ဆုမြတ်မွန်
ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား စွဲချက်တင်ရန် တရားရုံးက လက်ခံလိုက်သည်။
၎င်းတို့နှစ်ဦးအား ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်လျှိ့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃.၁(ဂ) ဖြင့် စွဲချက်တင်ရန် ခရိုင်တရားသူကြီး ဦးရဲလွင်က ယနေ့ ဇူလိုင် ၉ ရက်နေ့ ရုံးချိန်း၌ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
နိုင်ငံတော် လုံခြုံရေးအား ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် လုံခြုရေးတပ်ဖွဲ့များနှင့် သက်ဆိုင်သည့် လျို့ဝှက် စာရွက်စာတမ်းများကို ရယူစုဆောင်းခဲ့သည်ဟု အစိုးရအမှုစစ်အရာရှိ၏ စွပ်စွဲချက်များကို စစ်ဆေးရန်အတွက် သတင်းထောက်နှစ်ယောက်အား အဆိုပါပုဒ်မဖြင့် စွဲချက်တင်လိုက်သည်ဟု တရားသူကြီးက တရားရုံး၌ ပြောကြားခဲ့သည်။
ထိုစွပ်စွဲချက်များနှင့် ပတ်သက်ပြီး အပြစ်မရှိကြောင်း သတင်းထောက်နှစ်ဦးက တရားသူကြီးအား ဖြေကြားခဲ့သည်။
“ဒီနေ့စွဲချက်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာအပြစ်မှ ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။ လက်လျှော့မှာ မဟုတ်ပါဘူး။ တုန်လှုပ်မှာလည်း မဟုတ်ပါဘူး” ဟု ကိုဝလုံးက တရားရုံးအပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားသည်။
“ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ ကိစ္စသည် သတင်းသမား ကျင့်ဝတ်နှင့်အညီ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကျင့်ပျက် ချစားမှုတွေနဲ့ ပတ်သက်ပြီး သတင်းသမားကျင့်ဝတ်နဲ့အညီ ဖော်ထုတ်ခဲ့တယ်ဆိုတာကို အားလုံး သိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့မှာ အပြစ်မရှိပါဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဖမ်းဆီးခံရချိန်တွင် ၎င်းတို့နှစ်ဦးသည် ရခိုင်ပြည်နယ်၌ ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရသူ ၁၀ ဦးကိစ္စအား သတင်းလိုက်နေကြခြင်း ဖြစ်သည်။ အဆိုပါသတင်းနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့နှစ်ဦးအား ခေါ်ယူကာ စာရွက်စာတမ်းအချို့အား ပေးအပ်ခဲ့ပြီးနောက် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးအား ရဲတပ်ဖွဲ့က စာရွက်စာတမ်းများ ပေးအပ်ကာ ထောင်ခြောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း စွပ်စွဲမှုများ ရှိနေသည်။
“မတရားမှုက ကျွန်တော်တို့ကို ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ပါဘူး။ ပြီးတော့ ရဲတပ်ဖွဲ့က မတရားမှုတွေ ကျူးလွန်တာကို ကျွန်တော်တို့ ဖော်ထုတ်ရမှာ ဖြစ်ပါတယ်” ဟု ကိုဝလုံးက ဆက်လက်ပြောကြားသည်။
ယခုကဲ့သို့ စွဲချက်တင်ခံရခြင်းမှာ မမြင်ရသော အကြောင်းအရာများကြောင့် ဖြစ်နိုင်သည်ဟု ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က သတင်းထောက်များကို ပြောကြားသည်။
“ဒီအမှုက ဥပဒေအကြောင်းအရာအရ အားသာချက်တွေ ရှိပါတယ်။ သို့ပေမယ့် မမြင်ရတဲ့ အကြောင်းအရာတွေ ရှိနိုင်တယ်။ အဲဒါကြောင့်မို့ စွဲချက်တင်ခံရတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
“သတင်းမီဒီယာဥပဒေက သတင်းသမားတွေကို အကာအကွယ် မပေးနိုင်ချိန်မှာ တည်ဆဲဥပဒေတွေ ရှိနေတယ်။ အဲဒီတည်ဆဲဥပဒေ တစ်ခုမဟုတ်ရင် တစ်ခုက သတင်းသမားတွေနဲ့ ငြိနိင်တယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့် ကျရှုံးလာတာဟာ ဒီနှစ်နှစ်နဲ့ သုံးနှစ်အတွင်းမှာ ဖြစ်ပါတယ်။ အကယ်၍သာ အခြားသော ကဏ္ဍနည်းတူ မီဒီယာက နိုင်ငံအတွက် အကျိုးပြုတယ်လို့ ထင်မှတ်ခံရရင် အခုလို ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။
ယခုအခါ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား စွဲချက်တင်လိုက်ပြီဖြစ်သောကြောင့် အမှုရင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ လာမည့် ဇူလိုင် ၁၆ နှင့် ၁၇ ရက်နေ့များတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား စတင်စစ်ဆေးသွားမည် ဖြစ်သည်။
၎င်းတို့နှစ်ဦးအား လွှတ်ပေးရန် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက ဆက်တိုက် တောင်းဆိုနေကြသော်လည်း ပြီးခဲ့သည့် ဇွန်လအတွင်းက ဂျပန်သတင်းဌာန NHK World နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နေသည်ဟုသာ ပြောကြားခဲ့သည်။
ထို့အပြင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ရခိုင်အရေး သတင်းယူနေစဉ် ဖမ်းဆီးခံရခြင်း မဟုတ်ဘဲ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုုးဖောက်သည့်အတွက် အဖမ်းခံရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သေးသည်။
ဥပဒေ ချိုးဖောက်ခဲ့ကြောင်း အထောက်အထားမပြနိုင်ဘဲ သတင်းထောက်များအား အချိန်ကြာမြင့်စွာ ထိန်းသိမ်းပြီး စွဲချက်တင်ခြင်းသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ၏ ကတိကဝတ် ပြုထားသော တရားဥပဒေစိုးမိုးရေးအပေါ် သံသယရှိစရာဖြစ်လာကြောင်း ရိုက်တာသတင်းဌာန၏ ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ် Stephen J. Adler က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ကြေညာချက် ထုတ်ပြန်သည်။
ဥရောပသမဂ္ဂကလည်း သတင်းထောက်နှစ်ဦးသည် လွတ်လပ်စွာပြောဆိုခွင့်အရ အလုပ်လုပ်ကိုင်ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအပေါ် တင်ထားသည့် စွဲချက်များကိုပြန်လည်ရုပ်သိမ်းပေးရန် မျှော်လင့်သည်ဟု ကြေညာသည်။
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကလည်း ရိုက်တာသတင်းထောက်များ ဖြစ်ကြသော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်ဖြင့် ဆက်လက် တရားစွဲဆိုရန် တရားရုံးက ဆုံးဖြတ်ချက် ချမှတ်လိုက်သည့်အပေါ် များစွာစိတ်ပျက်မိသည်ဟု ပြောကြားသည်။ သတင်းထောက်များ ၎င်းတို့အလုပ် ၎င်းတို့ပြန်လည်လုပ်ဆောင်နိုင်ရန်နှင့် မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းနိုင်ရန် မြန်မာအာဏာပိုင်များအနေဖြင့် ခွင့်ပြုပေးသင့်ပြီး ဆက်လက်တရားစွဲဆိုရန် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောက်အယှက်တစ်ရပ်ဖြစ်ပါသည်ဟုလည်း ပြောကြားသည်။