မြတ်ကျော်သူ
ဝ ပြည်နယ်အနေဖြင့် “လက်ရှိအနေအထား၊ အခြေအနေအတိုင်း” ဆက်လက်စောင့်ထိန်းသွားမည်ဟု ဝ ပြည်နယ်၊ ပြည်သူ့အစိုးရ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းက ယနေ့ (ဧပြီ ၁၇ ရက်နေ့)တွင် ပြောဆိုလိုက်သည်။
မြန်မာအစိုးရက ဝ အထူးဒေသ (၂) ဟု သတ်မှတ်ထားပြီး ဝ ပြည်နယ်ဟု ၎င်းတို့က ခေါ်ဆိုသည့် ပန်ဆန်းမြို့တွင် ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်(၃၀) ပြည့်ဟု အမည်တပ်ထားကာ “ဝ ပြည်နယ်ထူထောင်သည့် အထိမ်းအမှတ်နေ့” အခမ်းအနားအား ကျင်းပစဉ် ၎င်းက ထိုသို့ ထည့်သွင်း ပြောဆိုသွားခြင်းဖြစ်သည်။
“ကျွန်တော်တို့သည် လက်တဖက်က ငြိမ်းချမ်းရေး ဒီမိုကရေစီအလံကို လွှင့်ထူပြီး အခြားလက်တဖက်တွင် လက်နက်ဖြင့် မိမိကိုယ်ကို ကာကွယ်ရေးအလံကို လွှင့်ထူသွားမည်” ဟု ဝ ပြည်နယ် သွေးစည်း ညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေးမှူးချုပ်လည်းဖြစ်သူ ဦးပေါက်ယူချန်းက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
000_1fp71o.jpg
ဝ ဒေသ၏ မြို့တော်ဖြစ်သည့် ပန်ဆန်းမြို့ မြို့လယ် အားကစားကွင်းတွင် စစ်ရေးပြအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ဦးပေါက်ယူချန်းနှင့်အတူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်းကော်ချန်းတို့ နှစ်ဦး ယှဉ်တွဲထိုင်နေကြသည်ကို တွေ့ရသည်။
စစ်ရေးပြအခမ်းအနားတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များအပါအဝင် ဝ တပ်ဖွဲ့များနှင့် လက်ဖြောင့်တပ်သားများ ထောင်ပေါင်းများစွာက လက်နက်များ၊ သံချပ်ကမော်တော်ယာဉ်များနှင့်အတူ ချီတက်ခဲ့ကြသည်။
လူဦးရေ ခြောက်သိန်းခန့် နေထိုင်ကြသည့် ဝ ဒေသတွင် တပ်ဖွဲ့ဝင် ၂၅,၀၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် အကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်ရှိ အစိုးရမဟုတ်သည့် အကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့များတွင် တစ်ခုအပါအဝင်ဖြစ်သည်။
000_1fp7mm.jpg
အဆိုပါအခမ်းအနားအား တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ဖိတ်ကြားခဲ့သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာသာ ပေးပို့ခဲ့သည်။
တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုတို့၏ အသီးအပွင့်ကို ရရှိခံစားလျက်ရှိသော ဝ တိုင်းရင်းသားပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်မှုကို ဝမ်းမြောက်ဖွယ်တွေ့မြင်နေရသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွေင် ဖော်ပြထားသည်။
“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ဝ အထူးဒေသ (၂) အပါအဝင် တိုင်းရင်းသားများ မျှော်လင့်တောင့်တလျက်ရှိသော အမျိုးသားတန်းတူရေးနှင့် ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိရေးဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာတွင် ဖြတ်သန်းရမည့် တံခါးပေါက်တစ်ခုသာဖြစ်ပြီး လမ်းဆုံးပန်းတိုင်မဟုတ်သည်ကို သတိချပ်စေချင်ပါသည်” ဟုလည်း ဖော်ပြထားသည်။
NCA တွင် လက်မှတ်ထိုးပြီးပါကလည်း NCA က လွှမ်းခြုံခြင်းမရှိခြင်းကိစ္စများကို အစိုးရနှင့် ညှိနှိုင်းသဘောတူညီမှု ရရှိနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
000_1fp7tj.jpg
ဦးပေါက်ယူချန်းက”မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တက်လာသော အစိုးရအဆက်ဆက်သည် ပင်လုံစာချုပ်၏ အနှစ်သာရကို အတည်မပြုဘဲ လမ်းကြောင်းလွဲအောင်ပြုမူဆောင်ရွက်ခဲ့ကြခြင်း၊ လူမျိုးကြီးဝါဒကို ကိုင်စွဲခြင်းကြောင့် ကောင်းမွန်သင့်မြတ်သော တိုင်းရင်းသားရေးရာ မူဝါဒကို ချမှတ်နိုင်ခဲ့ခြင်း မရှိပါ” ဟု ပြောကြားသည်။
ဦးပေါက်ယူချန်းက ၎င်း၏ မိန့်ခွန်းကို မြန်မာဘာသာပြန်ဖြင့်သာ ကြေညာခိုင်းပြီး ကိုယ်တိုင် ပြောဆိုခြင်း မရှိပေ။
ယခုပွဲကို အစိုးရကိုယ်စားလှယ်များ လာရောက်သလို တပ်မတော်နှင့် လက်ရှိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည့် ရက္ခိုင့်တပ်မတော်ကလည်း တက်ရောက်လာသည်ကို တွေ့ရသည်။