရင်ကြားစေ့ရေးဆိုတာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ တန်ဖိုးအကြီးဆုံးကိစ္စတစ်ခု အရာတစ်ခု ဖြစ်တာကြောင့်မို့လို့ ခက်ခက်ခဲခဲနဲ့ လုပ်ယူရမယ်ဆိုတာ အစကတည်းက နားလည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
7.jpg
ထို့ပြင် ပြည်သူများကိုလည်း အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်အတွင်း မည်သို့ပူးပေါင်းပါဝင် ပံ့ပိုးနိုင်မည်ဆိုသည်ကို စဉ်းစားသုံးသပ်ပါဝင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သေးသည်။
“လက်ညှိုးထိုးနေလို့ ဘယ်မှမရောက်ဘူး။ တစ်ဖက်က အားနည်းချက်ရှိရင် သူတို့အားနည်းချက်တွေ ပြေပျောက်သွားအောင်လို့ ကျွန်မတို့က ဘယ်လိုဝိုင်းလုပ်ကြမလဲဆိုတာ စဉ်းစားရပါမယ်။ အဖက်ဖက်ကနေစဉ်းစားပေးဖို့ အင်မတန်မှလိုပါတယ်။ ကိုယ်တစ်ယောက်ထဲ အမြင်နဲ့ ကြည့်နေလို့မရပါဘူး”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
သတင်း-ဉာဏ်လှိုင်လင်း