နေပြည်တော်၊ မတ် ၁
လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် အင်န်အယ်လ်ဒီကိုယ်စားလှယ်များ။ ဓာတ်ပုံ- တေဇလှိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) မှ လွှတ်တော်ကိုယ်စားလှယ်များ အမှားများ ပြုလုပ်ပါက ပါတီသို့ တိုင်ကြားနိုင်ရန် တိုင်ကြားစာကော်မတီကို ဖွဲ့စည်းထားပြီဖြစ်သည်ဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ယနေ့ ပြောကြားသည်။
ထိုသို့ ကိုယ်စားလှယ်များ၏ လုပ်ရပ်အမှားများကို တိုင်ကြားလိုပါက အချက်အလက် အပြည့်အဆုံ ဖော်ပြကာ တိုင်ကြားသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်စသည်ကတို့ကို ဖော်ပြကာ တိုင်ကြားနိုင်သည်ဟု ဦးဝင်းထိန်က ပြောကြားသည်။ အဆိုပါ တိုင်ကြားစာကော်မတီကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဖွင့်စည်းလိုက်ခြင်းဖြစ်သည်။
တိုင်ကြားခံရသူများအား စစ်ဆေးကာ ပါတီစည်းကမ်းအရ အရေးယူခြင်းအပြင် လိုအပ်ပါက ဥပဒေကြောင်းအရပါ အရေးယူရန် ဆောင်ရွက်သွားမည်ဟု ဦးဝင်းထိန်က ပြောကြားသည်။
ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့်အညီ ပြုမူ ပြောဆိုနေထိုင်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။
နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် သီးခြားခေါ်ယူတွေ့ဆုံစဉ် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံကြခြင်း ဖြစ်သည်။
ပထမအကြိမ် တွေ့ဆုံစဉ်က လွှတ်တော်ကိုယ်စားလှယ်များအား ဥပဒေပြုလုပ်ငန်းဆိုင်ရာ အရည်အချင်းစစ် စာမေးပွဲသဘော ပြုလုပ်ခဲ့သည့်အခါ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အားရမှုမရှိခဲ့ကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များများသည် အညံ့ဆုံးဖြစ်ပြီး အချို့ဆိုလျှင် စာမေးပွဲရမှတ် သုညရသူပင်ရှိကြောင်း ဦးဝင်းထိန်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၃၅ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၄၇၅ နေရာနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁ နေရာ အနိုင်ရရှိခဲ့သည်။
သတင်း- စိုးသန်းလင်း