ရဲမွန်
တစ်နိုင်ငံလုံး ပစ်ခတ်ခိုက်တိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက် (NCA) အား လက်မှတ်မထိုးထားရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) အနေဖြင့် လက်မှတ်ရေးထိုးရေးကိစ္စ ဆုံးဖြတ်ရန် စောသေးသည်ဟု အဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
FPNCC အနေဖြင့် ဒုတိယအကြိမ် ပင်လုံညီလာခံ အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ၎င်းတို့လိုလားသော အပစ်အခတ်ရေးစာချုပ် ပါဝင်သည့် စာတမ်းကို ဆွေးနွေးရန် လိုလားနေသည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇူလိုင် ၁၂ ရက်နေ့က အလွတ်သဘော ဆွေးနွေးခဲ့ပြီး NCA ၌ ပါဝင်လက်မှတ်ရေးထိုးရန်ကိုမူ စာတမ်းကိစ္စဆွေးနွေးပြီးနောက်ပိုင်းမှသာ ဆုံးဖြတ်မည်ဟု ၎င်းက ဆိုသည်။
“အဓိကကတော့ ကျွန်တော်တို့ဘက်က FPNCC ဘက်က အရင်တင်ထားတဲ့ စာတမ်းအပေါ်မှာ ဆက်ပြီး ဆွေးနွေးချင်တဲ့ အကြောင်းကို ကျွန်တော်တို့က ပြောပါတယ်။ ပြီးတော့ အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အမ်းက ဦးစီးပြီးတော့ NCA အပေါ်မှာ ထားရှိတဲ့ တချို့သဘောထားတွေကို တင်ပြတာ ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူတို့ဘက်က သဘောထားတွေတချို့ကို ကျွန်တော်တို့ကို ပြန်ပြီး ရှင်းပြပါတယ်။ အဲဒီလောက်ပါပဲ” ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တို့ပါဝင်ပြီး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် တိကျသည့်ဆုံးဖြတ်ချက်မျိုးကိုမူ မချမှတ်နိုင်ခဲ့ကြပေ။
”နောက်ပိုင်းမှာ ဆွေးနွေးပွဲတွေဟာ သူ့အစီအစဉ်နဲ့သူ သွားနေတဲ့ ပင်လုံအစည်းအဝေးလို မဟုတ်ဘဲနဲ့ အခြားအချိန်တစ်ခုမှာ ဆွေးနွေးသင့်တယ်ဆိုပြီး အပြန်အလှန် မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုလုပ်မလဲဆိုတာကတော့ သီးသန့်ဆွေးနွေးဖို့ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
nswks_-2.jpg
အဆိုပါ လေးဖွဲ့သည် ဇူလိုင် ၁၁ ရက်နေ့ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သည်။ သို့သော် အဆက်ပြတ်နေသည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးအတွက် ချိတ်ဆက်မှုတစ်ခု ပြုလုပ်ရန် လိုအပ်သည့် အပိုင်းမှလွဲကာ အခြားအကြောင်းအရာများ ဆွေးနွေးခဲ့ခြင်းမရှိဟု သိရသည်။
“ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ကြိမ်က ကျွန်တော်တို့ ကေအိုင်အိုရဲ့ အရေးကို ပြောဖို့ သီးသန့်မဟုတ်ဘဲနဲ့ ခုနစ်ဖွဲ့လုံးရဲ့ အရေးကို ပြောတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီကိစ္စတွေ မဆွေးနွေးပါဘူး။ ကျွန်တော်တို့ကတော့ အကောင်းဆုံး လုပ်သွားမှာပေါ့။ ကျွန်တော်တို့ ပြည်နယ်အတွက်ရော၊ ကချင်တွေအတွက်ရော အကုန်လုံးအကောင်းဆုံး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရက္ခိုင့်တပ်မတော်(AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖွဲ့များနှင့်လည်း ဇူလိုင် ၁၂ ရက်နေ့က သီးခြားတွေ့ဆုံခဲ့သည်။
ဇူလိုင် ၁၁ ရက်နေ့က စတင်ကာ နေပြည်တော်၌ ငါးရက်ကြာ ကျင်းပသွားမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံ၊ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်ရန် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသလို တပ်မတော်နှင့်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည့် ကေအိုင်အေအပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအား အစိုးရက ဖိတ်ကြားခဲ့သည်။
ထို့ကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟု သိထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် အားလုံးမှာ ညီလာခံ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေကြသည်။
အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းတွင် မပါဝင်သူများကို လေ့လာသူအဖြစ် ဖိတ်ခေါ်ခြင်းသည် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ဆွဲခေါ်ခြင်းဖြစ်သည်ဟု ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းက ပြုလုပ်သည့် ပင်လုံညီလာခံသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“မြောက်ပိုင်းအဖွဲ့တွေနဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့အပေါ် အစိုးရရဲ့ သဘောထားအနေနဲ့ကတော့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုသာ ဦးတည်ထားပြီး ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုချင်ပါတယ်။ NCA နဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင်လာနိုင်မယ့် အလားအလာတွေလည်း ရှိနေမယ်လို့ ယူဆပါတယ်။ အခုညီလာခံပြီးတာနဲ့ တိုက်ပွဲတွေ လျော့ကျသွားမှာပါ။ ဒီကနေဆက်ပြီး NCA လက်မှတ်ထိုးနိုင်တဲ့အထိ ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ပြောသည်။