ရန်ကုန်
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်တပ်မတော် (အေအေ)အဖွဲ့က လက်နက်ခဲယမ်း အမြောက်အများကို ရန်ကုန်မြို့အား အကြိမ်ရေများစွာ ဖြတ်သန်းပြီး စစ်တွေမြို့သို့ သယ်ဆောင်ခဲ့သည်ဟု ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်အရ အေအေအဖွဲ့သည် လက်နက်ခဲယမ်းများအား ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် ပြင်ဦးလွင်နှင့် ဘားအံလမ်းကြောင်းများမှ ရန်ကုန်မြို့သို့ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် ၁၈ ကြိမ် ပို့ဆောင်ခဲ့ပြီးနောက် ရန်ကုန်မြို့တွင် ပြန်လည်ထုတ်ပိုးပြီး လိုင်းကားများ၊ ကိုယ်ပိုင် မော်တော်ယာဉ်များဖြင့် စစ်တွေမြို့သို့ ၁၄ ကြိမ် ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ လက်နက်ငယ်များတွင် လက်နက်ငယ် ၃၄၅ လက်၊ ကျည်ဆံများ၊ အာပီဂျီ ၁၆ လက်၊ အာပီဂျီဗုံးသီး ၂၁၃ လုံး၊ လက်ပစ်ဗုံးအလုံး ၃၀၀၊ တီအင်န်တီယမ်းတောင့်များ၊ မိုင်းများ၊ ဆက်သွယ်ရေး စကားပြောစက်များ၊ ချပ်ဝတ်တန်ဆာများနှင့် အခြားစက်စပ်ပစ္စည်းများ ပါဝင်သည်ဟု သိရသည်။
ထိုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်း အမြောက်အများအား ရန်ကုန်မြို့သို့ သယ်ယူလာနိုင်သဖြင့် ရန်ကုန်မြို့၏ လုံခြုံရေးအတွက် မေးခွန်းထုတ်စရာ ဖြစ်နေသည်။
အေအေအဖွဲ့သည် အဆိုပါ လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရေးအတွက် ငွေကြေးရရှိရန် စိတ်ကြွဆေးဝါးများကို စစ်တွေမြို့သို့ ပို့ဆောင် ရောင်းချခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ အမှုများနှင့် ပတ်သက်ပြီး အေအေတပ်ဖွဲ့ဝင်ဆိုသူနှစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးထားသည်။
၂၀၀၉ ခုနှစ်က ကချင်ပြည်နယ် ကေအိုင်အေဌာနချုပ်ဟောင်းတွင် စတင်ဖွဲ့စည်းခဲ့သည့် အေအေအဖွဲ့အား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ရန် အစိုးရက အသိအမှတ်ပြုထားခြင်း မရှိပဲ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ဒီဇင်ဘာနောက်ဆုံးပတ်မှ စတင်ကာ အေအေအဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အေအေအဖွဲ့အား အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ဇန်နဝါရီလ အစောပိုင်းတွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
သတင်း- Frontier