“ရခိုင်ပြည်နယ် အခြေအနေက ကောင်းလာဖို့ အချိန်ယူရဦးမှာပါ” ဗြိတိန်သံအမတ်ကြီး…

ယခုလကုန်တွင် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် ဗြိတိသျှသံအမတ်ကြီး မစ္စတာ အန်ဒရူး ပက်ထရစ်အား Frontier မှ ဒို့အသံအဖွဲ့သားတွေက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒို့အသံက ဝင်းဇာနည်အောင်နဲ့ ထက်ထက်နိုင်တို့နဲ့ တွေ့ဆုံစဉ်မှာ သံအမတ်ကြီးက သူမျက်မြင်ကြုံတွေခဲ့ရတဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေ၊ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ရခိုင်ပြည်နယ်ဒုက္ခသည်အရေးကိစ္စတွေကို ပြောကြားခဲ့ပါတယ်။

တာဝန်ထမ်းဆောင်ဖို့ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို စတင်ရောက်ရှိခဲ့တဲ့ သံအမတ်ကြီးက သူစတင်တာဝန် ထမ်းဆောင်စဉ်က အချိန်ထက်စာရင် လက်ရှိမှာ အခြေအနေတွေ ပိုမိုကောင်းမွန်လာတယ်လို့ ယူဆကြောင်း ဦးစွာ ပြောပြတယ်။

ယူဆပါတယ်။ ဟုတ်ပါတယ်။ တချို့ဟာတွေက ပိုကောင်းလာတယ်။ တချို့ကတော့ ပိုဆိုးသွားတယ်။ ဒါပေမယ့် အားလုံးကို ခြုံကြည့်လိုက်ရင် အခြေအနေတွေ ပိုကောင်းလာတယ်လို့ ပြောနိုင်ပါတယ်။ လွတ်လပ်မှု ပိုရှိလာတယ်။ လွတ်လွတ်လပ်လပ် ပြောနိုင်ဆိုနိုင်လာတယ်။ မီဒီယာလွတ်လပ်ခွင့် ရှိလာတယ်။ နိုင်ငံရေးအကျဉ်းသားတွေ နည်းသွားတယ်။ ဒါတွေအားလုံးက အရေးပါပါတယ်။ ရခိုင်က အခြေအနေကတော့ လွန်ခဲ့တဲ့ ငါးနှစ်ကထက် ပိုခက်ခဲသွားတာ သိသာထင်ရှားပါတယ်။ ဒါပေမယ့် အားလုံးကို ခြုံကြည့်ရင် နိုင်ငံတွင်းက လူများစုအားလုံးအတွက် အခြေအနေတွေက ပိုကောင်းလာပါတယ်။

လူ့အခွင့်အရေးအပေါ် မြန်မာပြည်ကလူတွေရဲ့ သဘောထား အမြင်တွေက ယူကေလိုနိုင်ငံက လူတွေရဲ့ အမြင်တဲ့ မတူပေမယ့် ပြောင်းလဲနေတယ်လို့ ယူဆကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ အချိန်ယူပြီး ပညာပေးရမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

လူ့အခွင့်အရေးအပေါ် မြန်မာနိုင်ငံက အမြင်တွေဟာ အခြားနိုင်ငံတွေက လူ့အခွင့်အရေးအပေါ် အမြင်နဲ့ ခြားနားနေတာ ဘာမှ အံ့သြစရာမရှိပါဘူး၊ မြန်မာနိုင်ငံမှာ အလွန်ထူးခြားတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ အဲဒီလို ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းခဲ့ရစဉ်မှာ ပညာရေးစနစ်ဟာ အတော်ယိုယွင်း ပျက်စီးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပညာရေးစနစ် ပိုမို ကောင်းမွန်လာရင် လူတွေရဲ့ လူ့အခွင့်အရေးအပေါ်အမြင်နဲ့ ခပ်ဆင်ဆင် ဖြစ်လာမယ်လို့ ထင်ပါတယ်။ လူတွေ ဒါကို ကောင်းကောင်း နားလည်မယ် ထင်ပါတယ်။ လူတွေကို စကားပြောကြည့်တော့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို သူတို့ နားလည်ကြပါတယ်။ အခုဖြစ်ပေါ်နေတဲ့ အပြောင်းအလဲဟာ ကောင်းတယ်ဆိုတာလည်း သိကြတယ်။ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး ပြဿနာအချို့ရှိနေတယ်။ ခေတ်သစ် လူ့အဖွဲ့အစည်းမှာ တိုင်းရင်းလူမျိုးစုတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အမြင်တွေဟာ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကမှာရှိတဲ့ လူတွေရဲ့ အမြင်နဲ့ အလွန်ခြားနားနေတယ်။ ဒါ့ကြောင့် ဆက်လုပ်ဖို့တော့ ရှိသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ငါးနှစ်အတွင်း များစွာပြောင်းလဲခဲ့ပါပြီလို့ ပြောနိုင်ပါတယ်။ နောက်ထပ် ငါးနှစ်၊ ၁၀ နှစ်နဲ့ နှစ် ၂၀ အတွင်းမှာ ပညာရေးစနစ် ပိုမိုကောင်းမွန်လာရင် ဒီအမြင်တွေအားလုံး ပြောင်းလဲသွားမှာပါ။

အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ တိုးတက်လာစေဖို့တော့ မြန်မာနိုင်ငံမှာ ဘာတွေ ဆက်လုပ်သင့်တယ်လို့ သံအမတ်ကြီးက ယူဆထားပါသလဲ။

အများကြီး လုပ်နိုင်သေးတယ်လို့ ထင်ပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ရင် ဒေသတွင်းမှာ မြန်မာဟာ အဆိုးဝါးဆုံးနိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာတွေ ရှိနေပါသေးတယ်။ ပြဿနာတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတွေ ပိုမိုပြုစုပြီး လူထုဆွေးနွေးပွဲတွေလုပ်ဖို့ အရေးကြီးပါတယ်။ လွှတ်တော်တွင်းမှာ ဆွေးနွေးခဲ့ကြတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေးဥပဒေ ပေါ်ပေါက်ရေးဟာ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ လူတွေရဲ့ အမူအကျင့် ပြောင်းလဲရာမှာ ဥပဒေပြဋ္ဌာန်းရေးက အဓိကမဟုတ်ပါဘူး။ ယဉ်ကျေးမှုကို ပြောင်းလဲရတာမျိုးပါ။ အရင်က လူတွေ လက်ခံထားခဲ့တဲ့ အရာတွေကို အခု လက်မခံနိုင်တော့တာတွေ ရှိတာပဲ။ ဥပမာ- ဗြိတိန်မှာ ၁၉၆၀ ပြည့်နှစ်တွေက လူတွေ လက်ခံနိုင်ခဲ့တာတွေကို အခုအနှစ် ၅၀ ကျော် ၆၀ ကြာပြီးတဲ့နောက် အခုလူတွေ အဲလိုမျိုးမလုပ်ကြတော့ပါဘူး။ အဲဒါမှားတယ်လို့ သဘောပေါက်လာကြတယ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ လိင်အကြမ်းဖက်မှုတွေကိစ္စကို လုပ်နေကြတာ။ ဒီမှာပဲ ဒါကအဓိက ပြဿနာပဲ။ ဘက်ပေါင်းစုံမှာ ဒီပြဿနာရှိတယ်။ စစ်တပ်မှာရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်မှာရော၊ ဘယ်ဘက်မှာမှ ဒီပြဿနာနဲ့ မကင်းဘူး။ တကယ်ပြောရရင် ဗြိတိသျှစစ်တပ်တွေ ပါဝင်ပတ်သက်နေတဲ့ ပဋိပက္ခတွေမှာလဲ ဒါမျိုးတွေဖြစ်နေတာပဲ။ အရေးကြီးတာက ဒါမျိုးဖြစ်လာရင် ပွင့်ပွင့်လင်းလင်း စစ်ဆေး အပြစ်ပေးဖို့ပဲ။ ဒီဘက်မှာတော့ တိုးတက်မှုမတွေ့ရသေးဘူး။ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်အချို့ ရုံးတင် စစ်ဆေးခံရတာတွေ ရှိတယ်။ ဒါပေမယ့် ဘာသံမှ မကြားရဘဲ ပြီးသွားတာတွေလဲ အများကြီးပါပဲ။ မြန်မာစစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်ပြောတာပဲ။ ဘာတွေဖြစ်သွားတယ် ဆိုတာတော့ မသိရဘူး။ စစ်ဆေးမှု ရလဒ်တွေကိုလဲ ဘာမှ မသိရဘူး။ စစ်တပ်တွင်း စစ်ဆေးမှုလုပ်တာတွေကို အပြင်က လေ့လာသူတွေ ဝင်ရောက်နားထောင်ခွင့် မပေးဘူး။ တရားခံ ဘာဖြစ်သွားလဲ မသိရဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး ပိုမိုပွင့်လင်းမှုရှိရင် ရှေ့ဆက် တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မှာပါပဲ။

သံအမတ်ကြီးဟာ ကဏ္ဍအသီးသီးက လူမှုအဖွဲ့အစည်း အတော်များများနဲ့ ပါဝင်ပတ်သက်ခဲ့တာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ လူ့အခွင့်အရေးမြှင့်တင်ရေးမှာ ပါဝင်တဲ့ သူတို့ရဲ့ အခန်းကဏ္ဍကိုလည်း သံအမတ်ကြီးက အခုလို ပြောပါတယ်။

ဒါတွေဟာ အချက်အချာကျပြီး အလွန်အရေးကြီးပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကျွန်တော်ဒီကို ရောက်လာတော့ ကျွန်တော် အလေးဂရုပြုမိခဲ့တဲ့အထဲမှာ သူတို့လည်း ပါဝင်ပါတယ်။ ဒီနိုင်ငံရဲ့ သမိုင်းကို ကျွန်တော်သိထားပါတယ်။ အလွန်ခက်ခဲခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစုတွေဟာ အလွန်တက်ကြွ လှုပ်ရှားကြတာ တွေ့ရတယ်။ လူတော်လူကောင်းတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ လူမမြင်အောင် မြေအောက်လှုပ်ရှားမှု အဖွဲ့တွေအဖြစ်ကနေ အချိန်တိုလေးအတွင်းမှာ အလွန်အရေးပါ အရာရောက်တဲ့ ပြောရေးဆိုခွင့်ရှိသူတွေ၊ သူတို့ထဲက တချို့ဟာ ရွေးကောက်ခံ လွှတ်တော်အမတ်တွေတောင် ဖြစ်ကုန်ပါတယ်။ ကျွန်တော်နဲ့ သိကျွမ်းခဲ့သူအချို့ဟာ အခုဆို လွှတ်တော်ထဲ ရောက်နေကြပါပြီ။ ဒါဟာ အလွန်ကောင်းတဲ့ အခြေအနေပါ။ ဒါပေမယ့် လွှတ်တော်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ကဏ္ဍချင်းမတူပါဘူး။ အပြောင်းအလဲကို ထောက်ခံဖို့အတွက် အရပ်ဘက် အဖွဲ့အစည်းတွေရှိနေရေးက အလွန်အရေးကြီးပါတယ်။ ဥပမ  ဒီမိုကရေစီ အလွန်ရင့်ကျက်နေတဲ့ ဗြိတိန်လိုနိုင်ငံမှာ အစိုးရ၊ မီဒီယာ၊ ပါလီမန်နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီအဖွဲ့လေးဖွဲ့ဟာ အပြောင်းအလဲကို ငြင်းခုံဆွေးနွေးကြရာမှာ အလွန် အရေးကြီးပါတယ်။ ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေ မြန်မာနိုင်ငံမှာ ဆက်လက်အားကောင်းနေမယ်လို့ ကျွန်တော် အသေအချာ မျှော်လင့်ထားပါတယ်။ နိုင်ငံခြားသံရုံးတစ်ခုအနေနှင့်လည်း အရပ်ဖက်အဖွဲ့အစည်းတွေကို တတ်နိုင်သလောက် ထောက်ခံအားပေးသွားမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးမှာ အရေးပါတဲ့ အပိုင်းတစ်ခုက လူတွေကို ပြောခွင့်ဆိုခွင့် ပေးဖို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ လအတွင်း မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ဟာ ဆိုးဆိုးဝါးဝါး ဆုတ်ယုတ်ပျက်စီးခဲ့တယ်။ သတင်းသမားတွေ ဖမ်းဆီးခံရမှုတွေ ရှိခဲ့ပါတယ်။ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုက ထင်ရှားတဲ့ သာဓကပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာကို ဖိနှိပ်ဖို့ သိသိကြီးနဲ့ ကြိုးပမ်းနေတယ်လို့ မယူဆဘူးလားဆိုတာနဲ့ ခေတ်မမီတော့တဲ့ ဥပဒေတွေ သုံးပြီး သတင်းသမားတွေကို ထောင်ချနေတာ သင့်လျော်ပါရဲ့လားဆိုတာကို သံအမတ်ကြီးက အခုလို ပြောပါတယ်။

အခြေအနေတွေ ပိုဆိုးလာတယ်ဆိုတာကို ကျွန်တော် သဘောတူပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်း ရိုက်တာသတင်းထောက် နှစ်ယောက်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပဲ။ ပြဿနာဖြစ်နေတဲ့ ပုဒ်မ ၆၆ (ဃ) ကို ပြင်ပေးဖို့လည်း ကျွန်တော်တို့ တောင်းဆိုခဲ့တာပဲ။ ဒါတွေက အရေးကြီးပါတယ်။ မီဒီယာတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ဆိုရင် ဒါတွေ ပြောင်းပစ်ဖို့လိုပါတယ်။ ဒီက အခြေအနေတွေအပေါ် သိပ်ပြင်းပြင်းထန်ထန်တော့ မပြောသင့်ဘူး။ အရှေ့တောင်အာရှက အခြားနိုင်ငံတွေရဲ့ အခြေအနေနဲ့ ယှဉ်ကြည့်ရင် မြန်မာနိုင်ငံက အခြေအနေက သူတို့ထက် ပိုသာနေပါသေးတယ်၊ တချို့ကိစ္စတွေမှာ ဟိုတုန်းက သူတို့အခြေအနေထက် ဒီမှာ အခု ပိုဆိုးနေတယ်။ ဒါပေမယ့် သူတို့က တခြားနေရာတွေမှာထက် အခြေအနေ ပိုကောင်းနေတယ်။ Frontier မဂ္ဂဇင်းထဲမှာ အလွန်အထိစေနာတဲ့ ဆောင်းပါးတွေ ကျွန်တော်ဖတ်နေရတုန်းပဲ။ ဗြိတိသျှသတင်းစာတွေထဲမှာမှ ဖတ်လို့ မရနိုင်တဲ့ အထိနာစေတဲ့ ဆောင်းပါးမျိုးတွေပါပဲ။ ခင်ဗျားတို့ မဂ္ဂဇင်းကို ဘယ်သူမှ လာပြီး မပိတ်ပါဘူး။ ဒါ့ကြောင့် ဒီမှာ အခြေအနေတွေ ကောင်းနေတုန်းပါပဲ။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်၊ လေးနှစ်အတွင်း တိုးတက်လာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရိုက်တာ ကိစ္စလို၊ ၆၆ (ဃ)လို ကိစ္စတွေကတော့ စိုးရိမ်ဖွယ် ရှိတာပေါ့လေ။

ရိုဟင်ဂျာအကြပ်အတည်းဟာ သိပ်ရှုတ်ထွေးပြီး အလွန်ထိလွယ်ရှလွယ် အခြေအနေပါ။ ရခိုင်မြောက်ပိုင်းက အပျက်အစီး မြင်ကွင်းတွေကို သံအမတ်ကြီးကိုယ်တိုင်လည်း တွေ့မြင်ခဲ့ရပါပြီ။ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေတဲ့ သိန်းနဲ့ ချီတဲ့ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေ သက်သာသွားအောင် လုပ်သင့်တာတွေကိုလည်း သံအမတ်ကြီးက အခုလို အကြံပြုခဲ့ပါတယ်။

အလွန်ခက်ခဲတဲ့ အခြေအနေပါ။ ဒီမှာ ငါးနှစ်နီးပါး နေလာခဲ့တော့ ဒီက သမိုင်းကို နားလည်ပါတယ်။ ဒီသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး လူအတော်များများနဲ့ စကားပြောကြည့်ခဲ့ဖူးပါတယ်။

ဒီသမိုင်းက အများကြီး အငြင်းပွားနေခဲ့တဲ့ သမိုင်းပါ။ အဲ့ဒီက မူဆလင်အသိုင်းအဝိုင်းကို ရိုဟင်ဂျာလို့ ခေါ်ချင်ပါတယ်။ သမိုင်းနဲ့ ပတ်သက်ပြီး သူတို့ပြောသမျှကို လက်ခံလို့ ခေါ်တာမဟုတ်ပါဘူး။ ယေဘုယျအားဖြင့်တော့ ဗြိတိန်မှာ လူတစ်စုဟာ သူတို့ကိုယ်သူတို့ တစ်စုံတစ်ခုသော အမည်နဲ့ ခေါ်ချင်တယ်ဆိုရင် ကျွန်တော်တို့ လက်ခံလိုက်ကြပြီး အဲဒီနာမည်နဲ့ပဲ ခေါ်ကြတာပါပဲ။ ရခိုင်ပြည်နယ် အခြေအနေက ကောင်းလာဖို့ အချိန်ယူရဦးမှာပါ။ ကျွန်တော့်အထင်တော့ လူအများစုဟာ လောလောဆယ်မှာ ပြန်ဝင်လာဖို့ အဆင်သင့်ဖြစ်ပုံမရသေးပါဘူး။ အစိုးရက ပြင်ဆင်မှုတွေ လုပ်ပေးခဲ့ ပါတယ်။ လက်ခံရေးစင်တာတွေ ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ လုံခြုံရေးကို စိတ်မချလို့ ပြန်လာချင်ပုံ မရကြသေးဘူး။ သူတို့ပြန်လာရင် တိုက်ခိုက်ခံရလိမ့်မယ်လို့ ယူဆနေကြတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေနဲ့အတူ ဒုက္ခသည်တွေ ပြန်လာကြရင် စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကိုလည်း ကြည့်ဖို့လိုပါမယ်။ စိတ်လုံခြုံရေး အခြေအနေပေါ့။ လူတွေ စိတ်ချလက်ချ နေနိုင်အောင် ဘာတွေပြောင်းလဲပေးဖို့လိုသလဲ။

နယ်စပ်ခြံစည်းရိုးအနီး နှစ်နိုင်ငံနယ်နိမိတ်မျဉ်းပေါ်တွင် နေထိုင်နေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

နယ်စပ်ခြံစည်းရိုးအနီး နှစ်နိုင်ငံနယ်နိမိတ်မျဉ်းပေါ်တွင် နေထိုင်နေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ခက်နေတဲ့ အချက်တစ်ခုက ဖြစ်ပျက်ခဲ့ပြီးတဲ့ အရာတွေနဲ့ပတ်သက်ပြီး မြန်မာပြည်တွင်းမှာရော အပြင်ဘက်မှာပါ အမြင်ချင်း မတူကြပါဘူး။ ဗြိတိန်က သတင်းစာတစ်စောင်ကို ဖတ်၊ နောက်မြန်မာပြည်တွင်းက သတင်းစာတွေကို ဖတ်လိုက်ရင် မတူခြားနားတဲ့အမြင်တွေ တွေ့ကြရပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတော့ မလုပ်ရသေးပါဘူး။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ထွက်လာတဲ့ သတင်းဖြစ်ရပ်တချို့ဟာ အတော် ယုံကြည်ချင်စရာကောင်းတယ်။ ဒီအငြင်းအခုံတွေရပ်သွားဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ လွတ်လပ်ပြီး ယုံကြည်လောက်တဲ့ စုံစမ်းစစ်ဆေးရေးတစ်ဖွဲ့ အဲဒီကိုသွားပြီး တူးဖော်စုံစမ်း၊ တွေ့ရှိချက်ကို တင်ပြဖော်ထုတ်ဖို့ပဲ ရှိပါတယ်။ အဲ့ဒီလို စုံစမ်းစစ်ဆေးလိုက်ရင် သံသယတွေအားလုံး ပြေပျောက်ပြီး ဘာတွေ တကယ်ဖြစ်ခဲ့တယ်ဆိုတာကို လူတွေ သိရှိလာလိမ့်မယ်။ ဒီတော့မှ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေလည်း လုံခြုံရေးစိတ်ချပြီး ပြန်လာနိုင်ကြလိမ့်မယ်။

အခုအစိုးရက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ စတင် ဆွေးနွေးနေတယ်ကြားရလို့ ကျွန်တော် သိပ်ဝမ်းသာတယ်။ ရခိုင်မြောက်ပိုင်းမှာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဘယ်ပုံ ဘယ်နည်း ပါဝင်ဆောင်ရွက်နိုင်မလဲဆိုတာတွေ ဆွေးနွေးနေကြတယ်လို့ ကြားရတယ်။ ဒီတော့မှပဲ ဒီလုပ်ငန်းစဉ်ဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်နေပါတယ်ဆိုတာ အားလုံးက လက်ခံလာကြရလိမ့်မယ်။

အကြပ်အတည်းအပေါ် ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အပေါ်၊ အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုအပေါ် သံအမတ်ကြီးရဲ့ အမြင်က…

ဗြိတိသျှအစိုးရဟာ မြန်မာအစိုးရနဲ့ အကြပ်အတည်းအပေါ် သူတို့ရဲ့ ကိုင်တွယ်ပုံကို ဝေဖန်ထားပါတယ်။ ကျွန်တော်တို့ ပြောတာတွေဟာ အမှန်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်ဒီမှာ နေတာ ငါးနှစ်နီးပါးရှိပြီဖြစ်လို့ သူမရယူထားတဲ့ ရာထူးအရ ဒေါ်စု ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးမှုတွေ၊ ဒီနိုင်ငံက လူအများအပြားရဲ့ အမြင်တွေနဲ့ လုံခြုံရေးကိစ္စတွေကို စစ်တပ်က တာဝန်ယူထားတဲ့ အချက်တွေကို ထောက်ဆပြီး တချို့အရာတွေကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝေဖန်မှုတွေကို ကျွန်တော်တို့ တော်တော်လေး သတိထားပါတယ်။ အဲဒီစစ်ဆင်ရေးတွေကို စစ်တပ်ကသာလုပ်တယ်ဆိုတယ ကျနော်တို့ အမြဲတမ်းပဲ ရှင်းရှင်းလင်းလင်းပြောပါတယ်။ တခြားအရာတွေကိုတော့ ကျွန်တော်တို့ ဒေါ်စုကိုပဲ ဝေဖန်ပါတယ်။ ဒေါ်စုထက် အဓိက ပြစ်တင်ဝေဖန်တာကတော့ စစ်တပ်လို့ပဲ ကျွန်တော် ထင်ပါတယ်။ ဒီနိုင်ငံက စစ်တပ်က ပုဂ္ဂိုလ်တွေကို ပိတ်ဆို့ဒဏ်ခတ်မှုတချို့ လုပ်မယ်လို့ အီးယူက ကြေညာခဲ့ပါတယ်။ အရပ်သားတွေကို မဟုတ်ပါဘူး။ ဒါ့ကြောင့် စစ်ဘက်နဲ့ အရပ်ဘက်ကြား ရှင်းလင်းပြတ်သားတဲ့ ခြားနားမှုတစ်ခုရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အီးယူက ပြည်သူတွေက ဒါကို နားလည်ပါတယ်။

အမှန်အတိုင်းပြောရင် ရခိုင်မှာ အများကြီးကို အာရုံစိုက်ခံနေရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက တခြားအဋိပက္ခတွေနဲ့ ဒါတွေ ပြီးဆုံးသွားဖို့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ တချို့ကို ဒို့အသံကို ပြောပြနိုင်မလား။

လွန်ခဲ့တဲ့ငါးနှစ်အတွင်း ဒီကငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျွန်တော်တို့ အတော်လေး ကူညီထားပါတယ်။ တိုးတက်မှုတချို့ ရရှိထားပါတယ်။ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ သိသာထင်ရှားတာကတော့ အခုချိန်မှာ သီးခြားစိန်ခေါ်မှုတချို့နဲ့ ရင်ဆိုင်နေရပါတယ်။ ဒီက ဆက်စပ်မှုအပြည့်အစုံကို ပြင်ပကမ္ဘာက ပြည်သူတွေ နားမလည်တာ နစ်နာတယ်လို့ ကျွန်တော် ထင်ပါတယ်။ သတင်းစာအများအပြားက ရခိုင်အရေးကို အာရုံစိုက်နေကြတယ်။ နိုင်ငံရဲ့ တခြားနေရာတွေမှာလည်း ပြဿနာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကူအညီပေးနေသလို ရခိုင်က ပြသနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကိုလည်း ကူညီနေပါတယ်။ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကလည်း အကျိုးကျေးဇူးရှိလိမ့်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူတို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းဖြစ်လာမှာဖြစ်ပြီး စေ့စပ်ညှိနိုင်းမှုကို ရှေ့တိုးလာနိုင်မှာပါ။ ဒေါ်စုက ငြိမ်းချမ်းရေးလိုချင်တယ်။ မျှတကောင်မွန်တဲ့ ဖက်ဒရယ်နိုင်ငံကြီးတစ်ခုဖြစ်ချင်တယ်ဆိုတာ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ်။ အဲဒီနေရာကို ရောက်ဖို့ကတော့ တော်တော်လေးရှုပ်ထွေးပါတယ်။ ဒါပေမဲ့ သူမ လုပ်ချင်တာ။ ကြိုးစားရယူဖို့ အများကြီး အားထည့်ထားတယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။

ပင်လုံပြည်ထောင်စုညီလာခံကို သုံးကြိမ် ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ ဒါကငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်ဆိုင်းသွားတဲ့ သဘောလား အဲဒီလိုဆိုရင် ဒါရဲ့ အကြောင်းရင်းက ဘာပါလဲ။ ဒါဟာ စစ်တပ်၊ ဒါမှမဟုတ် အစိုးရ ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပြဿနာလား။

သေချာတာကတော့ တိုးတက်မှုက မြန်ဆန်မှုမရှိပါဘူး။ အခုချိန်မှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးကို ကြည့်ရမှာ ဖြစ်တယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ သေချာတာကတော့ ကြီးမားတဲ့ အဖွဲ့အစည်းအချို့ဟာ အခုအချိန်အထိ လုပ်ငန်းစဉ်ရဲ့ အပြင်ဘက်မှာပဲ ရှိနေပါသေးတယ်။ ဒီအတွက် ဘယ်သူ့ကို အပြစ်တင်ရမယ်လို့ ကျွန်တော် မထင်တတ်ပါဘူး။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် ကျွန်တော်တို့ တော်တော်လေး စိုးရိမ်ပါတယ်။ တော်တော်လည်း ပြင်းထန်ပါတယ်။ သေချာတာက အထူးသဖြင့် ပြီးခဲ့တဲ့နှစ်က အဲဒီမှာ ကြီးမားတဲ့ စစ်ဆင်ရေးကြီးတွေ စစ်တပ်က လုပ်ပါတယ်။ ဒါပေမဲ့ ကေအိုင်အေကလည်း စစ်ဆင်ရေးတွေ လုပ်တာပါပဲ။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြောရတာခက်ပါတယ်။

အဓိကပြဿနာကတော့ နေပြည်တော်က အစိုးရကို မယုံကြည်တဲ့ ကချင်ပြည်သူတွေနဲ့ တိုက်ခိုက်မှုလို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် အပစ်ရပ်စဲတာကို သူတို့မယုံကြည်ပါဘူး။ NCA လက်မှတ်ထိုးဖို့ အတော်လေးကို ဝန်လေးပါတယ်။

ဘာ့ကြောင့် ဒါကအကြောင်းရင်းဖြစ်နေသလဲဆိုတာ တိတိကျကျ မြင်နိုင်ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ တွေ့ကြုံနေရတဲ့ ပြဿနာဇာတ်လမ်းတွေ အများကြီးကို ကျွန်တော် ကြားပါတယ်။ ပြည်သူတွေ ဘာ့ကြောင့် မယုံသင်္ကာဖြစ်လဲဆိုတာ ကျွန်တော် သိမြင်နိုင်ပါတယ်။

ပင်လုံညီလာခံမှာ ပြည်သူတွေအတွက် သဘောတူညီမှုတစ်ခုယူပြီး လူတိုင်းပါဝင်တဲ့ တိုးတက်မှုရနိုင်ရင် တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ပိုပြီးလွယ်ကူလာမှာဖြစ်သလို ငြိမ်းချမ်းရေးဟာ ပိုပြီးကောင်းမွန်လာမှပါ။ ဘာကြောင့်မဖြစ်တာ၊ လူတွေဘာ့ကြောင့် သတိထားနေသလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။

0

Tags: 

ဝင်းဇာနည်အောင်သည် ၂၀၁၁ ခုနှစ်တွင် စာနယ်ဇင်းလောကသို့ စတင်ရောက်ရှိခဲ့ပြီး ယခင်က Myanmar National Television တွင် ဒုတိယသတင်းထောက်ချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။

ထက်ထက်နိုင်သည် အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်တွင် သတင်းစာပညာ သင်ယူခဲ့ကာ မဇ္ဈိမ၊ Mandalay FM နှင့် Teen Radio တို့တွင် လုပ်ကိုင်ခဲ့ဖူးသည်။

By Win Zar Ni Aung

By Win Zar Ni Aung

Win Zar Ni Aung began her journalism career in 2011 and previously worked as deputy chief reporter at Myanmar National Television.
Share on facebook
Share on twitter
Share on email

More stories

Related stories

Latest Issue

Stories in this issue
Ahead of the vote, it’s still ‘Myanmar vs the world’
Daw Aung San Suu Kyi’s election address through state media doesn’t just present Myanmar and its government, perversely, as the real victims of the Rohingya crisis, it also contradicts what she is trying to tell the rest of the world.
Keeping the faith: Can the USDP retain its Dry Zone stronghold?
Buddhist nationalism and a focus on rural voters helped the USDP retain a rare stronghold in southern Mandalay Region, but cracks are emerging ahead of this year’s vote.

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar