ရန်ကုန်၊ ဧပြီ ၂၀
ရခိုင်ပြည်နယ် ကမ်းရိုးတန်းအလွန်တွင် ဧပြီ ၁၉ ရက်က ဒေသတွင်းဈေးတစ်ခုသို့ သွားနေသည့် လှေတစ်စင်း တိမ်းမှောက်ခဲ့ရာ ကလေးကိုးဦးအပါအဝင် အနည်းဆုံးလူ ၂၁ ဦးသေဆုံးခဲ့သည်ဟု ကုလသမဂ္ဂ၏ ပြောခွင့်ရှိသူ အမျိုးသားတစ်ဦးက ပြောကြားသည်။
လှေပေါ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများကို ထားရှိသည့် စခန်းတစ်ခုမှ ခရီးသည် ၆၀ ခန့်ကို တင်ဆောင်လာခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်များက ဖြစ်ပေါ်ခဲ့သည့် အဓိကရုန်းများကြောင့် ဘင်္ဂါလီမွတ်စလင် လူနည်းစု ထောင်ပေါင်းများစွာမှာ အိမ်ရာများ စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
“သင်္ဘောပေါ်မှာပါတဲ့ ခရီးသည်အများစုက အိမ်ရာပစ်ပြီး ပေါက်တောမြို့နယ် ဆင်တက်မော်စခန်းမှာ ထွက်ပြေး ခိုလှုံနေရသူတွေပါ”ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညိနှိုင်းရေးရုံးမှ ပြောခွင့်ရရှိသူ ပီယာရေးပေရွန်က အေအက်ဖ်ပီကို ပြောသည်။
ခွင့်ပြုချက်အရ ဈေးဝယ်ရန် စစ်တွေသို့ နေ့ခင်းဘက် ခရီးထွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ထို့အပြင် ခရီးသည်အများအပြားမှာ ပျောက်ဆုံးနေဆဲဖြစ်၍ သေဆုံးသူ အရေအတွက်မှာ မြင့်မားလာဖွယ်ရှိသည်ဟုလည်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
ပေါက်တောကို ပင်လယ်ထဲသို့ စီးဝင်သည့် မြစ်များစွာ ဝန်းရံလျက်ရှိပြီး ထိုနေရာရှိ စခန်းများမှ လူများမှာ ကမ်းရိုးတန်းပေါ်ရှိ ကီလိုမီတာ အနည်းငယ် ကွာဝေးသော စစ်တွေဈေးသို့သာ ဈေးဝယ်ရန် သွားရောက်နိုင်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာရှိတစ်ဦးကလည်း အဆိုပါ မတော်တဆမှုကို အတည်ပြု ပြောကြားခဲ့သည်။ သို့သော်လည်း သေဆုံးသူဦးရေမှာ ၁၄ ဦးသာရှိသည်ဟု ၎င်းကေ ပြောကြားခဲ့သည်။ လှိုင်းကြီးသောကြောင့် လှေနစ်မြုပ်ရခြင်းဖြစ်ပြီး ခရီးသည်များမှာ ဘင်္ဂါလီများဖြစ်သည်ဟုလည်း ၎င်းကေ ပြောသည်။
သတင်း- အေအက်ဖ်ပီ