ရန်ကုန်၊ ဇန်နဝါရီ ၁၇
ရန်ကုန်မြို့၏ ဘတ်စ်ကားစနစ် ပြုပြင်ပြောင်းလဲသည့် ဒုတိယနေ့ဖြစ်သည့် ယနေ့ညနေပိုင်း ရုံးဆင်းချိန်တွင် လူစီးများသော ကားမှတ်တိုင်များ၌ ရဲကားများဖြင့် ဝင်ရောက်ကူညီပြေးဆွဲပေးမည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့နေ့လည်ပိုင်းတွင် ပြောကြားလိုက်သည်။
“ရဲတပ်ဖွဲ့ကနေ ဒီညနေ စုပုံရှင်းလုပ်ပေးလိမ့်မယ်။ ကားကတော့ ရဲတပ်ဖွဲ့က သုံးတဲ့ကားတွေပဲပေါ့။ ဒါပေမယ့် အဲဒီကားတွေကို အမြန်ထွက်လို့ရအောင် ရှေ့မှာ လမ်းကြောင်းကားတွေပါမယ်” ဟု ၎င်းကဆိုသည်။
ညနေရုံးဆင်းချိန် လေးနာရီခန့်မှ စတင်၍ ဆူးလေနှင့် သခင်မြပန်းခြံမှတ်တိုင်များတွင် ရဲကားများဖြင့် ပြေးဆွဲပေးသွားမည်ဟု ၎င်းကဆိုသည်။
“ရဲကားတွေဆိုတော့ လူတွေက မစီးရဲမှာစိုးလို့၊ ကြောက်နေမှာစိုးလို့ (စီးလို့ရတဲ့အကြောင်း) ကြိုပြီး အသိပေးထားချင်ပါတယ်” ဟုလည်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ညနေပိုင်းတွင် ခရီးသည်များအတွက် အခမဲ့ပြေးဆွဲပေးရန် FAW အမျိုးအစား လိုက်ထရပ် ရဲကား ၄၁ စီး အသုံးပြုမည်ဟု အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုဌာနမှ ရဲမှူးချုပ်မြဝင်းက သတင်းမီဒီယာများကို ပြောကြားထားသည်။
ထို့ပြင် ယနေ့ညတွင် ဘတ်စ်ကားများ ဖျက်သိမ်းလိုက်သဖြင့် ညပိုင်းဖွင့်လှစ်သည့် လက်ကား ကုန်စိမ်းနှင့် သားငါးဈေးကြီးများသို့ သွားလာရန် အခက်တွေ့နေသော ဈေးသည်များအတွက် ဈေးကြိုကားများလည်း ပြေးဆွဲပေးမည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
ဈေးကြိုကားများသည် သီရိမင်္ဂလာဈေးနှင့် ကြည့်မြင်တိုင်ငါးဈေးတို့ကဲ့သို့သော ဈေးကြီးများသို့ ကြိုပို့ ပေးသွားမည်ဖြစ်ပြီး ယခင်အတိုင်း သန်းခေါင်းကျော် ည တစ်နာရီခန့်တွင် ထွက်ခွာမည်ဟု ၎င်းကဆိုသည်။
ဘတ်စ်ကားစနစ်ဟောင်းအား သိမ်းလိုက်ပြီးနောက် လက်ရှိတွင် ကားစီးရေ မလုံလောက်သေးမှုကြောင့် စေတနာရှင် ပြည်သူအချို့က ၎င်းတို့ပိုင်ကိုယ်ပိုင်ကားများ၊ ဘုရားဖူးကားများဖြင့် တတတ်တအား ဝင်ရောက်ကူညီ ပြေးဆွဲခြင်းဖြင့် ရန်ကုန်လူထုအတွက် ရေတိုဖြေရှင်းနေကြရသည်။ ယမန်နေ့ညကလည်း ည ၈ နာရီခွဲကျော်သည်နှင့် မြို့တွင်းတွင် ဘတ်စ်ကားများ မရှိတော့သလောက် ဖြစ်သွားပြီး လူစီးများသည့် မှတ်တိုင်များတွင် ခရီးသည်များ စုပုံနေခဲ့ကြသည်။
သတင်း-ကျော်ဖုန်းကျော်