ရန်ကုန်၊ ဧပြီ ၂၈
ဦးဝင်းကိုကိုလတ် (တိုက်ပုံအနက်ဖြင့်) ဦးဆောင်သည့် ဆန္ဒပြသူများ ချီတက်လာကြစဉ်။ ဓာတ်ပုံ- သိမ့်မွန်စိုး
အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက် တစ်ခုတွင် ”ရိုဟင်ဂျာ” ဟု သုံးနှုန်းထားသည်ကို ကန့်ကွက်သည့်အနေဖြင့် အမေရိကန် သံရုံးရှေ့ဆန္ဒပြသူများကိုအရေးယူသွားမည်ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
ဦးဝင်းကိုကိုလတ် ဦးဆောင်သည့် ဆန္ဒပြသူ အင်အား ၃၀၀ ခန့်သည် ခွင့်ပြုနေရာတွင် ဆန္ဒမပြသည့်အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် အရေးယူမည်ဟု ဒုတိယ ရဲမှူးကြီးကျော်ထွဋ္ဋ်က ပြောကြားသည်။ အဆိုပါ ပုဒ်မသည် ပြစ်မှုထင်ရှားပါက အများဆုံးထောင်ဒဏ် သုံးလအထိ ချမှတ်နိုင်သည်။
လုံခြုံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး အကြောင်းပြချက်ဖြင့် သံရုံးရှေ့ ဆန္ဒပြရန် လျောက်ထားမှုကို မြန်မာအစိုးရက ခွင့်ပြုချက် မပေးပဲ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြောင်းရွှေ့ကျင်းပရန် ဆန္ဒပြသူများကို အကြောင်းပြန်ထားသော်လည်း သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်းအနီးတွင် ဧပြီ ၁၉ ရက်နေ့က စက်လှေတစ်စင်း နစ်မြုပ်ပြီး လှေပေါ်ပါသူ အနည်းဆုံး ၂၂ ဦးထက်မနည်း သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ”ရိုဟင်ဂျာ” ဟု ရည်ညွှန်းခဲ့ခြင်းကို ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။
သံဃာများနှင့် လူပုဂ္ဂိုလ်များ ပါဝင်သည့် ဆန္ဒပြသူများသည် မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်တက္ကသိုလ်ရှေ့မှ စတင် လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ဆန္ဒပြသူများသည် လမ်းတစ်လျှောက် “အမေရိကန်သံရုံး၏ ရိုဟင်ဂျာကြေငြာချက်ချက်ခြင်းဖျက်”၊ “ဘင်္ဂါလီကို ရိုဟင်ဂျာဟု သုံးဆွဲသူ ဒို့ရန်သူ” စသည့် ကြွေးကျော်သံများကို လမ်းတလျှောက် အော်ဟစ်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများ ချီတက်လာကြစဉ်။ ဓာတ်ပုံ- သိမ့်မွန်စိုး
ရဲတပ်ဖွဲ့ဝင်များ တားဆီးထားသည့်ကြားမှ ဆန္ဒပြလူအုပ်ကြီးသည် သံရုံး၏မျက်နှာခြင်းဆိုင် ပလက်ဖောင်းပေါ်တွင် စုရုံးပြီး အမေရိကန်သံရုံးကို ဆန့်ကျင်သည့် ကြွေးကျော်သံများ အော်ဟစ်ခဲ့ကြသည်။ ဆန္ဒပြသူများက အမေရိကန်သံရုံးကို “လူလိမ်သံရုံး”၊ “ဖိုးတွမ်တီးအစိုးရ” ဟုစွပ်စွဲခဲ့ပြီး သံရုံး၏ ထုတ်ပြန်ချက်ကို ချက်ခြင်းပြန်ရုတ်သိမ်းရန်လည်း တောင်းဆိုခဲ့သည်။
သံရုံးရှေ့တွင် ဆန္ဒပြမည့်သတင်းကြောင့် လက်နှက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင်များက သံရုံးရှေ့တွင် နံနက်ပိုင်းမှ စတင်ကာ လုံခြုံရေး ရယူခဲ့ရသည်။ အမေရိကန်သံရုံးကလည်း သံရုံးအား ပိတ်ပြီး သံရုံးဝန်ထမ်းများအား အိမ်ပြန်လွှတ်ခဲ့ကာ သံရုံးတွင်း အဝင်အထွက်ကို ချက်ချင်း ပိတ်ထားခဲ့သည်။
သတင်း- ထွန်းခိုင်နှင့် ဟိန်းကိုစိုး
သံရုံးရှေ့တွင် လုံခြုံရေး စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ- သိမ့်မွန်စိုး