ရန်ကုန်၊ ဇန်နဝါရီ ၂၆
ရန်ကုန်မြစ်ဝ အရှေ့တောင်ဘက် တစ်မိုင်ခန့်တွင် ဗီယက်နမ် ကုန်တင် သင်္ဘောတစ်စီးနစ်မြုပ်မှု ဇန်နဝါရီ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ရာ သင်္ဘောသားများကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ် ကုန်တင်သင်္ဘော M.V Thein Phu Silver သည် လမ်းသာယာ မီးပြ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာတွင် ကျောက်ချရပ်နားထားစဉ် ကျောက်မျောကာ အနီးတွင် ကျောက်ချရပ်နားထားသည့် ဆီတင်ရေယာဉ် MT Ocean Osprey ကို ဝင်ရောက်တိုက်မိခဲ့သည်။ ထိုသို့တိုက်မိပြီးနောက် ဗီယက်နမ်သင်္ဘောနစ်မြုပ်သွားခဲ့ရာ ဗီယက်နမ်လူမျိုး သင်္ဘောအမှုထမ်း ၁၄ ဦးကို ဆီတင်ရေယာဉ်က ကယ်ဆယ်ခဲ့သည်ဟု တပ်မတော် (ရေ)က သတင်းထုတ်ပြန်ခဲ့သည်။
ဆီတင်ရေယာဉ်က ကယ်ဆယ်ထားသည့် သင်္ဘောသားများကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်က ခေါ်ယူကာ နန်းသီတာဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
M.V Thein Phu Silver သည် ဗီယက်နမ်တွင် မှတ်ပုံတင်ထားသည့် တန်ချိန် ၅,၀၀၀ ခန့်ရှိ အထွေထွေ ကုန်စည်တင် သင်္ဘောဖြစ်သည်။