ရန်ကုန်၊ ဧပြီ ၂၇
မကြာသေးမီက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအကြား ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတစ်ခုအနီး ကျောက်မဲမြို့နယ်တွင် မြေမြုှပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ဂျာမန် ကမ္ဘာလှည့် ခရီးသည်နှစ်ဦးနှင့် ၎င်းတို့၏ ဧည့်လမ်းညွှန် ဒဏ်ရာများရရှိခဲ့သည်ဟု တာဝန်ရှိသူများက ဧပြီ ၂၇ ရက်နေ့ကပြောသည်။
ဧပြီ ၂၆ ရက်နေ့ နံနက် အစောပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ် ကျေးလက်ဒေသတွင် မိုင်းနင်းမိခဲ့ကြကာ ဒဏ်ရာများရရှိခဲ့ပြီးနောက် အသက် ၂၄ နှစ်စီ အရွယ်ရှိ ဂျာမန်ခရီးသည်နှစ်ဦးကို အဆိုပါနေ့ ညနေပိုင်းတွင် မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ၎င်းတို့ ရရှိခဲ့သည့် ဒဏ်ရာများမှာ ပြင်းထန်မှုမရှိဟု ဒေသခံအရာရှိများက ပြောသည်။
“ဒဏ်ရာရသူတွေကို ရွာသားတွေက ဒေသခံဆေးရုံကို သယ်ပေးခဲ့ကြတာပါ။ အဲဒီကမှတဆင့် ကျွန်တော်တို့က သယ်ခဲ့တာပါ”ဟု ဒေသခံ အကူအညီပေးရေးအုပ်စု ဇီဝိတလူမှုကူညီရေးအဖွဲ့၏ ခေါင်းဆောင် ဦးတင်မောင်သိန်းက အေအက်ဖ်ပီကို ပြောသည်။ ဂျာမန်စုံတွဲသည် ဧပြီ ၂၆ ညပိုင်းက မန္တလေးဆေးရုံသို့ ရောက်ရှိခဲ့သည်။ အမျိုးသမီးခရီးသည် ဝီအက်ကေးရော့စ်လာကို လက်တွန်းလှည်းဖြင့် ခေါ်ဆောင်လာပြီး ၎င်းမျက်နှာပေါ်တွင် ပတ်တီးအနည်းငယ်စည်းထားကာ သူ၏ အဖော်ဖြစ်သူ ဖီလစ်ဇင်မန်မှာမူ ဒဏ်ရာဖြင့် လမ်းလျှောက်လာခဲ့သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
ရော့စ်လာမှာ ညာလက်နှင့် နဖူးတွင် ဒဏ်ရာများရရှိခဲ့ပြီး ဇင်မာမန်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် ၎င်းဘယ်ဘက်နားမှာ မကြားရတော့ဟု အဆိုပါဒေသရှိ စစ်ဘက်သတင်းအရင်း တစ်ဦးက ပြောကြားသည်။ ဧည့်လမ်းညွှန် စိုင်းခွန်ဦးမှာလည်း မိုင်းဆန်များ ထိခိုက်မှုကြောင့် ခြေထောက်များတွင် ဒဏ်ရာများရရှိခဲ့ကြောင်း အမည်မဖော်သည့် အဆိုပါစစ်ဘက်သတင်းရင်းမြစ်က ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် တပ်မတော်တို့ ဆယ်စုနှစ်များစွာကြာမြင့်သည့် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတွင် မြေမြုှပ်မိုင်းများမှာ ပျံ့နှံ့လျက်ရှိသည်။ မြန်မာနိုင်ငံသည် မြေမြုှပ်မိုင်းများ ဆက်လက်သုံးဆွဲနေသည့် လက်တစ်ဆုပ်စာနိုင်ငံများတွင် ပါဝင်နေသည်။
Landmine and Cluster Munition Monitor အဖွဲ့၏ ပြောကြားချက်အရ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် မိုင်းကြောင့် လူ ၄၅ ဦးခန့်သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
သတင်း- အေအက်ဖ်ပီ