နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရကာ ပြီးခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်က ဖမ်းဆီးခံခဲ့ရသည့် ရိုက်တာ သတင်းထောက်နှစ်ဦးကို ယနေ့ရုံးထုတ်ပြီး ရမန် နောက်ထပ် နှစ်ပတ်ယူခဲ့သည်ဟု ၎င်းတို့၏ ရှေ့နေက ပြောကြားသည်။
တရားရုံးသို့ ရောက်ရှိလာချိန်တွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့မှာ ဖမ်းဆီးခံရနောက် ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့၏ မိသားစုဝင်များနှင့် ရှေ့နေ့တို့အား တွေ့ဆုံခွင့်ရရှိခဲ့သည်။
ဖမ်းဆီးထားစဉ်အတွင်း ၎င်းတို့အား နှိပ်စက်ခဲ့ခြင်းမျိုးမရှိဟု ၎င်းတို့ နှစ်ဦးက ပြောကြားသည်။
“အခြေအနေက အဆင်ပြေပါတယ်” ဟု တရားရုံး ကြားနာမှုအပြီးတွင် ကိုဝလုံးက ပြောကြားသည်။ ၎င်းတို့နှစ်ဦးအား ရန်ကုန်မြို့ရှိ ရဲတပ်ဖွဲ့ဝင်းအတွင်း ထိန်းသိမ်းထားခြင်းဖြစ်သည်လည်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ထားတဲ့အတွက် ကျွန်တော်တို့ အကောင်းဆုံး ရင်ဆိုင်သွားမှာပါ” ဟု ၎င်းကပြောကြားသည်။ မီဒီယာဥပဒေကိုရော၊ ကျင့်ဝတ်ကိုပါ ကျွန်တော်တို့ ဘယ်တော့မှ မဖောက်ဖျက်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး ဆက်လုပ်သွားမှာပါ” ဟု ကိုဝလုံးက ပြောသည်။
တရားရုံးသို့ ရောက်ရှိလာသည့် ကိုကျော်စိုးဦးအား ညီမဖြစ်သူ မညိုညိုအေးက ကြိုဆိုနေစဉ်။ ဓာတ်ပုံ- ရိုက်တာ
၎င်းတို့အား ရုံးထုတ်ခဲ့သည့် မင်္ဂလာဒုံမြို့နယ် တရားရုံးသို့ သတင်းထောက်အများအပြား လာရောက်ခဲ့ကြသည်။ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ရဲအချုပ်ကားဖြင့် ခေါ်ယူလာခြင်းမဟုတ်ပဲ ဗင်ကားအဖြူရောင်တစ်စီးဖြင့် ခေါ်ယူလာခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် ပုံမှန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး လက်ထိပ်ခတ် ခံထားရခြင်းလည်း မရှိပေ။
ရိုက်တာက ငှားရမ်းပေးထားသည့် ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က ၎င်းတို့နှစ်ဦးသည် ဂျာနယ်လစ်များအနေဖြင့် ၎င်းတို့အလုပ်ကု ၎င်းတို့ လုပ်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားသည်။
“သူတို့ဟာ မီဒီယာအတွက် အလုပ်လုပ်နေတဲ့အချိန်မှာ ဒီလိုစွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။
ရဲနှင့် အစိုးရရှေ့နေများနှင့်အတူ သတင်းထောက်နှစ်ဦး၏ မိသားစုဝင်များနှင့် ရှေ့နေဖြစ်သူကိုသာ တရားရုံးအတွင်း ဝင်ခွင့်ပေးခဲ့သည်။
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်လျှိ့ဝှက်ချက်အက်ဥပဒေဖြင့် ဖမ်းဆီး စစ်ဆေးခံနေရခြင်း ဖြစ်သည်။
သတင်း- ရိုက်တာ