မြတ်ကျော်သူ၊ ဟိန်းကိုစိုးနှင့် ကျော်လင်းထွန်း
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် သမ္မတဦးဝင်းမြင့်အပါအဝင် မဲဆန္ဒရှင်ထောင်ပေါင်းများစွာဟာ မဲရုံတွေကို နံနက် ၆ နာရီကနေ ညနေ ၄ နာရီအတွင်း သွားရောက်မဲပေးခဲ့ကြပါတယ်။ ပြည်တွင်း စောင့်ကြည့်ရေးအဖွဲ့တွေက မဲပေးမှုတွေမှာ ပြဿနာတစ်စုံတစ်ရာ မတွေ့ခဲ့ဘူးလို့ ပြောကြားခဲ့ကြပါတယ်။
ပြည်သူ့လွှတ်တော် လေးနေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ရှစ်နေရာ၊ စုစုပေါင်း လစ်လပ် ကိုယ်စားလှယ်နေရာ ၁၃ နေရာအတွက် မဲဆန္ဒရှင်တစ်သန်းလောက် ဆန္ဒမဲပေးခွင့် ရရှိခဲ့ကြပါတယ်။
ရန်ကုန်မှာတော့ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်က မဲရုံအမှတ်-၃ ဟာ အများစုရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ သမ္မတနဲ့ ဇနီးတို့ အဲဒီမဲရုံမှာ လာရောက်မဲပေးတာကို လူရာပေါင်းများစွာ လာရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။
တာမွေမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ မတ်လမှာ သမ္မတဖြစ်လာခဲ့ပြီးနောက် လစ်လပ်သွားတဲ့နေရာအတွက် တာမွေမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ကိုယ်စားလှယ်လောင်းဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတိုးဝင်းဟာ တာမွေဟာ အလွယ်တကူ အနိုင်ရဖွယ်ရှိနေပါတယ်။
အမေရိကန်သံအမတ်ကြီးဖြစ်သူ မစ္စတာစကော့မာဆီရယ်ဟာ အဲဒီမဲရုံကို နံနက် ၁၀ နာရီလောက်မှာ လာရောက် လေ့လာခဲ့ပါတယ်။ သူ့က ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ လေ့လာစောင့်ကြည့်သူတွေနဲ့ တွေ့ဆုံပြီးနောက် မဲပေးမှုတွေကို မိနစ် ၂၀ လောက် စောင့်ကြည့်ခဲ့ပါတယ်။
“ရွေးကောက်ပွဲကို ထောက်ခံအားပေးဖို့ ကျွန်တော်တို့ လာခဲ့တာပါ။ ပြည်သူတွေ မဲပေးနေကြတာကို တွေ့ရတာ ဝမ်းသာပါတယ်” လို့ မာဆီရယ်က Frontier ကို ပြောပါတယ်။ “ကြည့်ရတာတော့ ချောချောမွေ့မွေ့ ဖြစ်နေပါတယ်။ အခက်အခဲဘာတစ်ခုမှ မတွေ့မိဘူး” လို့လည်း သူကပြောပါတယ်။
အမေရိကန်၊ ယူနိုက်တက်ကင်းဒန်းနဲ့ ဂျပန်က ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို ရန်ကုန်က မဲရုံတွေမှာ Frontier က တွေ့ရှိခဲ့ပါတယ်။
သမ္မတဦးဝင်းမြင့် မဲလာပေးမယ့်အချိန်ကို ပြည်သူအများအပြားက နံနက်ပိုင်းကတည်းက စောင့်ဆိုင်းနေခဲ့ကြပါတယ်။ အများစုကတော့ သတင်းသမားတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် သမ္မတထံကို တိုင်စာပေးဖို့အတွက် စောင့်ဆိုင်းနေကြသူတွေလည်း ပါဝင်ပါတယ်။ တိုင်စာအများစုကတော့ မြေယာကိစ္စတွေဖြစ်တယ်လို့ သိရပြီး သူတို့က တိုင်စာတွေကို သမ္မတလက်ထဲကို တိုက်ရိုက်ပေးအပ်နိုင်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ဦးဝင်းမြင့်ဟာ မွန်းလွဲပိုင်းမှာ ရောက်ရှိလာခဲ့ပြီး စောင့်ဆိုင်းနေသူတွေကို လက်ပြနှုတ်ဆက်ကာ မဲပေးသွားခဲ့ပါတယ်။ သူက တစ်စုံတစ်ရာ ပြောကြားသွားခြင်းမရှိဘဲ တိုင်စာတွေကိုတော့ တိုင်စာလက်ခံရေးအဖွဲ့ကနေ လက်ခံခဲ့ပါတယ်။
အခုကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ စိတ်ပါဝင်စားမှုဟာ ယေဘုယျအားဖြင့် နည်းပါးပြီးတော့ တရားဝင် မဲဆွယ်စည်းရုံးကာလ နှစ်လအတွင်းမှာလည်း မဲဆွယ်မှုအနည်းငယ်သာ ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ မဲရရှိမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးစိုးထားတဲ့ ဗမာအများစု နေထိုင်တဲ့နေရာတွေအပြင် တိုင်းရင်းသားဒေသတွေအတွက်ပါ နိုင်ငံရေးအပြောင်းအလဲအတွက် တိုင်းတာနိုင်မယ့်အရာဖြစ်လာမှာ ဖြစ်ပါတယ်။
တာမွေမြို့နယ်မှာတော့ လာရောက်မဲပေးမှုဟာ အသင့်အတင့်သာ ရှိခဲ့ပါတယ်။ မဲရုံအမှတ်-၃ မှာ မဲပေးခွင့်ရှိသူ ၉၀၈ ဦးရှိတဲ့အနက် ၅၀ ရာခိုင်နှုန်းလောက်က မွန်းမလွဲခင်မှာ လာရောက်မဲပေးခဲ့ကြတယ်လို့ တာမွေမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်က ဦးသိန်းပိုင်ဦးက ပြောပါတယ်။
ဒါပေမယ့် တခြားမဲရုံတွေကို Frontier က သွားရောက်ကြည့်ရှုချိန်မှတော့ တစ်နေ့လုံးမှာ လာရောက်မဲပေးသူ အနည်းငယ်သာ တွေ့ရပါတယ်။ တာမွေမြို့နယ်မှာ မဲပေးခွင့်ရှိသူအားလုံးရဲ့ ၃၃ ရာခိုင်နှုန်းပဲ မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်က ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၃၄ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့ကြပါတယ်။
အသက် ၂၉ နှစ်အရွယ် တာမွေဒေသခံ ကိုကျော်ဇင်ထွန်းကတော့ မဲသွားမပေးခဲ့ဘူးလို့ ပြောပါတယ်။ မဲပေးလည်း ဘာမှ ထူးခြားလာမှာမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
မဲပေးခဲ့သူတွေထဲမှာတော့ NLD ထောက်ခံသူ အသက် ၅၀ နှစ်အရွယ် ဒေါ်ခင်မမလည်း ပါဝင်ပါတယ်။ “NLD ကလွဲလို့ တခြားသူတွေကို မဲပေးဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိဘူး။ ၂၀၁၅ တုန်းကလဲ NLD ပဲ ပေးခဲ့တာ။ မိသားစုထဲက မဲပေးနိုင်တဲ့ငါးယောက်လုံး ဒီနေ့ NLD ကို ထောက်ခံခဲ့ကြတယ်” လို့ သူကပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့ ရန်ကုန်က တခြားမြို့နယ်တစ်ခုဖြစ်တဲ့ ဆိပ်ကမ်းမြို့နယ်မှာလည်း အခြေအနေက သိပ်မထူးလှပါဘူး။ မဲပေးခွင့်ရှိသူ ၁,၅၀၀ လောက်ပဲရှိပြီး တစ်နိုင်ငံလုံးမှာ မဲပေးနိုင်သူအနည်းဆုံးရှိတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်တဲ့ ဆိပ်ကမ်းမှာ ၂၀၁၅ က NLD က မဲ ၅၈ ရာခိုင်နှုန်းရရှိပြီး အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အခုရွေးကောက်ပွဲမှာတော့ ပြိုင်ဘက် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားမယ့် အလားအလာတွေ ရှိနေပါတယ်။
ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှုတွေက အကြိတ်အနယ်ယှဉ်ပြိုင်ကြမယ့် တိုင်းရင်းသားဒေသတွေက ပိုမို မြင့်မားဖွယ်ရှိပါတယ်။ အထူးသဖြင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်ရဲ့သားဖြစ်သူ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရသေ့တောင် မဲဆန္ဒနယ်-၂ မှာ ဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဦးတင်မောင်ဝင်းက သူ့ဖခင်ရဲ့ ပါတီဟောင်းဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်နဲ့ ယှဉ်ပြိုင်တာဖြစ်ပြီး အနိုင်ရမယ့် အလားအလာတွေ ရှိနေပါတယ်။
ကချင်ပြည်နယ်၊ မဲဆန္ဒနယ်-၂ မှတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကချင်ဒီမိုကရက်တစ်ပါတီက ဦးဂွမ်ဂေါင်အောင်ခမ်းက ပါဝင်ယှဉ်ပြိုင်နေပါတယ်။ ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ သဘောတူထားပေမယ့် ပါတီသစ်ကို မှတ်ပုံတင်ဖို့ အချိန်မမှီတော့တာကြောင့် သူက တခြားပါတီတွေရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ ပါဝင်ယှဉ်ပြိုင်နေတာပါ။
ဒါပေမယ့် မဲဆန္ဒနယ်အတွင်းက မြစ်ကြီးနားမြို့မှာ ကချင်တိုင်းရင်းသား ၄၀ ရာခိုင်နှုန်းပဲ ရှိတဲ့အတွက် အနိုင်ရနိုင်ခြေသိပ်မရှိဘူးလို့ သူက အစောပိုင်းမှာ ပြောကြားထားပါတယ်။
မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်က အသက် ၆၀ နှစ်အရွယ် ကချင်တိုင်းရင်းသူ ဒေါ်ကိုင်ကတော့ သူမရော၊ သူမခင်ပွန်းပါ ကချင်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်းကို မဲပေးခဲ့တယ်လို့ ပြောပါတယ်။
“အကြောင်းပြချက် ထွေထွေထူးထူးတော့ မရှိပါဘူး။ နိုင်ငံရေးလည်း သိပ်ပြီး စိတ်မဝင်စားဘူး” လို့ သူမက ပြောပါတယ်။
အဲဒီမဲဆန္ဒနယ်ထဲက ခမ်နန်းကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာကြောင့် မဲမပေးခဲ့ဘူးလို့ ပြောပါတယ်။ သူ့မိသားစုလည်း မဲမပေးခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူက NLD ကိုယ်စားလှယ်လောင်းကို သဘောကျတယ်လို့ ပြောပါတယ်။