တပ်မတော်ဟာ မီဒီယာနဲ့ပတ်သက်လာရင် အထူးသတိထားစောင့်ကြည့်နေပြီး သူတို့ရဲ့ အဝန်းအဝိုင်းနဲ့ မီဒီယာအပေါ် ကန့်သတ်ချက်ကိုလည်း တဖြည်းဖြည်း ချဲ့လာတာ တွေ့ရပေမယ့် အခုတော့ မီဒီယာနဲ့ပတ်သက်ပြီး ဒီလိုထိလွယ်ရှလွယ်ဖြစ်လာတာ တပ်မတော်တခုတည်း မဟုတ်တော့ဘူးလို့ ပြောရမလို ဖြစ်လာပါပြီ။
မြတ်ကျော်သူ ရေးသားသည်။
မီဒီယာတွေရဲ့ ရေးသားချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်ဟာ ထိလွယ်ရှလွယ်အနေအထားမှာ ရှိနေတယ်ဆိုတာ The Voice ရဲ့ “ကျည်ထောင်စုသစ္စာ” သရော်စာဆောင်းပါးအပြီးမှာ ပိုပြီး သိသာလာခဲ့ပါတယ်။ ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး ကျေနပ်လောက်အောင် မတောင်းပန်လို့ တပ်မတော်က နာမည်ကျော် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ စွဲဆိုခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။
ဒီနောက်ပိုင်း သတင်းမီဒီယာကောင်စီနဲ့ တပ်မတော်နဲ့ တွေ့ဆုံမှုလုပ်ခဲ့တာမှာလည်း အရင်တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်ပိုင်းရာထူး အခေါ်အဝေါ်တွေနဲ့ ပတ်သက်လို့ မီဒီယာက ရေးသားမှုတွေအပေါ် ကန့်သတ်ဖို့ ကြိုးစားသလိုမျိုးပဲ ထပ်မံပြီး အခေါ်အဝေါ်ကိစ္စတွေကို ထပ်မံ ကန့်သတ်ဖို့ ပြောဆိုခဲ့ပါသေးတယ်။
မီဒီယာနဲ့ တပ်မတော်ရဲ့အကြားက ဆက်ဆံရေးကို တိုင်းတာကြည့်မယ်ဆိုရင် ဟိုးအရင်ကလို စာမျက်နှာပေါ်က ဝေဖန်သုံးသပ်တဲ့ ဆောင်းပါးတွေ တော်တော် နည်းပါးသွားတာ တွေ့ရပါတယ်။ ဒီလိုပဲ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း တပ်မတော်နဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုတာတွေ သိသိသာသာကို လျော့နည်းသွားတာ တွေ့ရပါတယ်။ တပ်မတော်ဟာ မီဒီယာနဲ့ပတ်သက်လာရင် အထူးသတိထားစောင့်ကြည့်နေပြီး သူတို့ရဲ့ အဝန်းအဝိုင်းနဲ့ မီဒီယာအပေါ် ကန့်သတ်ချက်ကိုလည်း တဖြည်းဖြည်း ချဲ့လာတာ တွေ့ရပါတယ်။
ခုတော့ မီဒီယာနဲ့ပတ်သက်ပြီး ဒီလိုထိလွယ်ရှလွယ်ဖြစ်လာတာ တပ်မတော်တခုတည်း မဟုတ်တော့ဘူးလို့ ပြောရမလို ဖြစ်လာပါပြီ။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ Eleven စီအီးအိုကို ပုဒ်မ ၆၆ (ဃ) နဲ့ စွဲဆိုပြီးနောက်ပိုင်း မီဒီယာလောကမှာရော၊ နိုင်ငံရေးလောကမှာပါ ပြောစရာဆိုစရာ၊ အငြင်းပွားစရာတွေ ရှိခဲ့ပါသေးတယ်။ အဲ့ဒီနောက် တောင်းပန်ကြေအေးမှုတွေ ရှိခဲ့ပြီးတဲ့နောက် ပိုနေမြဲ၊ ကျားနေမြဲ ဖြစ်သွားခဲ့ပေမယ့် Eleven စီအီးအိုကတော့ အမှုကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ဒါတင်မက ဦးဖြိုးမင်းသိန်းဟာ မီဒီယာအပေါ် သူ့ရဲ့ ပုဂ္ဂလိက သဘောထားအမြင်ကို ဇွန်လပထမပတ်က ပြုလုပ်ခဲ့တဲ့ တိုင်းအစိုးရ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“အလကားရလာခဲ့တဲ့ အခွင့်အရေးတွေ မဟုတ်ဘူး။ ပေးဆပ်မှုကြီးကြီးတွေနဲ့ ထောင်နှုတ်ခမ်းတွေဖြတ်ပြီး ရခဲ့တဲ့ အခြေအနေတွေ ဖြစ်ပါတယ်” လို့ လက်ရှိမီဒီယာတွေ ရပ်တည်နေနိုင်တယ်ဆိုတာ သူတို့လို နိုင်ငံရေးသမားတွေ ပေးဆပ်ခဲ့ပြီး ရရှိလာတဲ့ အကျိုးဆက်တွေ ဖြစ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။
အခုလည်း ဦးဖြိုးမင်းသိန်းဟာ သူ့အပေါ်ဝေဖန်တဲ့ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ ရိုက်တာသတင်းဌာနရဲ့ ဆောင်းပါးတပုဒ်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာကောင်စီကို တိုင်ကြားလိုက်ပြန်ပါပြီ။ Eleven ကို တရားစွဲဆိုပြီးနောက်ပိုင်း မီဒီယာနဲ့ပတ်သက်လို့ ဦးဖြိုးမင်းသိန်းရဲ့ ဒီလုပ်ရပ်ဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
အခု ရိုက်တာရဲ့ ဆောင်းပါးကိစ္စမှာတော့ လမ်းကြောင်းမှန်နဲ့ လုပ်တယ်လို့ ဆိုရမယ့်တချက်က အရင်တကြိမ် Eleven ကိစ္စတုန်းကလို တန်းပြီး တရားစွဲဆိုတာ မဟုတ်ဘဲ သတင်းမီဒီယာကောင်စီကို အရင်ဆုံး တိုင်ကြားတာ ဖြစ်ပါတယ်။
သြဂုတ် ၆ ရက်နေ့မှာ ရိုက်တာက ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါးဟာ YBS အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ဘတ်စ်ကား အသစ်တွေကို တရုတ်နိုင်ငံကနေ မှာယူ တင်သွင်းမှုအပေါ် ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး ဝေဖန်ထားပါတယ်။ အဲဒီကိစ္စကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်တွေနဲ့ အစိုးရနဲ့ကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်နေတဲ့အကြောင်းကို အခြေခံပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် တန်ဖိုးရှိ ဘတ်စ်ကားအစီး နှစ်ထောင်ကို တရုတ်နိုင်ငံမှ မှာယူတင်သွင်းခဲ့သည်။ ဓာတ်ပုံ- Ankai
သတင်းမီဒီယာကောင်စီရဲ့အတွင်းရေးမှူးဖြစ်သူ ဦးသီဟစောက “အီးမေးနဲ့ လှမ်းပြီး တိုင်တာပါ။ ဘာကြောင့် ဘယ်လို စသဖြင့် တိတိကျကျ မပါတာရယ်၊ နောက်ပြီး ပုံစံ (ခ) လို့ခေါ်တဲ့ တိုင်ကြားလွှာနဲ့ မဟုတ်တာရယ်ကြောင့် ပုံစံတကျ တိုင်ကြားဖို့အတွက် ပြန်အကြောင်းကြားလိုက်ပါတယ်” လို့ ဆိုပါတယ်။
သတင်းမီဒီယာကောင်စီအနေနဲ့ ဒီနေ့ သြဂုတ် ၁၅ ရက်နေ့ နေ့လည်က ဒီကိစ္စကို အစည်းအဝေးထိုင်ခဲ့ကြပြီး အီးမေးနဲ့ တိုင်ကြားတာမျိုးမဟုတ်ဘဲ တိုင်ကြားလွှာ ပုံစံ (ခ)နဲ့ ထပ်ပြီး ပုံစံတကျတိုင်ကြားဖို့ ဦးဖြိုးမင်းသိန်းထံကို ပြန်လည် အကြောင်းပြန်လိုက်တာပါ။
ဦးဖြိုးမင်းသိန်းရဲ့ အီးမေးထဲမှာတော့ ရိုက်တာရဲ့ ဆောင်းပါးအချက်များဟာ “မှားယွင်းစွပ်စွဲချက်များ” ဖြစ်တယ်လို့ ဆိုပြီး တိုင်ကြားထားတာဖြစ်တယ်လို့ ဦးသီဟစောက Frontier ကို ပြောပါတယ်။ ဒါပေမယ့် အကြောင်းအရာ တိတိကျကျနဲ့ ကန့်ကွက်လိုတဲ့ အချက်အလက်အပြည့်အစုံတော့ ရေးသားထားတာတော့ မရှိဘူးလို့ ဆိုပါတယ်။
ပထမတကြိမ် Eleven က စီးအီးအိုရဲ့ ရေးသားချက်တုန်းက ဒေသတွင်းနိုင်ငံတွေက တခြား စာစောင်တွေမှာ အင်္ဂလိပ်လို ဖော်ပြခဲ့ပါတယ်။ အခု ဒုတိယကိစ္စမှာလည်း ရိုက်တာသတင်းဌာနက အင်္ဂလိပ်လို ရေးသားတာကို တွေ့ရပါတယ်။ ဒီသတင်းကို နိုင်ငံတကာသတင်းမီဒီယာတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖော်ပြခဲ့တာ တွေ့ရပါတယ်။
အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် တန်ဖိုးရှိတဲ့ ဘတ်စ်ကားအစီးရေထောင်နှင့်ချီကာ တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့ရာတွင် ဥပဒေ ချိုးဖောက်သည်ဟု သက်သေအတိအကျမရှိသော်လည်း ပွင့်လင်းမြင်သာမှု ကင်းမဲ့နေတယ်လို့ ရိုက်တာရဲ့ ဆောင်းပါးမှာ ရေးသားထားတာဖြစ်ပါတယ်။ ကားတွေဟာ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်လျှင် ဈေးထက်ဝက်ခန့် သက်သာသော်လည်း အချိန်မတိုင်မီ ဟောင်းနွမ်းသွားနိုင်တယ်လို့လည်း ရေးသားထားပါတယ်။
ရိုက်တာက အင်တာဗျူးရန် တောင်းဆိုမှုတွေကို ဦးဖြိုးမင်းသိန်းက ငြင်းဆိုခဲ့တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
YBS ကိစ္စနဲ့ပတ်သက်လို့ ပြည်တွင်းက သတင်းဌာနတွေလည်း ဝေဖန်ရေးသားတာ ဖြစ်ပေမယ့် ရိုက်တာ သတင်းဌာနရဲ့ ယခုရေးသားချက်ကိုပဲ ဦးတည်တိုင်ကြားတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကိုပဲ ဧရာဝတီ (မြန်မာပိုင်း) က မြန်မာဘာသာပြန် ရည်ညွှန်းပြီး သြဂုတ် ၉ ရက်နေ့က ပြန်လည် ဖော်ပြပါသေးတယ်။
ဦးဖြိုးမင်းသိန်းရဲ့ ကိုင်တွယ်ပုံတွေကို ပြန်ကြည့်ရင် အင်္ဂလိပ်လို ရေးသားဖြန့်ဝေတဲ့ သူ့အကြောင်း ဝေဖန်ချက်ကို မြန်မာလို ရေးသားတာထက် ပိုပြီး သတိထား၊ စောင့်ကြည့်နေသလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။
အရင်က တပ်မတော်ဟာ မီဒီယာနဲ့ ပတ်သက်လာရင် ထိလွယ်၊ ရှလွယ်လို့ ဆိုရမှာ ဖြစ်ပေမယ့် အခုကတော့ ဦးဖြိုးမင်းသိန်းပါ ပါလာပြီလားလို့ ပြောရမလို ဖြစ်လာပါပြီ။
ခေါင်းစီးဓာတ်ပုံ-တေဇလှိုင်