ဦးသိန်းစိန်၏ သမ္မတသက်တမ်း ပြီးဆုံးကာနီးအချိန်တွင် သမ္မတဦးသိန်းစိန် ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံဆည် စီမံကိန်းကို ဗဟိုပြု၍ ရိုက်ကူးထားသော မှတ်တမ်းတင်ရုပ်ရှင်ကားတစ်ကား ပေါ်ထွက်လာခဲ့သည်။
အိုလီဗာ ဆလိုး ရေးသားသည်။
လွန်ခဲ့သော လေးနှစ်ကျော်က သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းခိုင်းထားခဲ့သော မြစ်ဆုံဆည်စီမံကိန်းဧရိယာအနီး နေထိုင်ကြသော ကျေးရွာသားများဘဝကို ဗဟိုပြု၍ ရိုက်ကူးထားသော မူးယစ်ဆေးဝါးများ၊ ဆည်များနဲ့ ဒီမိုကရေစီ (Drugs, Dams & Democracy) ဟု အမည်ပေးထားသောမှတ်တမ်းတင်ရုပ်ရှင်ကားတွင် ဇာတ်ကောင်တွေက စုံလင်လှသည်။
မှတ်တမ်းရုပ်ရှင်တွင် လူပုဂ္ဂိုလ်အမြောက်အမြားကို တွေ့ဆုံမေးမြန်းထားရာ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျ မည့် မြစ်ဆုံဆည်တည်ဆောက်ရေးအတွက် နေရာရွှေ့ပြောင်းပေးကြရသည့် ဒေသခံ ကချင်တိုင်းရင်းသားများ၊ ရွှေတူးသမားများ၊ ဂီတပညာရှင်များ၊ ဘိန်းဖြူဆေးစွဲနေသူများ၊ ခရစ်ယာန်ဘာသာဘုရားကျောင်း၊ တရားဟော ဆရာများသာမက ဤစီမံကိန်း၏ ရှယ်ယာအများစုကို ပိုင်ဆိုင်ပြီး တည်ဆောက်ရေးကို တာဝန်ယူလုပ်ဆောင် နေသော တရုတ်အစိုးရပိုင် ကုမ္ပဏီကြီး၏ တာဝန်ခံကိုယ်စားလှယ်များလည်း ပါဝင်သည်။
တစ်နိုင်ငံလုံးက ဝိုင်းဝန်းကန့်ကွက်ကြသဖြင့် သူ့သမ္မတသက်တမ်းအတွင်း ဆက်လက်လုပ်ဆောင်ခြင်းမပြုရ ဟု သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းထားခဲ့သောမြစ်ဆုံဆည်ကိစ္စသည် မကြာမီက ရန်ကုန်တွင် ဤမှတ်တမ်း ရုပ်ရှင် ကို ပြသခဲ့ပြီးနောက် လူတို့၏ အာရုံထဲ ပြန်ရောက်လာသည်။
သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်း ကုန်ဆုံးလုနီးလာချိန်တွင် လာမည့်နှစ် အစိုးရတက်လာပြီးနောက် ဤစီမံကိန်းကို ပြန်လည်စတင်တော့မည်ဟူသော သတင်းများလည်း ထွက်လာသည်။
သို့စေကာမူဦးသိန်းစိန်သည် သမ္မတဒုတိယအကြိမ် ပြန်အရွေးခံရန် ကြိုးပမ်းနေသည့် အရိပ်လက္ခဏာများ မြင်တွေ့နေရလေရာ သူ၏မြစ်ဆုံဆည်နှင့် ပတ်သက်၍ ထားခဲ့သော ကတိမှာ နောက်အလားအလာ မည်သို့ ရှိမည်ဆိုသည်ကိုလည်း မည်သူမျှ မသိနိုင်ချေ။
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့၏ မြစ်ညာဘက် ၂၆ မိုင်အကွာ မေခ နှင့် မေလိခ မြစ်နှစ်သွယ်ဆုံရာ အရပ်တွင် ဆည်ကြီးတည်ဆောက်ရန် အစီအစဉ်ကို၂၀၀၁ ခုတွင် စတင်ခဲ့ခြင်း ဖြစ်သည်။
မြစ်ဆုံစီမံကိန်းကို ၂၀၁၇ တွင် အပြီးတည်ဆောက်ရန်ဖြစ်ပြီး ၆၀၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မည်။ လျှပ်စစ်အများစု ကို တရုတ်ပြည်သို့ တင်ပို့ရမည် ဖြစ်သည်။ ဤစီမံကိန်း၏ ၈၀ ရာခိုင်နှုန်းကို တရုတ်အစိုးရပိုင် China Power Investment Corporation က ပိုင်သည်။ ကျန် ၂၀ ရာခိုင်နှုန်းကို မြန်မာအစိုးရနှင့် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုမ္ပဏီလုပ်ငန်းစုဖြစ်သော Asia World က ပိုင်ဆိုင်မည် ဖြစ်သည်။
“ရွေးကောက်ပွဲကလည်း နီးကပ်နေပြီဆိုတော့ ဒီပြဿနာဟာ သိပ်အရေးကြီးပါတယ်။ ဒီစီမံကိန်းကို စတင် ဆွေးနွေးကြစေချင်တာပါ” ဟု မှတ်တမ်းတင်ရုပ်ရှင်ကို ထုတ်လုပ်သူ အင်ဒရူး လီမွန်က ရန်ကုန်မြို့တွင် အောက်တိုဘာ ၁၄ ရက်နေ့ ဤရုပ်ရှင် စတင်ပြပွဲတွင် ပြောကြားခဲ့သည်။
ဤမှတ်တမ်းတင်ကားမှာ တစ်နာရီခန့် ကြာမြင့်သည်။
ထိုရုပ်ရှင်၏ အဓိကဇာတ်ကောင်များတွင် မစက်ကွမ် တို့ မိသားစုလည်း ပါဝင်သည်။ ရုပ်ရှင်အစပိုင်းတွင် မြစ်ဘေးရှိ တန်ဖေရွာလေးတွင် သူတို့မိသားစု နေထိုင်လုပ်ကိုင်စားသောက်နေကြသည်။ သို့သော် တရုတ် CPI ကုမ္ပဏီက အောင်မြင်သာဟု ခေါ်သောရွာသို့ သူတို့ကို စုပြုံပြောင်းရွှေ့လိုက်ကြရာ ထိုနေရာသစ်တွင် စားဝတ် နေရေး ဖူလုံအောင် လုပ်ကိုင်စားသောက်၍ မရတော့ပေ။
“မစက်ကွမ်ဟာ သူ့ကလေးတွေကို ဝလင်အောင် ကျွေးမွေးနိုင်ဖို့ ကြိုးစားလုပ်ကိုင်ပါသော်လည်းဘယ်လိုမှ မျှော်လင့်ချက်မရှိတော့ပါဘူး” ဟု မှတ်တမ်းရုပ်ရှင်ရိုက်ကူးရာတွင် ပါဝင်လုပ်ကိုင်ခဲ့သော မချယ်ရီထိုက် က ပြောပြသည်။ မချယ်ရီထိုက်သည် ဤကားကို ရိုက်ကူးရန် ထိုရွာသားများအကြား ခြောက်လ ကျော် အတူ နေထိုင်ခဲ့သူ ဖြစ်သည်။
CPI ကုမ္ပဏီသည် စီမံကိန်း၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှုကို အကဲဖြတ်ရန် စီစဉ်ခဲ့သော်လည်း ဧရာဝတီ မြစ်ရိုးတစ်လျှောက် ထိခိုက်နိုင်မှုကိုမူ ထည့်သွင်းမစဉ်းစားခဲ့ကြချေ။ ဧရာဝတီ မြစ်ဝှမ်းတစ်လျှောက် မှီတင်းနေထိုင် လုပ်ကိုင်စားသောက်နေကြရသူ ၂၄ သန်းခန့် ရှိသည်။
“ဧရာဝတီ မြစ်ရိုးတစ်လျှောက် အောက်ကလူထုတွေက ဒီစီမံကိန်းအတွက် သိပ်စိုးရိမ်နေကြတယ်။ ဒီတော့ မြစ်အောက်ပိုင်းတစ်လျှောက် ထိခိုက်နိုင်မှုကို သေချာထည့်သွင်းစဉ်းစားဖို့ အရေးကြီးတယ်” ဟု အင်ဒရူး လီမွန်က ပြောသည်။
ထိုမှတ်တမ်းရုပ်ရှင်တွင် ကချင်ဒေသအတွင်း မူးယစ်ဆေးသုံးစွဲမှု အခြေအနေကို လေ့လာသုံးသပ်ထားသည်။ ယင်းအပြင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) အကြား ၁၇ နှစ်ကြာအောင် အပစ် အခတ် ရပ်စဲထားပြီးမှ ၂၀၁၁ ဇွန်လတွင် တိုက်ခိုက်မှုများပြန်လည်ဖြစ်ပေါ်ခဲ့ရသည့် အခြေအနေကိုလည်း သုံးသပ်ထားသည်။
ထိုဆည်တည်ဆောက် ပြီးစီးပါက KIO က ထိန်းချုပ်ထားသော နယ်မြေအများစုမှာ ရေအောက်နစ်မြုပ် ရောက်ရှိတော့မည့် အရေးကြောင့် နှစ်ဘက်အကြား တင်းမာမှုများ ဖြစ်ခဲ့သည့် အကြောင်းတစ်ချက် ပါဝင်သည် ဟု ဆိုသည်။ အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ အကြား တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးခဲ့ကြရာတွင် KIA မပါဝင်ခဲ့ချေ။ KIA သည် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များအနက် အင်အားအကြီးမားဆုံးအဖွဲ့များထဲတွင် တစ်ဖွဲ့ အပါအဝင် ဖြစ်သည်။
မကြာမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးဆင်းခဲ့ရာတွင် NLD အစိုးရဖွဲ့နိုင်ပါက မြစ်ဆုံဆည်စီမံကိန်းအခြေအနေ မည်သို့ရှိမည်နည်းဟု မေးမြန်းခဲ့ကြရာ ဒေါ်စုက မြစ်ဆုံဆည် စီမံကိန်းကို ဖျက်သိမ်းပေးမည်ဟု ကတိမပေးနိုင်သော်လည်း တရုတ်အစိုးရကုမ္ပဏီ CPI နှင့် မြန်မာအစိုးရ အကြား ချုပ်ဆိုမည့် စာချုပ်အသေးစိတ်ကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးမည်ဟု ကတိပြုခဲ့သည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။