နေပြည်တော်၊ ဧပြီ ၂၂
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက ကျင့်သုံးလာခဲ့တဲ့ တက်ကြွပြီး ဘက်မလိုက်တဲ့ ကြားနေနိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲမှာ မဟုတ်ပေမယ့် နည်းလမ်းအသစ်နဲ့ ချဉ်းကပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်ပါတယ်။
နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၊ လောကနတ်ခန်းမမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒအကြောင်း နိုင်ငံခြားသံတမန်တွေကိုရှင်းပြတဲ့ အခမ်းအနားမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို အခုလို ပြောလိုက်တာပါ။
“ကျွန်မတို့နိုင်ငံက ချဉ်းကပ်မှုအသစ်နဲ့ ကြိုးစားသွားမှာပါ။ မူဝါဒအသစ်မဟုတ်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ဒါ့အပြင် ကြံ့ခိုင်တဲ့ နိုင်ငံဖြစ်ရေးကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက ပြည်သူတွေ ဆက်ဆံရေးကောင်းမှ ဖြစ်မည်ဖြစ်သလို ပြည်သူတွေကလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့လည်း သူက တိုက်တွန်းတယ်။
“ပြည်သူတွေက တစ်ဦးနဲ့ တစ်ဦး သိဖို့ လိုအပ်သလို မတူညီတာတွေအတွက် သဟဇာတဖြစ်တဲ့ စိတ်ဓာတ်ရှိဖို့ လိုတယ်” လို့လည်း တွေ့ဆုံပွဲရဲ့ ကနဦး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ “မတူကွဲပြားမှုတွေကြားမှာ ညီညွတ်အောင်ဖန်တီးကြပါလို့ မပြောချင်ပါဘူး။ ဒါပေမယ့် မတူကွဲပြားမှုတွေအပေါ် လိုက်လျောညီထွေဖြစ်မယ့် အကျိုးစီးပွားကို ဖန်တီးကြရမှာပါ” လို့လည်းသူက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအထားအရ ထူးခြားတဲ့ စိန်ခေါ်မှုတွေရှိနေေပမယ့် ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာမှု၊ ချစ်ကြည်ရင်းနှီးမှုတွေကို ဒေသတွင်းသာမက တစ်ကမ္ဘာလုံးခံစားနိုင်တဲ့ အခွင့်အလမ်းအနေနဲ့ မျှော်လင့်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသေးတယ်။
အပြန်အလှန်မေးမြန်းတဲ့ အစီအစဉ်ပါပါတဲ့ အဲဒီတွေ့ဆုံပွဲရဲ့ နောက်ပိုင်းအချိန်တွေမှာတော့ မီဒီယာတွေကို သတင်းယူခွင့်မပြုတော့ပါဘူး။ ဒါကြောင့် တွေ့ဆုံမှုအပြီး ခန်းမထဲက ပြန်ထွက်လာတဲ့ ဥရောပသမဂ္ဂရဲ့ မြန်မ နိုင်ငံဆိုင်ရာ သံအမတ်ကြီး ရိုလန်ကိုဘီယာကို Frontier က မေးမြန်းခဲ့ရာမှာ သူက ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ မြန်မာနိုင်ငံမှာ အလွန်အရေးပါတဲ့အကြောင်း၊ နိုင်ငံတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြာသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၎င်းက မြန်မာနိုင်ငံကို နိုင်ငံတကာဇာတ်ခုံမှာ နေရာတစ်နေရာ ပြန်လည်ရရှိဖို့ ကူညီပ့ါမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အစိုးရသစ်နဲ့ အစိုးရအဟောင်းကြား ဆက်သွယ်ဆောင်ရွက်နိုင်မှုဆိုင်ရာ အားနည်းချက်နဲ့ အားသာချက်ကို Frontier က သုံးသပ်ခိုင်းရမှာတော့ “အစိုးရရဲ့ အလုပ်ချိန်က သိပ်မကြာသေးတဲ့အတွက် ဒီအချိန်မှာ သုံးသပ်ဖို့ ခက်ပါတယ်” လို့ ရိုလန်ကိုဘီယာက ဆိုပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို ပြည်တွင်းအခြေစိုက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သံရုံး စုစုပေါင်း ၄၆ ခု က တာဝန်ရှိသူတွေနဲ့ ပြည်ပအခြေစိုက် သံရုံး ၁၇ ခုက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်း- ဉာဏ်လှိုင်လင်း