ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အတိုင်ပင်ခံအဖြစ် ခန့်ထားရေး ဥပဒေကြမ်းကို ဧပြီ ၁ ရက်၌ ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသော်လည်း အများစုက ထောက်ခံမှုဖြင့် အတည်ပြုခဲ့ပြီးဖြစ်ရာ ပြည်သူ့လွှတ်တော်တွင် ဧပြီ ၄ ရက်နေ့၌ ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။
ဥပဒေအတည်ပြုပြီးပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အချုပ်အခြာအာဏာ သုံးရပ်စလုံးတွင် ပါဝင်ခွင့် ရရှိသွားမည်ဖြစ်သည်။ ဓာတ်ပုံ- အန်းဝမ်
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ကိုယ်စား ကော်မတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က မတ် ၃၁ ရက်နေ့တွင် တင်သွင်းခဲ့သည့် “နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း” ကို ဧပြီ ၁ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် သုံးဦးနှင့် တပ်မတော်သား ကိုယ်စားလှယ်သုံးဦးတို့က မတူခြားနားပြီး အကွက်စေ့သော၊ ကျိုးကြောင်း ဆီလျော်သော အချက်အလက်များဖြင့် ကန့်ကွက် ဆွေးနွေးခဲ့ကြကာ ရခိုင်အမျိုးသားပါတီ (ANP) မှ ကိုယ်စားလှယ်က ပြင်ဆင်ချက်များဖြင့် အတည်ပြုနိုင်ရန် ထောက်ခံဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဥပဒေကြမ်းကော်မတီက အဆိုပါ ဆွေးနွေး အကြံပြုချက်များကို ပြန်လည်ရှင်းလင်း ချေပခဲ့ပြီးနောက် လွှတ်တော်၏ သဘောထားကို လျှို့ဝှက်မဲဖြင့် ရယူကာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
“ဒီဥပဒေကြမ်းဟာ ဥပဒေပြုရေး အုပ်ချုပ်ရေးအာဏာတွေကို ပုဂ္ဂိုလ်တစ်ဦးတည်းက အတိုင်ပင်ခံ ကျင့်သုံးမယ့်သဘော သက်ရောက်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၇ မှာ ပြဌာန်းထားတဲ့ အချုပ်အခြာ အာဏာသုံးရပ်ကို ပိုင်းခြားကျင့်သုံးရမယ် ဆိုတာနဲ့ မကိုက်ညီကြောင်း တွေ့ရပါတယ်။ နောက်ပြီး ဥပဒေကြမ်းရဲ့ ပုဒ်မ ၃(ဂ) မှာ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်လို့ သုံးစွဲထားခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော် အမည်နဲ့ ဆန့်ကျင် ကျော်လွန်နေကြောင်း တွေ့ရပါတယ်။ ဒါကြောင့် ဒီဥပဒေကြမ်းကို ပြန်လည် ရေးဆွဲသင့်ပါတယ်” ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ခင်မောင်အေးက ထောက်ပြဆွေးနွေးခဲ့သည်။
ထို့အတူ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဆွေက “ဥပဒေကြမ်း ပုဒ်မ (၄)မှာပါတဲ့ –ပြည်သူများ၏ ယုံကြည်မှုဖြင့် တစ်ခဲနက် ထောက်ခံမှုရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို — ဆိုပြီး လူပုဂ္ဂိုလ်အမည်နဲ့ တိုက်ရိုက်ထည့်သွင်းခြင်းဟာ ဥပဒေစကားရပ်တွေနဲ့ မကိုက်ညီပါဘူး။ နောက်ပြီး — နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမည်– လို့ ရေးထားခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့ နိုင်ငံတော်သမ္မတနဲ့ တန်းတူအခွင့်အာဏာရှိတဲ့သဘော သက်ရောက်နေပါတယ်။ ဒီလို အခြေခံဥပဒေကို ကျော်လွန် ဆန့်ကျင်နေတဲ့အတွက် ဒီဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲပြီးမှသာ ပြဌာန်းသင့်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
ထို့အပြင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး လှဝင်းအောင်ကလည်း “ဒီဥပဒေကြမ်းဟာ လူတစ်ဦးတစ်ယောက်အတွက် ရည်ရွယ်ပြဌာန်းထားခြင်းဖြစ်လို့ ပြဌာန်းသင့် မသင့် စဉ်းစားရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မတ် ၃၀ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးအဖြစ် ကတိသစ္စာပြုပြီးဖြစ်လို့၊ လွှတ်တော်အမတ်အဖြစ်က နုတ်ထွက်ပြီးသားဖြစ်လို့ ဥပဒေပြုအဖွဲ့မှာ မပါတော့ပါဘူး။ အခုလို ဥပဒေပြုအဖွဲ့ရဲ့ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်မယ်ဆိုရင် အချုပ်အခြာ အာဏာသုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြား ဆောင်ရွက်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်စေပါတယ်။ နောက်ပြီး ပြည်ထောင်စုဝန်ကြီးသည် သမ္မတကိုသာ တာဝန်ခံရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမှာ မဟုတ်ပါဘူး။ အေခြေခံဥပဒေက သမ္မတကို အကြံပေးအဖွဲ့ကို ဖွဲ့စည်းခွင့် ပေးထားပြီးသားဖြစ်လို့ အခုလို အတိုင်ပင်ခံဥပဒေကို ပြဌာန်းဖို့ မလိုကြောင်း တွေ့ရှိရပါတယ်” ဟု ဝေဖန်တင်ပြခဲ့သည်။
ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) မှ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်အမည်အား ထည့်သွင်းထားမှုကို ပြန်လည်သုံးသပ်ရန် ဆွေးနွေးခဲ့သည်။
“ဥပဒေကြမ်းမှာ ဖက်ဒရယ်လို့ သုံးထားပြီး အဓိပ္ပါယ်ကို ရှင်းမထားခြင်းက ဥပဒေကြမ်းရဲ့ လိုအပ်ချက်ဖြစ်နေပါတယ်။ နောက်ပြီး ဒီဥပဒေ ပုဒ်မ (၄) မှာ –တစ်ခဲနက် ထောက်ခံမှု ရရှိခဲ့သည့် — လို့ သုံးထားပါတယ်။ တစ်ခဲနက်ဆိုတာ ဘယ်အတိုင်းအတာအထိလဲ။ တိကျတဲ့ စကားလုံးပဲ ဖြစ်သင့်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးကို အမွှန်းတင်ပြီး မသုံးသင့်ပါဘူး။ ပင်မဥပဒေမှာလည်း ပုဂ္ဂိုလ်တစ်ဦးအမည်ကို ထည့်သွင်းသုံးစွဲမှုအပေါ် ပြန်လည် သုံးသပ်သင့်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
“ဒီဥပဒေကြမ်းဟာ မိမိ ပါတီအကျိုးအတွက် ရည်ရွယ်ချက်ရှိရှိ ပြဌာန်းခြင်းဖြစ်လို့ ဒီလိုပြဌာန်းတာဟာ လုပ်သင့်လုပ်ထိုက်ပါရဲ့လား တင်ပြလိုပါတယ်။ ပိုမိုပြည့်စုံကောင်းမွန်ပြီး ရေရှည် အကျိုးရှိနိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးထံမှ အကြံဉာဏ်တွေ ရယူဆောင်ရွက်သင့်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇)မှ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးကျော်သိန်းကလည်း ထိုဥပဒေကြမ်းကို အခြေခံဥပဒေခုံရုံးသို့တင်ပြရန် ပြောကြားခဲ့သည်။
“ဒီဥပဒေမှာ — အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ရာထူးအလျောက် လစာအဆောင်အယောင်များ ခံစားခွင့် ရှိသည်– လို့ဖော်ပြထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီးတာဝန် ပေးအပ်ထားသူဖြစ်လို့ ဝန်ကြီးလစာ အဆောင်အယောင်တွေ ခံစားပြီးသူကို ထပ်ပြီး ခံစားခွင့်ပြုပါက အခွင့်အရေးနှစ်မျိုး ခံစားခွင့်ရသွားမယ့် အချက်ကို စဉ်းစားသင့်ပါတယ်။ ပြဌာန်းသင့် မသင့် အဆုံးအဖြတ် ရယူရန် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို တင်ပြသင့်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမတ် (၁၁)မှ ဦးကျော်နီနိုင်ကလည်း “ဥပဒေကြမ်းမှာ — ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် တာဝန် ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည် — လို့ ပါပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံနဲ့ နိုင်ငံသား အကျိုးကို ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်နိုင်ဖို့ အခွင့်အရေးရအောင် ရည်ရွယ် ရေးဆွဲထားတာတွေ့ရပါတယ်။ ၅၉ (စ) အရ သမ္မတလုပ်ခွင့် မရသော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့များကို တိုင်းရင်းသား ရင်ကြားစေ့ရေး ရည်ရွယ်ချက်နဲ့ ရွေးချယ်ခဲ့ပြီး အရေးပါအရာရောက်တဲ့ ဝန်ကြီးဌာနများကို တာဝန်ယူဆောင်ရွက်တဲ့ အခြေအနေဖြစ်တဲ့အတွက် နိုင်ငံတော်နဲ့ ပြည်သူများအတွက် အကျိုးစီးပွား များစွာ ဆောင်ရွက်ပေးနိုင်တဲ့ အဆင့်ရှိနေကြောင်း တွေ့ရပါတယ်။ ဥပဒေများကို အချိန်တိုကာလအတွင်းမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် အခုလို ထုတ်ပြန်တာမျိုး မတွေ့ခဲ့ဖူးပါဘူး။ ဒီဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် တမင်ရေးဆွဲတာလို့ စွပ်စွဲလာနိုင်ပါတယ်။ ဒီလို ဖြစ်နေခြင်းဟာ အင်န်အယ်လ်ဒီ ပါတီရဲ့ တရားမျှတမှု၊ ဖြောင့်မတ်မှု၊ မှန်ကန်မှုကို ထိခိုက်လာနိုင်သလား စဉ်းစားဖို့ အကြံပြု တင်ပြလိုပါတယ်။ ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီပါတယ်လို့ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက တင်ပြထားသော်လည်း တကယ်ညီညွတ်မှု ရှိမရှိကို သိနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့ ဆောလျဉ်စွာ ပေးပို့ပြီး ခုံရုံးရဲ့ အကြံပြုချက်ကို ရယူဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။
သို့သော် ရခိုင်အမျိုးသားပါတီ၏ ကိုယ်စားလှယ် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ ဦးမြင့်နိုင်က ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်ပြီး ဥပဒေကြမ်းကို အတည်ပြုရန် ပြောကြားခဲ့သည်။
“အကြောင်းအရာ စကားရပ်တွေကို ပြင်ဆင် ဆွေးနွေးလိုပါတယ်။ ဒီဥပဒေကြမ်းရဲ့ အခန်း(၂) ပုဒ်မ ၃(က) မှာ ပါတဲ့ –ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး — ဆိုတဲ့ စာသားကို ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေး — လို့ ပြင်ချင်ပါတယ်။ လက်တွေ့မှာ ပါတီကြီးတွေဟာ ပါတီငယ်တွေကို ဝါးမျို လွှမ်းမိုးသွားတာပဲရှိပြီး လက်တွဲခေါ်သွားတာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ထို့အပြင် ဥပဒေကြမ်းပါ –၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူတို့ တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို —ဟူသည့် စာသားတွင် — ရွေးကောက်ပွဲ အနိုင်ရပါတီဥက္ကဋ္ဌအား — ဟူ၍ အစားထိုးရန်၊ ဥပဒေကြမ်းပါ အချိန်ကာလ သတ်မှတ်ချက်ဖြစ်သည့် ပုဒ်မ (၇) ကို ဖြုတ်ရန် ဆွေးနွေးခဲ့သည်။
၎င်းတို့၏ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ရှင်းလင်းခဲ့သည်။
“ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ကြောင်း၊ မညီညွတ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို ပို့ပြီး အကြံဉာဏ် ရယူသင့်ကြောင်း ဆွေးနွေးကြတာ တွေ့ရပါတယ်။ ခုံရုံးရဲ့ လုပ်ငန်းတာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၂ (ခ)မှာ ဖော်ပြထားပြီးဖြစ်လို့ အခု ဥပဒေကြမ်းကို ခုံရုံးပို့သင့်ကြောင်း ပြောကြတာဟာ အင်မတန် စောနေပါတယ်” ဟု ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆)မှ ဦးဇော်မင်းက ပြန်လည် ရှင်းလင်းခဲ့သည်။
အခြေခံဥပဒေ ပုဒ်မ ၃၂၂(ခ)တွင် ခုံရုံးသည် ပြဌာန်းပြီးသား ဥပဒေတစ်ရပ်ရပ်အပေါ် အငြင်းပွားမှု ရှိလာသည့်အခါ စိစစ်ပေးရမည်ဟု ပြဌာန်းထားသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်ရှိခြင်းအားဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအဖွဲ့များ တတ်နိုင်သမျှ ပိုင်းခြားဆောင်ရွက်မှု၊ အချင်းချင်း အပြန်အလှန် ထိမ်းကျောင်းမှုများ ဆောင်ရွက်ကြရင်း ပေါ်ပေါက်လာမည့် ထိတွေ့ပွတ်တိုက်မှုများကို လျော့နည်းစေမည်ဖြစ်ကြောင်း၊ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်သည် အကြံပြုခြင်းသာ ဆောင်ရွက်ခွင့်ရှိပြီး ဆုံးဖြတ်ချက် တစ်စုံတရာ ချမှတ်ခြင်း မရှိသောကြောင့် ကိုယ်စားလှယ်အချို့ ထောက်ပြသကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၁)ကို ကျူးလွန်ရာ မရောက်ကြောင်းလည်း ၎င်းကပြောသည်။
“နောက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုဝန်ကြီး ဖြစ်နေလို့ ပြည်ထောင်စုလွှတ်တော်က ခန့်အပ်လို့ မရနိုင်ဘူးဆိုတာကို ကျွန်တော်က အခြေခံဥပဒေ ပုဒ်မ ၂၁၇ အရ ပြောပါမယ်။ ဒီပုဒ်မအရ ပြည်ထောင်စုလွှတ်တော်က အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးကို တာဝန်ပေးအပ်ခွင့်ရှိပါတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမည်ဆိုတဲ့ အချက်ကလည်း ပုဒ်မ ၂၁၇ အရ ပြည်ထောင်စု လွှတ်တော်က ခန့်အပ်ထားသူ ဖြစ်လို့ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမှာပါ။ ဒီလိုတာဝန်ခံခြင်းဖြင့် ပြည်ထောင်စုလွှတ်တော်ကလည်း လိုအပ်တာတွေကို ထိန်းသိမ်းကြပ်မတ် သွားနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ဥပဒေကြမ်းအား ပြင်ဆင်သင့်သည့် အချက်များ ဖော်ပြဆွေးနွေးသည့် ဦးမြင့်နိုင်၏ ပြင်ဆင်ချက်များအပေါ် အပိုဒ်လိုက်အတည်ပြုရန် လွှတ်တော်၌ မဲခွဲခဲ့ရာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ မူလပြဌာန်းချက်များကို ထောက်ခံသူများသဖြင့် မူလပြဌာန်းချက်များ အတိုင်း အတည်ဖြစ်ခဲ့သည်။
ထို့နောက် ဥပဒေတစ်ရပ်လုံးကို အတည်ပြုနိုင်ရန် ထပ်မံမဲခွဲရာတွင် အမျိုးလွှတ်တော်သို့ ထိုနေ့က တက်ရောက်သူ ၂၁၃ ဦးအနက် ထောက်ခံမဲ ၁၃၇ မဲ၊ ကန့်ကွက်မဲ ၇၀၊ ကြားနေနှစ်မဲတို့ဖြင့် အတည်ပြုနိုင်ခဲ့သည်။
အမျိုးသားလွှတ်တော်တွင် တပ်မတော်သား ၅၆ ဦး၊ ပြည်ခိုင်ဖြိုးက ၁၁ ဦး၊ တအာင်းပလောင် အမျိုးသားပါတီမှ နှစ်ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)က တစ်ဦး၊ ရခိုင်အမျိုးသားပါတီက ၁၀ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နှစ်ဦး၊ မွန်အမျိုးသားပါတီက တစ်ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက တစ်ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် နှစ်ဦးတို့ ရှိကြသည်။
ဥပဒေကြမ်းကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရခိုင်ပါတီတို့က ထောက်ခံဆွေးနွေးခဲ့ကြသဖြင့် ယခု ကန့်ကွက်သူ ၇၀ ဦးတွင် တပ်မတော်သား ၅၆ ဦးနှင့် ပြည်ခိုင်ဖြိုး ၁၁ ဦးဖြစ်ကာ ကျန်သုံးဦးမှာ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးဘက်က ရပ်တည်သည့် တိုင်းရင်းသားပါတီအချို့မှ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။
အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးချိန်တွင်လည်း ကန့်ကွက်မှုများ ရှိလာသည့်တိုင် လွှတ်တော်တွင် ကိုယ်စားလှယ်အများဆုံးရှိသည့် ပြင်ဆင်ချက်မရှိပဲ အင်န်အယ်လ်ဒီကသာ အနိုင်ရရှိနိုင်မည်ဖြစ်သည်။
သတင်း- စိုးသန်းလင်း