နေပြည်တော်၊ မတ် ၁၈
အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်လာပါက ယခင်က မရရှိခဲ့သည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို တိုင်းရင်းသားများ ရရှိနိုင်တော့မည်ဟု လွှတ်တော်တွင်းရှိ တိုင်းရင်းသား ကိုယ်စားလှယ်များက ပြောကြားသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်းထားတဲ့၊ ပေးအပ်ထားတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လက်တွေ့မှာ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ တိုင်းရင်းသားတွေ မရခဲ့ဘူး။ တစ်နိုင်ငံလုံးမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့် တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ ရှိခဲ့ပေမယ့် ပြည်ထောင်စုအဆင့် မဟုတ်တော့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ အခုလို ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ပေါ်လာတော့ အခြေခံဥပဒေပါ အခွင့်အရေးတွေကို တိုင်းရင်းသားတွေ ရနိုင်ပါပြီ” ဟု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ကွတ်ခိုင်မဲဆန္ဒနယ် ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကချင်တိုင်းရင်းသား ဦးတီခွန်မြတ်က Frontier ကို ပြောသည်။
အစိုးရလက်ထက်တွင် ပါဝင်မည့် ဝန်ကြီးဌာန ၂၁ ခု၏ အမည်အား သမ္မအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ မတ် ၁၇ ရက်နေ့က တင်ပြရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုဝန်ကြီးဌာန အသစ်အနေဖြင့် ပါဝင်လာခြင်း ဖြစ်သည်။
ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်စနစ် ကျင့်သုံးနိုင်ရေးအတွက် အရေးပါလှသည့် တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်းကို ယခင် ပထမအကြိမ် လွှတ်တော်ကာလအတွင်း ၂၀၁၂ ခုနှစ်တွင် ထိုစဉ်က ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဖြစ်သည့် ဦးတီခွန်မြတ်က လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ထိုဥပဒေကြမ်းအား ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က တစ်ခဲနက်ထောက်ခံကာ ဥပဒေတစ်ရပ် ဖြစ်လာခဲ့သည်။
“အဲဒီ ဥပဒေကြမ်းကို ဆွေးနွေးခဲ့ကြတုန်းက လွှတ်တော်အမတ်တွေက တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနရယ်လို့ သီးခြား ရှိသင့်တယ်လို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရတဲ့ လူမျိုးစုကြီးတွေအတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးများဆိုပြီး တစ်နိုင်ငံလုံးမှာ ၂၉ ဦး ခန့်ခဲ့တယ်။ သူတို့က တိုင်းရင်းသားတွေရဲ့ ကိစ္စတွေကို အထူးလုပ်ဆောင်ပေးခဲ့ပေမယ့် မျှော်မှန်းသလောက် မထိရောက်ခဲ့ပါဘူး။ အခုလို ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုအဖြစ် သီးသန့် ပေါ်လာတော့ တိုင်းရင်းသားအရေးကိစ္စတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်တော့မယ်လို့ ယုံကြည်ပါတယ်” ဟု ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဝင် လီဆူ အမျိုးသား ဦးဂျေယောဝူက ပြောသည်။
ကချင်လူမျိုးစု ရှစ်ခုတွင် ပါဝင်သည့် မြန်မာနိုင်ငံဖွား လီဆူလူမျိုးတို့အတွက် နိုင်ငံသားမှတ်ပုံတင် ရရှိရေးသည်ပင် အခက်အခဲကြီးတစ်ရပ်အဖြစ် အချိန်ကြာမြင့်စွာရှိခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီးများ ပေါ်ပေါက်လာမှသာ အဆင်ပြေသွားခဲ့ကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန ဖြစ်လာခြင်းသည် ဒေသတွင်း စစ်ပြေး ဒုက္ခသည်များ အရေး၊ ဒေသ ဖွံ့ဖြိုးရေးတို့သာမက ပြည်တွင်း ငြိမ်းချမ်းရေးအထိ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တော့မည် ဖြစ်သောကြောင့် ဝမ်းမြောက် ကြိုဆိုပါကြောင်းလည်း ၎င်းက ပြောသည်။
တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်စနစ် ထွန်းကားရေးအတွက် အားကောင်းသော အထောက်အပံ့တစ်ခု ဖြစ်လာမည်ဟုလည်း တိုင်းရင်းသား အမတ်များက မျှော်လင့်နေကြသည်။
“ပြည်နယ်အစိုးရအဖွဲ့ရဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ ဘယ်လောက်ပဲ အလုပ်လုပ်ကြပါစေ သူတို့အတွက် တင်ပြစရာ မိဘ မရှိသလို ဖြစ်ခဲ့ရတယ်။ အခုတော့ သူတို့ တင်ပြစရာ ပြည်ထောင်စု အဆင့်လည်းရှိပြီ။ သူတို့ တင်ပြတာကို လုပ်ဆောင်ပေးမယ့် ဌာနလည်း ရှိလာပြီ။ ဒီဝန်ကြီးဌာနဟာ သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ နယ်မြေဒေသ ဖွံ့ဖြိုးရေး၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုတွေ မြှင့်တင်ရေး၊ အဲဒီကတစ်ဆင့် တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်စနစ်အထိ သွားနိုင်ရေးအတွက် လုပ်ငန်းစဉ်တွေ ရေးဆွဲ ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ်၊ ရခိုင်အမျိုးသားပါတီဝင် ဦးဖေသန်းက Frontier ကို ပြောသည်။
ထို့အပြင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအတွက် မည်သည့် ပုဂ္ဂိုလ်မျိုးကို ခန့်အပ်သင့်သည်ကိုလည်း ၎င်းက အကြံပြုခဲ့သည်။
“တိုင်းရင်းသား အရေးကို တကယ်စိတ်ဝင်စားပြီး တကယ် အလုပ်လုပ်နိုင်တဲ့၊ အရည်အချင်းရှိတဲ့ တိုင်းရင်းသားတစ်ဦးကို ခန့်စေချင်ပါတယ်။ ဥပမာ – ရှမ်းပြည်နယ်မှာဆိုရင် ဦးခွန်ထွန်းဦး၊ ရခိုင်ပြည်နယ်မှာ ဒေါက်တာအေးမောင်၊ မွန်ပြည်နယ်မှာ ဦးနိုင်ငွေသိမ်း စတဲ့ပုဂ္ဂိုလ်တွေဟာ သူ့ပြည်နယ်အပြင် တခြား ပြည်နယ်တွေက တိုင်းရင်းသားတွေအတွက်ပါ အားကိုးနိုင်မယ့် သူတွေပါ။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေအထိ ဆောင်ရွက်နိုင်တဲ့၊ တောတွင်း လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေအထိ ပေါက်ရောက် စွမ်းဆောင်နိုင်တဲ့ အများလေးစားတဲ့ ပုဂ္ဂိုလ်မျိုးကို ဝန်ကြီး ခန့်သင့်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။
သတင်း- စိုးသန်းလင်း