ရန်ကုန်၊ မေ ၈
ရန်ကုန်မြစ်ကြောင်းအသုံးပြုကာ ခရီးသည်ပို့ဆောင်ပေးမည့် Water Taxi ပြေးဆွဲမှုကို လာမည့် ဇွန်လတွင် စတင်သွားနိုင်ရန် စီစဉ်ထားသည်ဟု Water Taxi ပြေးဆွဲရန် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားသည်။
ပထမဆုံးအနေဖြင့် သင်္ဘော ၁၆ စင်းမှ ၁၈ စင်းအထိ အသုံးပြုကာ လှိုင်သာယာမြို့နယ်မှ စတင်ပြီး ဗိုလ်တထောင်အထိ ပြေးဆွဲသွားမည်ဟု တင့်တင့်မြန်မာကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က မေ ၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ခရီးစဉ်ကို နံနက် ၆ နာရီတွင် စတင်ပြေးဆွဲပြီး ညနေ ၆ နာရီခွဲတွင် အဆုံးသတ်မည်ဖြစ်သည်။ သင်္ဘောတစ်စီးလျှင် မိနစ် ၂၀ ခွာကာ မောင်းနှင်ရန် သတ်မှတ်ထားပြီးဖြစ်ကာ လှိုင်သာယာမှ ဗိုလ်တထောင်အထိ လမ်းကြောင်းတစ်လျှောက်တွင် မှတ်တိုင် ရှစ်ခု သတ်မှတ်ထားသည်။
ပြေးဆွဲမည့် Water Taxi ကို သုံးမျိုးသတ်မှတ်ထားမည်ဖြစ်ရာ အကြီးဆုံးရေယာဉ်တွင် ခရီးသည် ၂၀၀၊ အလတ်တွင် ၁၆၀ နှင့် အသေးဆုံးရေယာဉ်ခရီးသည် ၆၀ ဦး တင်ဆောင်နိုင်ကြောင်း ဒေါ်တင့်တင့်လွင်က ပြောသည်။
ရန်ကုန်မြို့တွင် လူပေါင်းနှစ်သန်းခန့်သည် ကမ်းနားဘေးများတွင် နေထိုင်နေကြသည့်အတွက် ၂၀၁၇ ခုနှစ်အတွင်း တစ်နေ့လျှင် ခရီးသည်ပေါင်း ၂၀,၀၀၀ ခန့်သည် Water Taxi ကို အသုံးပြုသွားဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး ၂၀၁၈ ခုနှစ်တွင် ခရီးသည် ၁၂ သန်းအထိ သယ်ယူပို့ဆောင်ပေးနိုင်ရန် ကုမ္ပဏီက မျှော်မှန်းထားသည်။
“အကယ်၍ Water Taxi သယ်ယူပို့ဆောင်ရေးသာ လူအများကြိုက်ဖြစ်လာခဲ့ရင် ကျွန်မတို့ ဒီထက်ပိုပြီး တိုးချဲ့ သွားမှာပါ” ဟု ဒေါ်တင့်တင့်လွင်က ပြောကြားသည်။
စီးနင်းခအနေဖြင့် တစ်မှတ်တိုင်လျှင် ကျပ် ၃၀၀ သတ်မှတ်ထားကာ ခရီးစဉ်စဆုံးကို ကျပ် ၅၀၀ သတ်မှတ်ထားသည်။ လက်မှတ်များကို ငွေသားလက်ငင်းဖြင့်လည်းကောင်း၊ ကတ်များဖြင့်လည်းကောင်း၊ မိုဘိုင်းလ်အပလီကေးရှင်းဖြင့်လည်းကောင်း ရရှိနိုင်မည်ဖြစ်သည်။
Water Taxi ပြေးဆွဲရေးအတွက် ဝန်ထမ်းပေါင်း ၂၀၀ ကို အဆင်သင့်ရှိနေပြီဖြစ်ကာ ထိုဝန်ထမ်းများအားလုံးသည် မြန်မာများဖြစ်ကြသည်ဟု ဒေါ်တင့်တင့်လွင်က ပြောသည်။
ခရီးစဉ်လုံခြုံရေးအတွက် ခရီးသည်အပိုမတင်စေရန် ကန့်သတ်ထားမည်ဖြစ်ကာ ထိန်းချုပ်ရေးအတွက် စီစီတီဗီများ တပ်ဆင်ထားမည်ဖြစ်သည်။ ထို့ပြင် သင်္ဘောပေါ်တွင် ခရီးသည်များ အလွယ်တစ်ကူ စားသောက်နိုင်ရန်အတွက် စားသောက်ဆိုင်များလည်း ပါဝင်မည်ဖြစ်သည်။
16939522_268380533589541_4204376752354558586_n.jpg