နေပြည်တော်
သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စည်ပင်ဧည့်ရိပ်သာကို သွားရောက် ကြည့်ရှုစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း
နေပြည်တော်တွင် လွှတ်တော်အစည်းအဝေးများ တက်ရောက်ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်ရေး အဆင်ပြေစေရန် ကိုယ်စားလှယ် အများစု တည်းခိုနေထိုင်ကြသည့် နေပြည်တော် စည်ပင် ဧည့်ရိပ်သာ၏ တည်းခိုခများ လျော့ချရေးအပါအဝင် လိုအပ်ချက်များကို စီစဉ်လျက်သည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဇန်နဝါရီ ၂၁ နေ့က စည်ပင်တည်းခိုဆောင်များရှိ လွှတ်တော်ကိုယ်စားလှယ်များ နေထိုင် စားသောက်မှု၊ ကျန်းမာရေး၊ လုံခြုံရေး၊ သွားလာရေးတို့အတွက် လက်ရှိ အခြေအနေနှင့် လိုအပ်ချက်များကို လာရောက်ကြည့်ကာ လက်ရှိ ကိုယ်စားလှယ်များအတွက်သာမက လွှတ်တော်အသစ် တက်ရောက်မည့် ကိုယ်စားလှယ်သစ်များ နေထိုင်ရေးအတွက်ပါ အဆင်ပြေအောင် ဆွေးနွေး စီစဉ်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စတင်မည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ချိန်တွင် တည်းခိုခန်းများကို လက်ရှိ တစ်ရက် ကျပ် ၅,၀၀၀ နှုန်းအစား တစ်လ ကျပ် တစ်သိန်း ပုတ်ပြတ်နှုန်းဖြင့် တည်းခိုနိုင်ရန် စီစဉ်သင့်သည်ဟု သူရဦးရွှေမန်းက အဆိုပါ ဧည့်ရိပ်သာသို့ လာရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။
“နောက်လွှတ်တော်နဲ့ နောက်အစိုးရလက်ထက်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက စည်ပင် တည်းခိုခတွေကို တစ်ရက် ၅,၀၀၀ နဲ့ တစ်လ တစ်သိန်းခွဲအစား တစ်လ တစ်သိန်းလောက်နဲ့ ပုတ်ပြတ်သဘော ပေးတာမျိုး စီစဉ်ပေးဖို့ လိုပါတယ်” ဟု ၎င်းကပြောသည်။
လက်ရှိ ပထမအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်များမှ လွဲကာ အခြား ပါတီ ကိုယ်စားလှယ်များသည် လွှတ်တော် တက်ရောက်နေစဉ် နေပြည်တော် စည်ပင် ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်ကြသည်။
ဖေဖော်ရီ ၁ ရက်တွင် စတင်မည့် ဒုတိယအကြိမ်လွှတ်တော်စတင်ချိန်တွင် ပါတီစုံမှ ကိုယ်စားလှယ်သစ် ၄၅၀ ဦးတို့သည် စည်ပင် ဧည့်ရိပ်သာတွင် တည်းခိုကြမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ၄၁ ဦးမှာမူ ပြည်ခိုင်ဖြိုးရုံးချုပ်တွင်သာ တည်းခိုဖွယ်ရှိသည်ဟု သိရသည်။
“အဲဒီ အမတ်တွေက သူတို့ပါတီရုံးချုပ်မှာပဲ တည်းချင် တည်းနိုင်တယ်၊ ဒါပေမယ့် သူတို့ကို ဒီမှာ လာမတည်းဖို့ ပြောလို့တော့ မရဘူး။ ဘယ်မှာ တည်းမလဲတော့ သူတို့ကို မေးဖို့ လိုတယ်။ သူတို့ ဆန္ဒအတိုင်းပေါ့” ဟု သူရ ဦးရွှေမန်းက ပြောသည်။
စည်ပင်ဧည့်ရိပ်သာတွင် ယခင်က တစ်ရက် ကျပ် ၃,၀၀၀ နှုန်းဖြင့် အခန်းခ ကောက်ခံရာမှ ပြီးခဲ့သည့် နိုဝင်ဘာလဆန်းမှ စတင်ပြီး ကျပ် ၅,၀၀၀ သို့ တိုးမြှင့် ကောက်ခံခဲ့သည်။ ထို့ပြင် ဧပြီလမှ စတင်ပြီး အခန်းခများအား နှုန်းထားသစ်ဖြင့် တွက်ချက်ကာ လိုအပ်သည့် အခန်းခငွေများကို ပြန်လည် ပေးဆောင်ရန်လည်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီက စာဖြင့် တောင်းခံခဲ့သည်။
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အဆိုပါကိစ္စကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ စာတင်ရာ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လာရောက် ကြည့်ရှုကြခြင်း ဖြစ်သည်။
သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လာရောက်ပြီးနောက်တွင် တည်းခိုဆောင် အခန်းများထဲရှိ ကုတင်များမှ မွှေ့ယာအပါးများကို မွှေ့ယာအထူများဖြင့် လဲလှယ်ပေးခဲ့သည်ဟု သိရသည်။
သတင်း- စိုးသန်းလင်း