သင်္ဃန်းကျွန်းမြို့နယ်တွင် ရိုက်နှက်မှု ကျူးလွန်ခဲ့ကြပြီး Facebook လူမှုကွန်ယက်ပေါ်တွင် မှတ်တမ်းဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြခဲ့ရသည့် ဘီအမ်ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးလိုက်ပြီဖြစ်သည်ဟု ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ကိုးနာရီခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုကျော်စွာလင်းနှင့် ကိုဟိန်းမင်းကိုတို့ ညီအစ်ကိုနှစ်ဦးသည် ၎င်းတို့၏ အငှားယာဉ်ဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက်မှ သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ လေးထောင့်ကန်လမ်းအတိုင်း မောင်းနှင်လာစဉ် ဘဝမြင့် ကားမှတ်တိုင်အနီးအရောက် ၎င်းတို့၏ ယာဉ်ရှေ့မှ အမှတ်(၁၈၇)ခရီးသည်တင်ယာဉ်လိုင်းမှ ဘီအမ်ယာဉ်က ယာဉ်ကြောပိတ်၍ ရပ်နေသဖြင့် ပြောဆိုရာမှ စကားများကြပြီး အဆိုပါ ဘီအမ်ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့လေးဦးက ဆဲဆိုကြိမ်းမောင်းပြီး တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သည်ဟု ရန်ကုန်ရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အောက်တိုဘာ ၂၉ ရက်နေ့က ရေးသားထားသည်။
ထိုသို့ရိုက်နှက်ခံရသဖြင့် ကိုကျော်စွာလင်းနှင့် ကိုဟိန်းမင်းကိုတို့နှစ်ဦးတွင် ပေါက်ပြဲ၊ ဖူးရောင်၊ နာကျင်ဒဏ်ရာများရရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်ဟု ရေးသားထားသည်။။
ထို့ပြင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ကားမှတ်တိုင်တွင် ဘီအမ်လိုင်းကားသမားများ၏ မင်းမဲ့စရိုက်ဆန်စွာ ကျူးလွန်ခြင်းများကို ထိရောက်စွာ အရေးယူပေးစေလိုကြောင်း မှတ်တမ်းဓာတ်ပုံများနှင့် ရေးသားဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်ဟု ရေးသားထားသည်။
ဘီအမ်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက ရိုက်နှက်မှု ကျူးလွန်နေကြသည့် ဓာတ်ပုံသည် Facebook ပေါ်တွင် ပြန့်နှံ့လျက်ရှိသည်။
ဘီအမ်ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်သို့ တိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် ကဝမြို့နယ်ရဲတပ်ဖွဲ့နှင့် ဆက်သွယ်၍ ပြစ်မှု ကျူးလွန်သူ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေ ယာဉ်မောင်း ရန်ကျော်နိုင်(၂၃)နှစ်နှင့် ခေါလေး(ခ)မိုးမင်းဦး (၂၀)နှစ်၊ ယာဉ်နောက်လိုက် အောင်မျိုးထွေး (၂၀)နှစ်နှင့် ကောင်းမြတ်နိုင် (၁၉)နှစ်တို့လေးဦးကိုဖမ်းဆီးကာ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရိုက်နှက်မှုအပြင် ၎င်းတို့ လေးဦးသည် အများပြည်သူ သွားလာနေသောလမ်းပေါ်တွင် ဘေးအန္တရာယ်ဖြစ်စေသော လက်နက်များကိုင်ဆောင်၍ တရားဥပဒေစိုးမိုးရေးအား ထိပါးနှောင့်ယှက်သဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀(က)ဖြင့်လည်း အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ စည်းကမ်းမဲ့ကာ ဥပဒေချိုးဖောက်မှုများကို ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပြီး အဆိုပါကိစ္စနှင့် ပတ်သက်ပြီးလည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြသည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ လွတ်တော်ကိုယ်စားလှယ် ဦးညီညီက ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်နှင့် အခြားမြို့နယ်များသို့ ဆက်စပ်ပြေးဆွဲနေသော ဘီအမ်ယာဉ်လိုင်းများက ဥပဒေကို မထီမဲ့မြင်ပြုလုပ်၍ ပြည်သူများ အသက်ဆုံးရှုံးမှုများရှိနေ၍ ယာဉ်လိုင်းပိတ်သိမ်းခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းတို့ကို ဥပဒေနှင့်အညီ အမြန်ဆောင်ရွက်ပေးကာ ပြည်သူများကို ကာကွယ်ပေးရန် အစီအစဉ်ရှိ၊ မရှိကို လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က စည်းကမ်းပျက် လိုင်းကားများကို ပြစ်ဒဏ်တိုးမြှင့် အရေးယူသွားမည်ဟု အောက်တိုဘာ ၂၈ ရက်နေ့က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။
“ကျွန်မတို့အနေနဲ့လည်း ယခုဖော်ဆောင်မည့် အများပိုင်ယာဉ်လိုင်းများ ပေါ်ပေါက်လာရေးသည် ယခုလို ယာဉ်ပြဿနာများကို ချုပ်ငြိမ်းစေရန်အတွက် ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
“ဒါအပြင် လိုင်စင်မရှိပဲ မောင်းသော ကားသမားများနှင့် ကားပိုင်ရှင်များ အတူတကွ လုပ်ကိုင်စားသောက်နေမှုများကို အရေးယူဆောင်ရွက်မှုရှိသော်လည်း အရေးယူတဲ့ အပိုင်းမှာ အားနည်းနေသေးတယ်လို့ ယူဆတဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်လို့ ပြစ်ဒဏ်တွေကို တိုးမြှင့်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ၎င်းကပြောသည်။
လိုင်းကားများကြောင့် ပြည်သူလူထု စိတ်ဆင်းရဲမှု ဖြစ်ပေါ်နေခြင်းကို နားလည်သည့်အတွက် အထူး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
“ပြည်သူလူထုတွေ စိတ်ဆင်းရဲနေတာကို ကျွန်မတို့အနေနဲ့လည်း ပြည်သူတွေနဲ့ ထပ်တူထပ်မျှ ခံစားရသလိုပါပဲ။ ဒီကိစ္စအတွက် အထူးကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမှာဖြစ်ပြီး အများပိုင်ယာဉ်လိုင်းတွေ ပေါ်ထွက်လာအောင် ဆောင်ရွက်နေပါတယ်” ဟု ဒေါ်နီလာကျော်က ပြောကြားသည်။
သတင်း-ဆုမြတ်မွန်