နေပြည်တော်၊ မတ် ၂၃
ပြီးခဲ့သည့် နိုဝင်ဘာလက ပြည်သူလူထုအား မိန့်ခွန်းပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဦးတင်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)၏ လုပ်ငန်းများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လုပ်ဆောင်ခွင့် မရှိသော်လည်း ပါတီလုပ်ငန်းများတွင် ထိခိုက်မှု ရှိမည်မဟုတ်ဟု ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်ကပြောသည်။
”ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒတွေကို ကျွန်တော်တို့အားလုံးက သိနေတာပဲဟာ။ ဒါကြောင့် ပါတီအလုပ်တွေကို သူမပါဘဲ လုပ်လို့ ရပါတယ်” ဟု ၎င်းက ပြောသည်။
ပါတီလုပ်ငန်းများကို ပါတီနာယက ဦးတင်ဦးနှင့် မကြာမီက ဖွဲ့စည်းခဲ့သည့် အတွင်းရေးမှူးအဖွဲ့တို့က တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ဦးဝင်းထိန်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်မပါပဲ ပါတီလုပ်ငန်းတွေ လုပ်နိုင်အောင် အတွင်းရေးမှူးအဖွဲ့ကို ကြိုပြီး ဖွဲ့ထားတာပါ” ဟု ၎င်းက ပြောသည်။
သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသည့် ဦးထင်ကျော်က မတ် ၂၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည့် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်သင့်သူများစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်နေသည်။
ပြင်ပတွင် သတင်းများ ထွက်ပေါ်နေသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနလေးခု၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဋ) အရ ပါတီ၏ လုပ်ငန်းများကို ပါဝင် ဆောင်ရွက်ခွင့် ရှိတော့မည်မဟုတ်ပေ။
”ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီမံခန့်ခွဲမှု မပါဘဲ ပါတီက ဆက်သွားမယ် ဆိုတာတွေက ခဏပါ။ စောင့်ကြည့်ပါ။ ခင်ဗျားတို့ မထင်မှတ်တဲ့ နိုင်ငံရေး အချိုးအကွေ့တွေ ပေါ်လာမှာ။ ပုဒ်မ ၂၃၂ (ဋ) ရှိနေတာ မှန်တယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ တခြား နိုင်ငံရေးလုပ်ကွက်တွေ ရှိတယ်”ဟုလည်း ၎င်းက ပြောသည်။
ထို့အပြင် ပါတီ၏ ကော်မတီအချို့ကိုပါ ကြိုတင် ဖျက်သိမ်းထားပြီး လုပ်ငန်းများ နိုင်နိုင်နင်းနင်း လုပ်နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။
ပြည်ထောင်စုဝန်ကြီးဌာနလေးခုအား ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းက တာဝန်ယူရခြင်းမှာလည်း အခြေအနေအရပ်ရပ်ကြောင့်ဖြစ်ပြီး မကြာမီ မထင်မှတ်သော အပြောင်းအလဲများ ရှိနိုင်သည်ဟု ဦးဝင်းထိန်ကပြောသည်။
သမ္မတ ကျမ်းကျိန်ပြီးသည့်အချိန်တွင် ဝန်ကြီး အရေအတွက်နှင့် ဝန်ကြီးဌာနများ တိုးကောင်းတိုးလာနိုင်သည်ဟုလည်း ၎င်းက ပြောသည်။
သတင်း- စိုးသန်းလင်း