အေအက်ဖ်ပီ
မျိုးတုံးပျောက်ကွယ်တော့မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ရွှေသမင်တစ်အုပ်သည် ပူပြင်းခြောက်သွေ့သော မြန်မာပြည်အလယ်ပိုင်းရှိ ကျိုးတို့ကျဲတဲသစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် စောင့်ဆိုင်းနေကြသည်။ တောအုပ်၊ တောခေါင်းများ သယ်ယူလာသော သောက်ရေကို သောက်ရန် စောင့်ကြည့်နေကြခြင်းဖြစ်သည်။ ဤသောက်ရေသည် သမင်များ၏ အသက်ကို ကယ်ဆယ်ရန် နိုင်ငံတလွှား စေတနာရှင်များ၏ အလှူငွေဖြင့် ဖန်တီးထားရခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွှေစက်တော်သဘာဝကာကွယ်တောသည် ရွှေသမင်မျိုးတို့ ပေါက်ဖွားကြီးပြင်းနေထိုင်ရာ တောဖြစ်သည်။ သူတို့နေထိုင်ရာ စားကျက်ဒေသမှာ မြန်မာပြည်အလယ်ပိုင်း မြေနိမ့်လွင်ပြင်၊ ဧရာဝတီမြစ်ကြီး၏ တဖက်တချက်တွင် တည်ရှိပြီး နွေရာသီတွင် အလွန်ရေရှားသော ဒေသဖြစ်သည်။ ယခုနှစ်နွေရာသီတွင် အပူချိန်က စံချိန်တင် ၄၇ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေသည်။
ရွှေစက်တော်ကာကွယ်တောတွင် ရေကန်ကြီးငယ် ၂ဝ ခန့်ရှိရာ ကာကွယ်တောနေ သမင်များ၊ တောဝက်များ၊ တောခွေးများ၊ ဥဒေါင်းများနှင့် အခြားတောနေသတ္တဝါ ကျေးငှက်တိရစ္ဆာန်များ၏ မှီခိုရာ အသက်သွေးကျောပင်ဖြစ်သည်။ ယခုချိန်တွင် ထိုရေကန်နှင့် ရေအိုင်များ ခမ်းခြောက်ကုန်ပြီဖြစ်ပြီး ရေကန်တစ်ခု၏ ကြမ်းပြင်တွင် စိုက်ထူထားသည့် ကန်ရေအနက် တိုင်းတာဖော်ပြသောတိုင်မှာ ခြောက်သွေ့ပက်ကြားအက်နေသော ကန်အလယ်တွင် တစ်တိုင်တည်း မားမားမတ်မတ်ရပ်နေသည်။
ဤတောထဲတွင် ရွှေသမင် ၁,ဝဝဝ ခန့် ကျက်စားကြသည်ဟု ခန့်မှန်းထားသည်။ ရွှေသမင်အချို့မှာ ရေငတ်သဖြင့် စွန့်စားကာ ရွာနားအထိ ချည်းကပ်၍ ရေရှာနေကြရာ ခိုး၍ သတ်ဖြတ်စားသောက်မည့်သူများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်ဟု တောခေါင်းများက ပြောကြားကြသည်။
ဧပြီလကုန်တွင် သစ်တောဝန်ထမ်း တစ်ဒါဇင်ခန့်က သူတို့ ကိုယ်ပိုင်ငွေများကို စုဆောင်း၍ အနီးအနားမြစ်မှရေကို သယ်ယူကာ ခမ်းခြောက်နေသော ရေကန်နှစ်ကန်ကို ရေဖြည့်ပေးကြသည်။
သူတို့အင်အားနှင့် မဖြစ်နိုင်တော့မှန်း သဘောပေါက်သောအခါ Facebook မှ အကူအညီရလိုရငြား ရှာဖွေကြတော့သည်။
လူသားနှင့် သဘာဝအားပြိုင်ပွဲ
ထို့နောက် အကူအညီပေးမည့် စေတနာရှင်များ လိမ့်ဝင်လာလေတော့သည်။
ထိုအထဲတွင် ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်ဘက်မှအထိပင် ပါဝင်ကြသည်။ “ကံအားလျော်စွာပဲဗျာ၊ စိတ်ဝင်တစားရှိတဲ့လူတွေ အတော်များလာတယ်၊ လေးငါးရက်အတွင်း ကျပ် ၁ဝ သိန်းလောက် ရလာတယ်” ဟု သစ်တောဝန်ထမ်း ကိုသိန်းလွင်က အေအက်ဖ်ပီကို ပြောပြသည်။
ထိုငွေပမာဏသည် ရေသည်ကားနှင့် ဓာတ်ဆီဖိုးအတွက် လုံလောက်သည်။ ၁၅ ကီလိုမီတာခန့်ဝေးသော ချောင်းတစ်ခုမှ တစ်နေ့ ခြောက်ခေါက် ရေသယ်ယူပေးနေသည်။ ရေကားတစ်စီး ရေလီတာ ၄,၅ဝဝ ခန့် သယ်ယူနိုင်သည်။
လာမည့်သီတင်းပတ်များတွင် မုတ်သုန်ကလည်း ဝင်ရောက်တော့မည်ဖြစ်ရာ လက်ရှိရန်ပုံငွေဖြင့် မိုးကျသည်အထိ လုံလောက်ဖွယ်ရှိသဖြင့် နောက်ထပ်အလှူငွေကိုပင် လက်မခံတော့ပေ။
ကာကွယ်တော၏ အခြားတစ်ဖက်တွင်လည်း မျိုးတုံးပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော မြန်မာ့ကြယ်လိပ်များ၏ သားပေါက်ရေးအစီအစဉ်မှာလည်း အလားတူပြဿနာနှင့် ရင်ဆိုင်နေရသည်။
“အပူလွန်ကဲလို့ လိပ်တစ်ချို့သေဆုံးကုန်တယ်”ဟု Wildlife Conservation Society (WCS) မှ ပညာရှင် Steve Platt က ပြောသည်။
“နှစ်တိုင်း ဒါမျိုးမတွေ့ရပါဘူး၊ အခု သုံးလေးကောင် သေနေတာတွေ့ရတယ်” ဟု သူက ပြောသည်။
မိုးရွာလာသည့်တိုင် ထိုတောထဲတွင် နေထိုင်သည့်သတ္တဝါများ၏ ကြမ္မာဆိုးကတော့ အဆုံးသတ်ဖွယ်မမြင်ပေ။
ဤကာကွယ်တောသည် ကာကွယ်ထိမ်းသိမ်းရေးသမားများနှင့် ဒေသခံလူထု၏ လက်ရှိဖြစ်ပေါ်နေဆဲ ပဋိပက္ခတွင် အဓိကနေရာမှ ပါဝင်နေသည်။ ဤဒေသသည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး လူတွေနေထိုင်ရာဒေသဖြစ်သည်။ ကန့်သတ်ကာကွယ်တောအနီးအနားတွင် ကျေးရွာပေါင်း ၄ဝ ခန့်ရှိနေပြီး အားလုံးနီးပါး လျှပ်စစ်မီးကို မရရှိကြပေ။ လူများက တောထဲသို့ ထင်းရှာထွက်ကြရသည်။
အိမ်နီးချင်းတရုတ်ပြည်မှ ဝယ်လိုအားအလွန်ကောင်းနေသဖြင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှု ကြီးထွားနေသော မြန်မာနိုင်ငံတွင် တောကောင်များ တရားမဝင် သတ်ဖြတ်မှုမှာ ကြီးမားသောပြဿနာတစ်ရပ် ဖြစ်နေသည်။
“ကျွန်တော်တို့ နောက်ထပ်အစောင့်စခန်းတွေ အများကြီးလိုတယ်၊ နောက်ထပ် သစ်တောဝန်ထမ်းတွေလည်း အများကြီး လိုပါတယ်၊ ရွှေသမင်ရဲ့ အနာဂတ်ကတော့ စိုးရိမ်စရာပါပဲဗျာ” ဟု တောအုပ်ဖြစ်သူက သက်ပြင်းချရင်းပြောကြားသည်။
ဦးကိုကို ဘာသာပြန်သည်။