မောင်တော၊ အောက်တိုဘာ ၉
မောင်တောမြို့နယ်နှင့် ခြောက်မိုင်ခန့်အကွာ ကျီးကန်းပြင်ရွာနှင့် ငါးခူရရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ လက်နက်တိုက် ဖောက်ထွင်းလုယက်ခံရပြီးနေက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။
ပစ်ခတ်မှုများမှာ ယနေ့ နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လက်နက်တိုက်မှ လက်နက်မျိုးစုံ ၁၂၀ ခန့်ကိုလည်း လာရောက်တိုက်ခိုက်သူများက ယူဆောင်သွားသည်ဟု တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေဆုံးသူများမှာ လက်နက်တိုက်အား စောင့်ကြပ်နေသည့် နယ်ကြားစောင့် ရဲတပ်ဖွဲ့မှ တပ်ကြပ်တဦးနှင့် တပ်ဖွဲ့ဝင်တဦးဖြစ်ကာ ဒဏ်ရာရရှိသူမှာ ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်နေသည့် အရပ်သားတဦး ဖြစ်သည်။
ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် မောင်တောတွင် ပုံမှန်အားဖြင့် ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီခွဲထိ လျှပ်စစ်မီးပေးသော်လည်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်အတွက် နံနက် ၃ နာရီ ၄၅ မှ ၅ နာရီခွဲထိ လုံခြုံရေးအတွက် လျှစ်စစ်မီးပေးခဲ့သည်။
အတည်မပြုနိုင်သေးသည့် သတင်းများအရ တိုက်ခိုက်ခဲ့သူများမှာ Rohingya Solidarity Organisation (RSO) ဟုခေါ်ဆိုသည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့မှဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားကြသည်။
လာရောက်တိုက်ခိုက်သည့် RSO ဟု ယူဆရသော အဆိုပါ အဖွဲ့ဝင်များမှာမူ အနီးအနားရှိ ဘင်္ဂလီများနေထိုင်ရာ ကျေးရွာအတွင်းသို့ ဝင်ရောက်ပုန်းရှောင်သွားသည်ကို တွေ့ရသည်ဟု ကနဦးရရှိသည့်သတင်းများအရ သိရသည်။
ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မောင်တော၌ တိုက်ပွဲရပ်သွားပြီဖြစ်ကာ သတင်းများ ပြန့်နေသလို တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခြင်းမရှိတော့ဟု မောင်တောတွင် ရောက်ရှိနေသည့် Frontier သတင်းထောက်က သတင်းပေးပို့သည်။ မောင်တောတွင် ဖြစ်ခဲ့သမျှတွင် ယခုတစ်ကြိမ်က နယ်ခြားစောင့်တပ်ဖွဲ့ဋ္ဌ ဌာနချုပ်ကို ဝင်ရောက်စီးနင်းခြင်းဖြစ်ကာ လာရောက်တိုက်ခိုက်သူများက လက်နက်များလည်း ယူဆောင်သွားသည့်အတွက် ဖြစ်စဉ်ကြီးမားပြီး စိုးရိမ်ဖွယ်ဖြစ်သည်။
မောင်တောမြို့ထဲရှိ ဘင်္ဂလီပိုင် ဆိုင်များ အားလုံးနီးပါးကို ပိတ်ထားပြီး မြို့ထဲတွင် တပ်မတော်က လုံခြုံရေး ရယူထားသည်ကို တွေ့ရသည်။ သို့သော် ရဲတပ်ဖွဲ့ဝင် အင်အား အလွန်နည်းပါးနေပြီး တပ်မတော်သား အရေအတွက်လည်း နည်းပါးနေသည်ကို တွေ့ရသည်။
မောင်တောမြို့အဝင်တွင် ရဲအင်အားအနည်းငယ်သာ လုံခြုံရေးအတွက် ချထားနိုင်ပြီး မြို့အဝင်အထွက်အား စောင့်ကြပ်နေကြသည်ကို တွေ့ရသည်။
နောက်ဆုံးရသတင်းများအရ လာရောက်တိုက်ခိုက်သည့် RSO အဖွဲ့ဝင်များ ဆုတ်ခွာသွားပြီဖြစ်သော်လည်း တိုက်ခိုက်ခံခဲ့ရသည့် နယ်ခြားစောင့်တပ် ဌာနချုပ်နှင့် တစ်မိုင်ခန့်ကွာဝေးသောနေရာတွင် တိုက်ပွဲအချို့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲသို့ သွားရာလမ်းကိုလည်း လုံခြုံရေးအတွက် ပိတ်ထားသည်ဟု သိရသည်။
သတင်း-မြတ်ကျော်သူ
(နောက်ဆုံးရ သတင်းအချက်အလက်များ ထပ်မံဖြည့်စွက်ထားသည်။)
လူသူကင်းမဲ့နေသည့် မောင်တောမြို့အဝင်လမ်းအား ယနေ့နံနက် ၁၀ နာရီခွဲခန့်က တွေ့ရစဉ်။ ဓာတ်ပုံ- မြတ်ကျော်သူ