ရန်ကုန်မြို့၊ လသာမြို့နယ်မှာ တရုတ်နှစ်သစ်ကူးပွဲကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒီနှစ်သစ်ကူးပွဲကို လသာမြို့နယ်က တရုတ်တန်းမှာ ၂၀၁၇ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ်က တတိယအကြိမ်လည်းဖြစ်ပါတယ်။
ယနေ့နံနက်ပိုင်းမှာ လမ်းမတော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်က ပွဲတော်မုဒ်ဦးကို ဦးဖြိုးမင်းသိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်အပါအဝင် တာဝန်ရှိသူတွေက အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားမှာ ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
“နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နွယ်ဖွားအားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုကလဲ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ရှိပါတယ်” လို့ သူကပြောပါတယ်။
“တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှုအတွက် One Belt & One Road ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်တွေ၊ တရုတ်-မြန်မာ စီးပွားရေးစြင်္က ံတည်ဆောက်ရေးအစီအစဉ်တွေ အားလုံးမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး နှစ်သစ်မှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပါ” လို့လည်း သူကပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ရေးသားထားပါတယ်။
တရုတ်သံအမတ်ကြီးကလည်း ပွဲတော် အထိမ်းအမှတ်အခမ်းအနားကို တစ်နှစ်ထက်တစ်နှစ် ပိုမို ကောင်းမွန်စွာ ကျင်းပနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြားပါတယ်။
“တရုတ်တန်းဟာ တစ်နှစ်ထက်တစ်နှစ် စည်ကားလာပြီး နှစ်သစ်ကူး အငွေ့အသက်တွေ တစ်နှစ်ထက် တစ်နှစ် ပိုပြီးပြည့်နှက်လာကာ လူထုအားပေးနှုန်းမှာလဲ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာပါတယ်” လို့ သူကပြောပါတယ်။
တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပမယ့် တရုတ်တန်းတစ်လျှောက် အနီရောင် မီးပုံးများ၊ မုဒ်ဦးများနဲ့ အလှဆင်ထားပြီး စတုဒိသာ ကျွေးမွေးခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် နေရာများ၊ ပြခန်းများ ထားရှိပေးထားခြင်းတို့အပြင် နင်္ဂါးနဲ့ ခြင်္သေ့အကများ၊ တရုတ်-မြန်မာ ယဉ်ကျေးမှု အကများ၊ ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မယ်လို့ ဆင်ဟွာက ရေးသားထားပါတယ်။
ယခုနှစ်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်အရ မြန်မာနိုင်ငံ ကွမ်းတုံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း၊ ရန်ကုန် ယူနန်အသင်း၊ မြန်မာနိုင်ငံဟုတ်ကျန် မျိုးနွယ်စုအသင်းချုပ်နဲ့ ရွှေသံလွင် ကုမ္ပဏီအုပ်စုတို့က ဦးစီးကျင်းပတာဖြစ်ပါတယ်။