နေပြည်တော်၊ ဇန်နဝါရီ ၇
နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်သစ်များ ပထမဆုံး စတင်တက်ရောက်ရမည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်တော့မည်ဖြစ်သည်။
လွှတ်တော်အသီးသိး၏ ဒုတိယအကြိမ် ပုံမှန်အစည်းဝေးများကို ခေါ်ယူရန် လွှတ်တော်နှစ်ရပ်လုံးက ဇန်နဝါရီ ၆ ရက်နေ့တွင် ကြေညာခဲ့ပြီး ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်များထံ ဖိတ်စာများ စတင်ပေးပို့နေပြီဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် လွတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇန်နဝါရီ ၂၆ ရက်နေ့ နောက်ဆုံးထားကာ လွှတ်တော်သို့ သတင်းပို့ကြရန်လည်း အကြောင်း ကြားထားသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်များက ရွေးချယ်သည့် လွှတ်တော်ဥက္ကဋ္ဌများက လွှတ်တော်သစ်များကို ဆက်လက်ဦးဆောင် ကျင်းပသွားမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရအဖွဲ့ဝင် အသစ်များကို ဖွဲ့စည်းအတည်ပြုသွားမည်ဖြစ်သည်။
ထို့ကြောင့် လွှတ်တော်သစ်များအတွက် လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်ခန့်အပ်ခြင်း၊ ဥက္ကဋ္ဌသစ်များက တာဝန်ယူကာ ပြည်ထောင်စုလွှတ်တော် ခေါ်ယူခြင်း၊ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်ခြင်း၊ သမ္မတသစ်က အစိုးရဖွဲ့စည်းခြင်းများကို လက်ရှိအစိုးရသက်တမ်းကုန်ဆုံးမည့် မတ်လ ၃၁ ရက်နေ့မတိုင်မီ အပြီး ဆောင်ရွက်ရမည်ဖြစ်သည်။
သမ္မတရွေးချယ်ရေးအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သားကိုယ်စားလှယ်များက ကိုယ်စားလှယ်လောင်း တစ်ဦးစီ အမည်စာရင်း တင်သွင်းကာ ပြည်ထောင်စု လွှတ်တော်တွင် ရွေးချယ်မည်ဖြစ်သည်။
လွှတ်တော်သစ်များသို့ တက်ရောက်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ စာရင်းကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တောင်းခံထားသည်ဟု 7 Day သတင်းစာက ရေးသားထားသည်။ တပ်မတော်က ပေးပို့သည့် စာရင်းအား ကော်မရှင်က စစ်ဆေးကာ အတည်ပြုလက်မှတ် ထုတ်ပေးသွားမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားချက်များအရ လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအတွက် တပ်မတော်သား ကိုယ်စားလှယ်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်စေလွှတ်ရသည်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့အချုပ်က အမျိုးသားလွှတ်တော်အတွက် ၁၃၅ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၂၅၅ ဦး၊ စုစုပေါင်း ၃၉၀ ဦး အနိုင်ရရှိထားသည်။
သတင်း- Frontier သတင်းအဖွဲ့