အေအက်ဖ်ပီ
တောင်တန်းထူသော မြန်မာနိုင်ငံအရှေ့ပိုင်း မြေပြန့်များနှင့် အမြင့်ပိုင်းနေရာများတွင် ခရမ်းရောင်ဘိန်းခင်းများ တခေါ်တမျှော် နေရာယူထားပြီး တောင်သူများအား အခြားသီးနှံပြောင်းစိုက်ရေးအတွက် မက်လုံးများ ပေးထားသော်လည်း ဝင်ငွေကောင်းသည့် သီးနှံကို စွန့်လွှတ်ရန် ၎င်းတို့ ဆန္ဒမရှိကြပေ။
မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးနောက် ကမ္ဘာတွင် ဒုတိယမြောက် ဘိန်းအများဆုံး ထွက်ရှိရာနိုင်ငံဖြစ်ပြီး ရှမ်းပြည်နယ်မှာ ဘိန်းထုတ်လုပ်သည့် အဓိကဒေသဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်ခရီးသည်များ အရောက်အပေါက်များသည့် အင်းလေးကန်နှင့် ကီလိုမီတာ ဒါဇင်အနည်းငယ်မျှသာ ကွာဝေးသည့် ဟိုပုန်းမြို့လေးအနီး မတ်စောက်မြင့်မားသည့် တောင်တန်းပေါ်သို့ အေအက်ဖ်ပီက သွားရောက်ခဲ့သည်။
မြို့နှင့်အနီးဆုံး စိုက်ပျိုးမြေများတွင် ကော်ဖီ၊ အာလူးနှင့် ပြောင်းစိုက်ခင်းများ ရှိနေပြီး ပြန့်ကျဲနေသည့် ကျေးရွာများအတွက် အသက်သွေးကြောတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း တောင်ရိုးနှင့် တောင်စောင်းများတွင်မူ ခရမ်းရောင်ဘိန်းခင်းများ လွှမ်းခြုံထားသည်။ စိုက်ခင်းများမှာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၄၀၀ (ပေ ၈,၀၀၀) တွင် တည်ရှိနေသည်။
ပအို့နှင့် ရှမ်းမျိုးနွယ် လူနည်းစုများနေထိုင်သော အနီးဝန်းကျင်ရှိ ကျေးရွာများမှ အမျိုးသားနှင့် အမျိုးသမီးများက တရားမဝင် ဘိန်းစိုက်ခင်းများဆီသို့ နေ့စဉ်ရောက်ရှိလာကြသည်။ ထို့နောက် ၎င်းတို့က ဘိန်းသီးမှ အစေးကို သံဘူးများအတွင်း ထည့်ယူကြသည်။ ဘိန်းစေး တစ်ဘူးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ ထိရနိုင်ရာ တခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာမှ ရနိုင်သည့်အမြတ်ငွေထက် များစွာပိုလွန်နေသည်။
မူးယစ်ဆေးဝါးထုတ်လုပ်မှု အမြစ်ဖြတ်ရန် ဆုပေးဒဏ်ပေးစနစ်ဖြင့် တိုက်ဖျက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။ မူးယစ်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်များက ဟိုပုန်းမြို့နယ်ရှိ ဘိန်းစိုက်ခင်းဧက ၁,၅၀၀ ကျော်ကို ပြီးခဲ့သည့်နှစ်က ဖျက်ဆီးခဲ့သည်။
အစိုးရနှင့် အစိုးရမဟုတ်သည့် အဖွဲ့စည်းများ(အဲန်ဂျီအိုများ) က အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးရန် ဘိန်းစိုက်တောင်သူများကို မက်လုံးပေးခဲ့ကြပြီး အောင်မြင်မှုအချို့လည်း ရရှိနေသည်။ နိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုဧရိယာမှာ ၂၀၁၈ ခုနှစ်တွင် ယခင်တစ်နှစ်ကထက် ၁၀ ရာခိုင်နှုန်းကျဆင်းကာ ၃၇,၃၀၀ ဟက်တာသို့ ရောက်ရှိခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးက ထုတ်ပြန်ခဲ့သည်။
000_1d06ri.jpg
သို့သော်လည်း ထိုသို့ကျဆင်းမှုမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် မူးယစ်ဂိုဏ်းများက စိတ်ကြွဆေး၊ အထူးသဖြင့် မက်သာဖက်တမင်းဘက်သို့ အားကောင်းကောင်းဖြင့် ဦးလှည့်ခဲ့သောကြောင့် ဖြစ်သည်ဟု ကုလအေဂျင်စီက ဝန်ခံခဲ့သည်။ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဖြစ်သည့် တောင်သူအများအပြားအတွက် ၎င်းတို့စိုက်ပျိုးရမည့် သီးနှံရွေးချယ်မှုမှာ ငွေကြေးနှင့်သာ အဓိကသက်ဆိုင်နေသည်။
ကော်ဖီစိုက်ပျိုးရန် ကြိုးစားပြီးနောက် ပြီးခဲ့သည့်သုံးနှစ်က ဘိန်းကို ပြန်စိုက်ခဲ့သည်ဟု အမည်မဖော်လိုသည့် တောင်သူတစ်ဦးက ပြောသည်။ “ဒါက (ဘိန်းစိုက်တာက) ကျုပ်တို့နိုင်ငံအတွက် မကောင်းဘူးဆိုတာ သိပါတယ်” ဟု လက်ထဲတွင် ဘိန်းသီးကို ကိုင်ထားကာ ခရမ်းရောင်လွှမ်းခြုံနေသည့် တောင်စောင်းကို လှမ်းကြည့်ရင်း ၎င်းက ပြောကြားသည်။
“ဒါပေမဲ့ ကျုပ်တို့မှာ ရွေးချယ်စရာမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တခြားသီးနှံတွေစိုက်ပြီး အသက်မွေးဖို့ အလွန်ခက်တယ်”ဟု ၎င်းကဆိုသည်။
အောင်ကျော်ဦးဘာသာပြန်သည်။