ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး လေးရက်အကြာ၊ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် အမျိုးသားရေးလှုပ်ရှားသူ မြန်မာရဟန်းတော်များက ထိုင်းနိုင်ငံရှိ ဓမ္မကာရဘုန်းတော်ကြီးကျောင်း စီးနင်းခံရမှုနှင့် ပတ်သက်ပြီး ထိုင်းအစိုးရကို ဆန္ဒထုတ်ဖော်သွားရန် စီစဉ်လျက်ရှိသည်။
ဓမ္မကာရ ဘုန်းတော်ကြီးကျောင်းကို စီးနင်းခဲ့ခြင်းသည် ထိုင်းနိုင်ငံ အာဏာသိမ်းအစိုးရ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၏ လက်ထက်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
ရှပ်နီထောက်ခံသူ ဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ဓမ္မကာရဘုန်းတော်ကြီးကျောင်းကို အသုံးချပြီး ဘုန်းတော်ကြီးများကို လမ်းပေါ်ထွက်စေ၍ လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ဒ အာဏာသိမ်းမှုကို ကာကွယ်ရန် ကြိုးစားခဲ့ဖူးသည်ဟု စွပ်စွဲခံထားရသည်။
သက်ဆင်သည် ဖေဖော်ဝါရီ ၁၈ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ရာ ၎င်း၏ သမီးအငယ်ဆုံး ဖန်ထောင်းထာန် ရှင်နာဝပ်ဟု ယုံကြည်ရသည့် အင်စတာဂရမ် (Instagram) အသုံးပြုသူတယောက်က ရွှေတိဂုံဘုရားပေါ်တွင် ရိုက်ထားသည့် သက်ဆင်၏ ဓါတ်ပုံကို တင်ထားခဲ့သည်ကို Frontier က တွေ့ရှိရသည်။
ထိုင်းနိုင်ငံရှိ ပြည်တွင်းမီဒီယာများတွင်လည်း သက်ဆင်သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံရှိ ဓမ္မကာရဘုန်းတော်ကြီးကျောင်းကို ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဝင်ရောက်စီးနင်းမှုပြုခဲ့ပြီး ငွေကြေးခဝါချမှုများနှင့်ပတ်သက်၍ အဆိုပါကျောင်းမှ ခေါင်းဆောင်ဘုန်းကြီးကို ရှာဖွေခဲ့သည်။ သို့သော် အဆိုပါ ဘုန်းတော်ကြီးမှာ လွတ်မြောက်နေဆဲ ဖြစ်သည်။
သက်ဆင်လာရောက်လည်ပတ်ခဲ့ပြီးနောက် ယနေ့တွင် အဆိုပါထိုင်းဘုန်းတော်ကြီးကျောင်း ဝင်ရောက်စီးနင်းခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ အမျိုးသားရေးလှုပ်ရှားသူ ရဟန်းများက တောင်းဆိုဆန္ဒထုတ်ဖော်ကြရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
အမျိုးသားရေးတက်ကြွလှုပ်ရှားသူများအနေနှင့် ယနေ့ညနေပိုင်းတွင် ခွင့်ပြုချက်တင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ထိုင်းသံရုံးရှေ့တွင် ဆုတောင်းပွဲများနှင့် တောင်းဆိုမှုများပြုလုပ်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
ဆန္ဒပြရန်အတွက် အမျျိုးသားရေးတက်ကြွလှုပ်ရှားသူများနှင့် ရဟန်းတော်များ ဆွေးနွေးနေကြစဉ်။ ဓာတ်ပုံ-တေဇလှိုင်
ဓမ္မကာရ ဘုန်းတော်ကြီးကျောင်းသည် မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးများနှင့် ရင်းနှီးသည့် ဆက်ဆံမှုရှိပြီး ရေဘေးသင့်ပြည်သူများနှင့် သံဃာတော်များ အတွက် ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် ဓမ္မကာရဖောင်ဒေးရှင်းက မန္တလေးတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့သေးသည်။
ထို့ပြင် ဓမ္မကာရဘုန်းတော်ကြီးကျောင်း၏ ရန်ပုံငွေဖြင့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ မီဒီယာလုပ်ငန်းအတွက် အလှူငွေများ ထောက်ပံ့ပေးခဲ့သည်ဟု ၂၀၁၅ ခုနှစ်က သတင်းများထွက်ပေါ်ခဲ့ဖူးသည်။
ထိုင်းနိုင်ငံရှိ ဘာသာရေးလှုပ်ရှားသူများကလည်း မြန်မာနိုင်ငံရှိ မဘသ သုံးနှစ်ပြည့်ပွဲတွင်လည်း လာရောက် ဟောပြောခဲ့သည်ကို Frontier က တွေ့ရှိခဲ့သည်။
လက်ရှိအချိန်တွင် ဓမ္မကာရဘုန်းတော်ကြီးကိစ္စနှင့်ပတ်သက်၍ ထိုင်းအာဏာသိမ်းအစိုးရနှင့် ဘုန်းတော်ကြီးများအကြား အခြေအနေ တင်းမာလျက်ရှိနေသေးသည်။
သတင်း-မြတ်ကျော်သူ