အေအက်ဖ်ပီ
ပြီးခဲ့သည့် အောက်တိုလာလက တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်ရှိ ဆော်ဒီအာရေးဗီးယာနိုင်ငံ ကောင်စစ်ဝန်ရုံးတွင် သတ်ဖြတ်ခံရသည့် ဆော်ဒီဂျာနယ်လစ် ဂျမားလ်ခါရှော့ဂီနှင့် တခြားပစ်မှတ်ထားခံရသည့် ဂျာနယ်လစ်များအား “အမှန်တရားကို ကာကွယ်စောင့်ရှောက်သူများ”အဖြစ် အသိအမှတ်ပြုသည့်အနေဖြင့် တိုင်းမ်မဂ္ဂဇင်းက Person of the Year (တစ်နှစ်တာ သြဇာအလွှမ်းမိုးဆုံးပုဂ္ဂိုလ်)အဖြစ် ဒီဇင်ဘာ ၁၁ ရက်နေ့က ရွေးချယ်လိုက်သည်။
ခါရှော့ဂီနှင့်အတူ ရွေးချယ်ခံရသူများတွင် ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာ၊ မြန်မာနိုင်ငံတွင် အကျဉ်းချခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အပြင် ဇွန်လက ပစ်ခတ်မှုတစ်ခုတွင် သေဆုံးခဲ့သည့် ဝန်ထမ်းငါးဦးအပါအဝင် အမေရိကန်နိုင်ငံ အန်နာပိုလစ်မြို့ရှိ Capital Gazette ဝန်ထမ်းများပါဝင်သည်။
“ရွေးချယ်မှုတွေကို ကြည့်ရင် ရုရှားကနေ ရီးယာ့ဒ်၊ ဆီလီကွန်တောင်ကြားအထိ ဒီနှစ်ရဲ့ ကြီးမားတဲ့ အဖြစ်အပျက် အများအပြားမှာ တကယ့်ကို တူညီတဲ့အကြောင်းက အမှန်တရားကို ချယ်လှယ်တာ၊ အလွဲသုံးစားလုပ်တာတွေ ရှိနေတယ်ဆိုတာက ရှင်းပါတယ်” ဟု တိုင်းမ်အယ်ဒီတာချုပ် အက်ဒွပ်ဖဲလ်ဆင်သော်လ်က ပြောသည်။
“ဂျမားလ်ခါရှော့ဂီကစပြီး ပိုမိုကြီးမားတဲ့အမှန်တရားကို ရှာဖွေရာမှာ ကြီးမားတဲ့ စွန့်စားမှုတွေလုပ်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်လေးဦးနဲ့ အဖွဲ့တစ်ဖွဲ့ကို မီးမောင်းထိုးပြဖို့ ကျွန်တော်တို့ ရွေးချယ်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။ ၁၉၂၇ ခုနှစ်ကတည်းက နှစ်စဉ် Person of the Year ဆုကို ချီးမြင့်လာခဲ့သည့် တိုင်းမ်သည် ယခုအပတ်ထုတ်မဂ္ဂဇင်းကို အဖုံးလေးမျိုးနှင့် ထုတ်ဝေခဲ့ပြီး တစ်ခုစီတွင် မတူညီသည့် ဂုဏ်ပြုခံရသူများကို ဖော်ပြခဲ့သည်။
ထိုဂုဏ်သိက္ခရှိသည့် မျက်နှာဖုံးအတွက် တစ်စုံတစ်ယောက်ကို သေဆုံးပြီးမှ ရွေးချယ်ခြင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
အမေရိကန်တွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ဝါရှင်တန်ပို့စ်၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်ခဲ့ကာ ဆော်ဒီအစိုးရနှင့် သဘောကွဲလွဲသူတစ်ဦးဖြစ်သည့် ခါရှော့ဂီသေဆုံးစဉ် ၎င်း၏သြဇာကြီးမှုမှာ လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အလွန်ရှားပါးကြောင်း ဖဲလ်ဆင်သောလ်က ပြောသည်။
၎င်းသတ်ဖြတ်ခံရမှုက ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ယီမင်၌ ပျက်စီးမှုများ ဖြစ်ပေါ်နေသည့် စစ်ပွဲအပေါ် ကမ္ဘာလုံးဆိုင်ရာ ပြန်လည်သုံးသပ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ၎င်းကပြောသည်။
အမေရိကန်မီဒီယာများတွင် ဖော်ပြထားချက်အရ အောက်တိုဘာ ၂ ရက်နေ့က ခါရှော့ဂီအား လုပ်ကြံသတ်ဖြတ်မှုကို ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က အမိန့်ပေးဖွယ်ရှိသည်ဟု အလယ်အလတ်မှ မြင့်မြင့်မားမား ယုံကြည်ရကြောင်း စီအိုင်အေက သုံးသပ်ခဲ့သည်။ ထို့အပြင် မင်းသားမိုဟာမက်သည့် ဆင်းရဲသော ယီမင်နိုင်ငံတွင် ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာမှု အကျပ်အတည်းများဖြစ်စေရန် လုပ်ဆောင်နေသည်ဟု စွပ်စွဲခံရသည်။ ယီမင်တွင် ဆော်ဒီဦးဆောင်သော မဟာမိတ်များက ဟူသီသူပုန်များနှင့် စစ်ပွဲဆင်နွဲနေသည်။
ဂုဏ်ပြုခံရသူများတွင် ပါဝင်သည့် အသက် ၃၂ နှစ်ရှိ ကိုဝလုံးနှင့် အသက် ၂၈ နှစ်ရှိ ကိုကျော်စိုးဦးတို့သည် ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ် အနောက်ပိုင်းတွင် စစ်တပ်၏ ပြင်းထန်သည့် နှိမ်နင်းမှုကာလအတွင်း ရိုဟင်ဂျာအမျိုးသား ၁ဝ ဦးအား တရားမဲ့ သတ်ဖြတ်မှုကို ဖော်ထုတ်ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၎င်းတို့ အကျဉ်းကျခံနေရသည်မှာ တစ်နှစ်နီးပါးရှိသွားပြီဖြစ်သည်။ ၎င်းတို့၏ အယူခံကို ယခုလနှောင်းပိုင်းတွင် ကြားနာမည်ဖြစ်သည်။
နောက်ထပ် ဂုဏ်ပြုခံရသူတစ်ဦးမှာ မာရီရက်ဆာဖြစ်သည်။ ၎င်းသည် ဖိလစ်ပိုင်သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Rappler ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေကို ဝေဖန်မှုကြောင့် ၎င်းဝက်ဘ်ဆိုက်အား ပိတ်ပစ်ရန် ဖိလစ်ပိုင်အစိုးရက အကြိမ်ကြိမ် ကြိုးပမ်းလျက်ရှိသည်။ မာရီမှာ စွဲချက်တစ်ခုနှင့် ရင်ဆိုင်နေရသည်။ ထိုစွပ်စွဲချက်မှာ Rappler သည် အခွန်အာဏာပိုင်များထံသို့ သတင်းအချက်အလက် အမှားများ ပေးခဲ့သည်ဆိုသည်။ ယင်းမှာ လုပ်ကြံမှုတစ်ခုသာဖြစ်သည်ဟု မာရီယာက ပယ်ချထားသည်။ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည်။
ယခုနှစ် ဂုဏ်ပြုခံသူများတွင် အမေရိကန်နိုင်ငံ၊ မေရီလင်းပြည်နယ် အန်နာပိုလစ်ရှိ Capital Gazette မှ ဝန်ထမ်းလည်း ပါဝင်သည်။ ပြီးခဲ့သည့် ဇွန်လက ၎င်းတို့၏သတင်းခန်းကို သေနတ်သမား ဂျာရော့ဒ်ရာမို့စ်က ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဂျာနယ်လစ်လေးဦးနှင့် အရောင်းလက်ထောက်တစ်ဦး သေဆုံးခဲ့ရသည်။
၂ဝ၁၆ ခုနှစ်က Person of the Year အဖြစ် ရွေးခံရသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ယခုနှစ်အတွက် လောင်းကစားဒိုင်များ၏ အကြိုက်ဆုံးဖြစ်သော်လည်း နောက်ဆုံးတွင် ဒုတိယနေရာသာ ရရှိခဲ့သည်။ ရွေးချယ်ခံရသူများစာရင်း မကြေညာမီ မိနစ်ပိုင်းအလိုတွင် ထရမ့်က မီဒီယာများကို တွစ်တာတွင် တိုက်ခိုက်ခဲ့ပြီး အိမ်ဖြူတော်၏ အဓိကရာထူးဖြစ်သည့် အိမ်ဖြူတော်ရုံးအဖွဲ့မှူးနေရာအား ဖြည့်ဆည်းရန် ၎င်း၏ကြိုးပမ်းမှုအား လွဲမှားစွာ သတင်းတင်ပြခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ရုရှားနှင့် ထရမ့်၏ ၂ဝ၁၆ ရွေးကောက်ပွဲကြား ဖြစ်နိုင်ဖွယ်ရာပူးပေါင်းကြံစည်မှုကို စုံစမ်းစစ်ဆေးနေသည့် အမေရိကန်တရားရုံးချုပ် အထူးရှေ့နေ ရောဘတ်မူလာက ယခုနှစ်တွင် တတိယနေရာ ချိတ်ခဲ့သည်။