မော်လမြိုင်၊ မတ် ၂၃
ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးမှုကို ကန့်ကွက်ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်၊ မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌကို တာဝန်ကနေ ရုပ်သိမ်းဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအောင်နိုင်ဦးကတော့ “မဖြစ်နိုင်ဘူးလို့တော့ မပြောချင်ဘူး။ ကျွန်တော့်အပေါ် အမြင်မကြည်တာကတော့ အမှန်ပဲ။ ကျွန်တော်စတဲ့ ဂယက်လို့ မြင်ကောင်းမြင်မှာပေ့ါ။ အမှန်တော့ ကျွန်တော်မစလည်း ဒီကိစ္စက ဖြစ်မှာပဲ။ ပြောချင်တာက ပေါင်းလုပ်စရာရှိလည်း လုပ်နေတာပဲ။ သဘောကွဲလွဲမှုရှိရင်လည်း ဥပဒေနဲ့အညီ ရင်ဆိုင်ရမှာပေ့ါ” လို့ ဒီသတင်းနဲ့ ပတ်သက်ပြီး တယ်လီဖုန်းက တစ်ဆင့် Frontier ကို မှတ်ချက်ပြု ပြောကြားပါတယ်။
အမည်မဖော်လိုတဲ့ ပြည်နယ်အခြေစိုက် ပါတီတွေနဲ့ အရပ်ဖက် အဖွဲ့အစည်း တာဝန်ရှိသူအချို့အပြင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်အချို့ကပါ မွန်ပြည်နယ်လွှတ်တော်ကို မနေ့က သွားရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရဲ့ ခရီးစဉ်ရဲ့ နောက်ကွယ်မှာ ဒီကိစ္စပါဝင်နေတယ်လို့ ပြောကြပေမယ့် သီးခြား အတည်ပြုချက်ကိုတော့ Frontier က မရရှိသေးပါဘူး။
ဒေါက်တာအောင်နိုင်ဦးအပါအဝင် NLD ပြည်နယ်အမတ်အချို့ကတော့ မွန်ပြည်နယ်လွှတ်တော်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေတွေကိစ္စ၊ ဒီမိုကရေစီဖက်ဒရယ်စနစ်သို့ ဦးတည်သွားနေတဲ့အကြောင်း၊ အမြင်မတူသူတွေရှိပေမယ့် မဲဆန္ဒရှင်တွေကို နားလည်သဘောပေါက်အောင် ပြောဆိုစည်းရုံးဖို့ကိစ္စတွေကိုသာ ပြောသွားခဲ့တယ် လို့ဆိုပါတယ်။
“ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ထောင်နေတဲ့အတွက် NLD နဲ့ အခြားတိုင်းရင်းသားပါတီတွေ စည်းစည်း ရုံးရုံးလုပ်ဖို့၊ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်ပေမယ့် လွှတ်တော်ထဲရောက်လာရင်တော့ ပြည်သူတွေကို အကျိုးဖြစ်မယ့် လုပ်ငန်းတွေလုပ်ဖို့ စသဖြင့်ပေ့ါ” သထုံမဲဆန္ဒနယ်အမှတ် ၂ ပြည်နယ် လွှတ်တော်အမတ် ဦးအောင်ကျော်သူက Frontier ကိုပြောပါတယ်။
ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရတော့ ဒုတိယဥက္ကဋ္ဌ တစ်ဦးကို တာဝန်က ရုပ်သိမ်းဖို့ အဆိုလွှာ တင်သွင်းလိုရင် အမတ်စုစုပေါင်းရဲ့ လေးပုံတစ်ပုံက လက်မှတ်ရေးထိုး ထောက်ခံဖို့ လိုအပ်ပါတယ်။ ဒီအဆိုကို ပြည်နယ်လွှတ်တော်အမတ် စုစုပေါင်း သုံးပုံနှစ်ပုံက ထောက်ခံမဲပေးမှသာ တာဝန်မှရုပ်သိမ်းဖို့ အရေးယူ ဆောင်ရွက်ရန်ရှိတယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ကြေညာနိုင်မှာဖြစ် ပါတယ်။
အဲဒီနောက်မှာမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ ရုပ်သိမ်းရန် အဆိုတင်သွင်းခြင်းခံရသူကိုပါ ချေပခွင့်ပေး၊ ကြားနာမှုများ ဆောင်ရွက်ပြီး အဖွဲ့ဖွဲ့သည့်အချိန်မှ တစ်လအတွင်း အစီရင်ခံစာကို သက်ဆိုင်ရာလွှတ်တော်သို့ ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တင်ပြချက်မှာ တာဝန်ကရုတ်သိမ်းဖို့အဆိုဟာ မှန်ကန်မှုမရှိဘူးလို့ ပါဝင်ရင် ဒီအဆိုနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ရန်မရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာရမှာဖြစ်ပါတယ်။
တာဝန်ရုပ်သိမ်းဖို့ အဆိုပြုချက်ဟာ မှန်ကန်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တင်ပြလာရင်တော့ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက လျှို့ဝှက်ဆန္ဒမဲပေးစေပြီး အမတ်စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံက ထောက်ခံလျှင် ဒုတိယဥက္ကဋ္ဌကို တာဝန်မှ ရုပ်သိမ်းကြောင်း ကြေညာရမှာဖြစ်ပါတယ်။
NLD က ဥက္ကဋ္ဌတာဝန်ယူထားတဲ့ လက်ရှိမွန်ပြည်နယ်လွှတ်တော်ကို NLD ပါတီဝင် ၁၉ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦး၊ မွန်အမျိုးသားပါတီဝင် နှစ်ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦး၊ တပ်မတော်သား ရှစ်ဦး စုစုပေါင်း ၃၁ ဦး နဲ့ဖွဲ့စည်းထားပါတယ်။
မွန်ပြည်နယ်လွှတ်တော်ကို NLD ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားပါတယ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး
ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ မွန်ပြည်နယ်လွှတ်တော်မှာ အံ့သြဖွယ်ရာ မဲပေးရွေးချယ်မှု တစ်ကြိမ်မြင်တွေ့ခဲ့ရဖူးပါတယ်။
အဲဒါကတော့ ရွေးကောက်ပွဲအပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေရာကနေ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ ဦးမင်းမင်းဦး (ယခုဝန်ကြီးချုပ်တာဝန်မှ နုတ်ထွက်)ရဲ့ နေရာကို ပြန်လည်ရွေးချယ်စဉ်တုန်းကပါ။
NLD အများစုကြီးစိုးတဲ့ မွန်ပြည်နယ်လွှတ်တော်ဟာ NLD အမတ်တစ်ဦးနဲ့အတူ ပါဝင်ယှဉ်ပြိုင်တဲ့ ဒေါက်တာအောင်နိုင်ဦးကို မဲအသာနဲ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း