နေပြည်တော်၊ ဧပြီ ၂၆
ဧပြီ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ နီးကပ်လွန်းတဲ့ချိန်မှာ အာဏာရပါတီ အကြီးအကဲနှစ်ဦးရဲ့ အင်တာဗျူးတွေ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့မှုများမှာ တိုက်ဆိုင်မှုသာဖြစ်ပြီး ပြန်လည်စဉ်းစားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထော်စုဝန်ကြီး ဒေါက်တာဖေမြင့်က Frontier ကိုပြောပါတယ်။
အစိုးရသစ် တစ်နှစ်ပြည့်နဲ့ ကြားဖြတ်ရွေးကောက်ပွဲ တိုက်ဆိုင်နေတဲ့အချိန်မှာ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးအကဲနှစ်ဦးနဲ့ တွေ့ဆုံမေးမြန်းထားမှုတွေကို နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ဧပြီ ၂၆ ရက်မွန်းလွဲပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Frontier က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဒီလိုမေးမြန်းမှုအပေါ် ဒေါက်တာဖေမြင့်က “အစီအစဉ်တွေက တော်တော်လေးစိတ်ပြီး ဖြစ်နေတယ်။ ဝန်ကြီးဌာနအလိုက် လုပ်ထားတာတွေရှိတယ်။ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး ခြုံငုံသုံးသပ်လုပ်တာ ရှိတယ်။ အများရဲ့အမြင်တွေ လုပ်တာရှိတယ်။ တစ်ချိန်တည်းမှာပဲ ဒီအချိန်ကာလနဲ့လာပြီး တိုက်ဆိုင်တော့ ဒါတွေပြောတာပေ့ါ…..…. မူဝါဒတွေ ဘာတွေနဲ့ မဆိုင်ပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အလုပ်ကို ပုံမှန်လုပ်ခြင်းသာဖြစ်တယ်” လို့ ပြန်ဖြေပါတယ်။
အဲဒီနောက်မှာတော့ ဒေါက်တာဖေမြင့်က “လုပ်တာကတော့ တစ်နှစ်တာအထိမ်းအမှတ်ကို တစ်နှစ်ကို ပြန်သုံးသပ်တာပါ။ ထင်ထင်ရှားရှား ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေကို မေးမြန်းတာပေ့ါ။ ဝေဖန်မှုရှိတယ်ဆိုရင် စဉ်းစားရမှာပေ့ါ” လို့ ထပ်မံ ဖြေကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကတော့ ဒီလိုဖော်ပြမှုတွေဟာ ဘယ်လိုဆင်ခြေပဲပေးပေး၊ ဘယ်လိုပဲလုပ်လုပ် ရွေးကောက်ပွဲဥပဒေနဲ့ပြောရင် တရားမဲ့ပြုကျင့်တာပဲလို့ Frontier ကို မှတ်ချက်ပြုပါတယ်။
အထူးသဖြင့် ဥပဒေကိုလိုတစ်မျိုး၊ မလိုတစ်မျိုးကျင့်သုံးခဲ့မှုအပေါ် အစဉ်တစ်စိုက် ဆန့်ကျင်လာခဲ့တဲ့သူတွေအနေနဲ့ ပိုလို့တောင် မလုပ်သင့်ဖူးလို့ ဦးသိန်းညွန့်က သတိပေးလိုက်ပါသေးတယ်။
“ရွေးကောက်ပွဲဥပဒေမှာ ရွေးကောက်ပွဲ မလုပ်ခင်တစ်ရက်မှာ မဲဆွယ်စည်းရုံးမှု မလုပ်ရဘူးလို့ သတ်မှတ်ထားတာပဲ”လို့ ဦးသိန်းညွန့်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို မတ် ၃၀ ရက်နေ့ နောက်ဆုံးထားမဲဆွယ်စည်းရုံးရမယ်လို့ စည်းကမ်းသတ်မှတ်ထားတာကို သူက ရည်ညွှန်းပြီး ပြောတာပါ။
ဒီလိုသတ်မှတ်ထားပေမယ့် မတ် ၃၁ ရက်နေ့မှာတော့ “အစိုးရသစ်၏ တစ်နှစ်တာ ခရီးလမ်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၏ သဘောထားအမြင်” ဆိုတာနဲ့ ဧပြီ ၁ ရက်နေ့မှာ “အစိုးရသစ်၏ တစ်နှစ်တာ ဆောင်ရွက်ချက်များအပေါ် ဦးဝင်းထိန်၏ သုံးသပ်ချက်” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ နိုင်ငံပိုင် သတင်းစာနဲ့ ရုပ်မြင်သံကြားတွေမှာ အစီအစဉ်တွေ ဖော်ပြထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း